ယူနတီဂျာနယ်က သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာဟာ များလွန်းကြောင်းနဲ့ ပြန်လည်သုံးသပ်ဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ မကွေးတိုင်း ပခုက္ကူမြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်ကောက်ခံပွဲမှာ ဒေသခံတစ်ဦးက ယူနတီဂျာနယ်က သတင်းထောက်တွေ ကို ထောင်ဒဏ် ၁၀ နှစ်ချခံရတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။
"ကျမအနေနဲ့တော့ ဒီထောင်ဒဏ် ၁၀ နှစ်ချတယ်ဆိုတာဆိုတာ အင်မတန်မှလည်း လွန်တယ် လို့ ကျမ ထင်ပါတယ်၊ ဒါကတော့ ကျမတို့ ဥပဒေအရ ပြန်ပြီးတော့ သုံးသပ်တာရဦးမှာပေါ့နော်၊ ကျမစိုးရိမ်တာ ဒီလိုပါ ဒီမိုကရေစီ ပြုပြင်လဲရေးကို လုပ်နေတယ်ဆိုပြီးတော့ ဒီသတင်းထောက်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ချုပ်တည်းလာတယ်ဆိုလို့ရှိရင် ကျမတို့ စဉ်းစားစရာပဲ ဒါပေမဲ့ နှိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ဆိုင်တယ်လို့ ပြောပါတယ်၊ လုံခြုံရေးနဲ့ ဆိုင်တယ်ဆိုတာကို ကျမ လက်မခံလို့တော့မဟုတ်ပါဘူး၊ ဒီမိုကရေစီစနစ်အောက်မှာဆိုရင် လုံခြုံရေးနဲ့ လွတ်လပ်ရေးနှစ်ခုဟာ ချိန်ခွင်လျှာညီမျှနေရမယ်၊ လုံခြုံရေး လုံခြုံရေးဆိုပြီးတော့ လွတ်လပ်ရေးတွေကို ကိုယ့်ကိုကန့်သတ်လို့ မဖြစ်ဘူး၊ လွတ်လပ်ရေး လွတ်လပ်ရေးဆိုပြီးတော့ လုံခြုံရေးကို လျစ်လျူရှုလို့လည်းမဖြစ်ဘူး၊ ဒီနှစ်ခုဟာ ချိန်ခွင်လျှာညီမျှနေရမယ်"
ဒါ့အပြင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွှေးကောက်ပွဲ ဖြစ်မှာ မဟုတ်သလို NLD နေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ရည်ရွယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေတာမဟုတ်ပဲ နောင်လာမယ့် မျိုးဆက်ရဲ့အနာဂဏ်အတွက် ပြင်ဆင်ချင်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တွေဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် မိမိတို့ရဲ့ရပ်တည်ချက်ကို မဲ ဆန္ဒရှင်ပြည်သူတွေသိအောင် ဖေါ်ထုတ်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း တို့ကပူးပေါင်း ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒလက်မှတ်ကောက်ခံပွဲကို မကွေးတိုင်း ပခုက္ကူမြို့ အနီးတ၀ိုက် ကဒေသခံ လူ (၁) သိန်းကျော်တက်ရောက်ခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

သတင်းထောက်တွေရဲ့ထောင်ဒဏ် များလွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Reviewed by သစ်ထူးလွင်
on
22:23
Rating: