စားကျက် ရှားပါးလာခြင်းကြောင့် နွားနောက်မွေးမြူရေး ခက်ခဲလာ

 ကလေး ဇူလိုင် ၂၂

 ချင်းပြည်နယ်သည် နွားနောက်မွေးမြူခြင်း လုပ်ငန်းကို အများဆုံး လုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများမှာ အမြဲစိမ်းတောများကို ခုတ်ထွင် ရှင်းလင်း၍ ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျင့်သုံးကြခြင်း၊ ရေစီးရေလာကောင်း သည့် နေရာများနှင့် သဘာဝဆားတွင်းများကို လူတို့က ကျူးကျော် အသုံးပြုကြခြင်း စသည့်အခြေအနေများကြောင့် နွားနောက်များအတွက် စားကျက်ခင်းများ တိမ်ကော ပပျောက်လာကာ နွားနောက်ကောင်ရေ တိုးပွားမှုကို အဟန့်အတားဖြစ်လာရကြောင်း သိရသည်။

ချင်းပြည်နယ်တွင် နွားနောက်မွေးမြူသည့် မြို့ နယ်များမှာ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်များဖြစ်ကြပြီး မင်းတပ်နှင့် မတူပီမြို့တွင် နွားနောက်ကို အများဆုံးမွေးမြူကြပြီး ဟားခါးနှင့်ပလက်ဝမြို့ တို့တွင် မွေးမြူမှုအနည်းဆုံးဖြစ်သည်။

နွားနောက်ကို မွေးမြူကြရာ၌ အသားစားသုံးရန် ရည်ရွယ်ကြပြီး ချင်းတောင်ပေါ်ဒေသတွင် ယခု နွားနောက်များ လွှတ်ကျောင်းရန်နေရာကျဉ်းမြောင်းလာပြီး တောထဲတွင် လွှတ်ကျောင်းရသည့် နွားနောက်များလည်း ယခင်အတိုင်း စိတ်မချရတော့ဘဲ တစ်ဖက်နိုင်ငံတွင် ကျွဲ၊ နွား၊ နွားနောက်များ ဈေးကောင်းရလာသဖြင့် ခိုးယူဖမ်းဆီးခြင်းများလည်း ကြုံတွေ့လာရကြောင်း ဒေသခံများ
ထံမှ သိရသည်။

တောတောင်ပေါ် တင်လွှတ်ကျောင်းခြင်းမှာ ယခင်နှစ်များကဲ့သို့ အဆင်ပြေခြင်း မရှိတော့ခြင်းကြောင့်တောင်ယာစိုက်ခင်းအတွင်း ဝင်ရောက်ဖျက်ဆီးမည်ကို စိုးရိမ်ရသည့်အပြင် မသမာသူများ၏ ခိုးယူမည့်ကိုလည်း စိတ်ပူနေရကြောင်း နွားနောက်မွေးမြူသူတစ်ဦးကပြောသည်။

ထို့အပြင် နွားနောက် နှစ်နှစ်သားမှ သုံးနှစ်သားတစ်ကောင်ကို ငွေကျပ် သုံးသိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ခြောက်နှစ်သားအထက် နွားနောက်တစ်ကောင်လျှင် ငွေကျပ် လေးသိန်းမှ ခုနှစ်သိန်းဝန်း ကျင်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ နွားနောက်သား တစ်ပိဿာ ငွေကျပ် ငါးထောင် ဈေးရှိပြီး ချင်းပြည်နယ် တစ်ဝန်းလုံးတွင် နွားနောက်ကောင်ရေ ခုနစ်သောင်းကျော်ရှိမည် ဟု တီးတိန်မြို့နယ် ဆဲဇန်ကျေးရွာမှ နွားနောက်မွေးမြူရေး တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူတစ်ဦးကဆိုသည်။

၂ဝ၁၃ ခုနှစ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်းအရ ချင်းပြည်နယ်အတွင်း နွားနောက်ကောင်ရေ ၇၁၉၅၉ ကောင်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။ နွားနောက်မျိုးများ တိမ်ကောပပျောက်မှုကို ကာကွယ်ရန်လည်းကောင်း၊ နိုင်ငံတော်၏သားငါးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ နွားနောက်ကောင်ရေ တိုးပွားလာစေရေးနှင့်မိရိုး ဖလာ မွေးမြူထားသောစနစ်မှသည် စနစ်တကျထိန်းကျောင်း မွေးမြူရေး စနစ်သို့ ကူးပြောင်းလာစေရေးလုပ်ငန်းစီမံချက်များချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိသည်။

နေစု(ချင်းရိုးမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


စားကျက် ရှားပါးလာခြင်းကြောင့် နွားနောက်မွေးမြူရေး ခက်ခဲလာ  စားကျက် ရှားပါးလာခြင်းကြောင့် နွားနောက်မွေးမြူရေး ခက်ခဲလာ Reviewed by သစ်ထူးလွင် on 15:51 Rating: 5
Powered by Blogger.