မ.ဆ.လခေတ်မှာ ဝန်ထမ်းတွေ ‘‘ဘောက်ချာ’’နဲ့လုပ်စားကြတဲ့အကြောင်း သရော်ထားတဲ့လူပြော၊ သူပြောဇာတ်လမ်းလေးတစ်ခုပေါ်ခဲ့ဖူးပါတယ်။
တစ်နေ့မှာ ဌာနတစ်ခုကို အရေးကြီးပုဂ္ဂိုလ်တစ်ဦးရောက် လာမှာမို့ ဌာနကဝန်ထမ်းတစ်ဦး ကို အရာရှိက တစ်ပိဿာလောက် ရှိတဲ့ ကြက်တစ်ကောင်သွားဝယ် ခိုင်းလိုက်ပါတယ်။ ဝန်ထမ်းက လည်း အရာရှိလိုချင်တဲ့ ကြက်ကို ဝယ်ပြီး ပြန်ရောက်လာတော့ ကုန် ကျစရိတ်ကို ဘောက်ချာနဲ့ ပြန် တင်ပါတယ်။ အဲဒီဘောက်ချာကို အရာရှိကယူပြီးကြည့်တော့ ပထမစာကြောင်းမှာ အောက်ပါအတိုင်းတွေ့ပါတယ်။
‘‘ထမင်းဆာ.. ခေါက်ဆွဲ ကြော်ဝယ်စား’’ ဒီတော့ အရာရှိက ဝန်ထမ်းကိုမေးပါတယ်။ ထမင်း ဆာတာ ဘာလို့ခေါက်ဆွဲကြော် ဝယ်စားရတာတုံးပေါ့။ ဒီတော့ ဝန်ထမ်းက ကြက်ဝယ်သွားတဲ့ အချိန်က ထမင်းစားချိန်ဖြစ်လို့ သူအရမ်း ထမင်းဆာနေတာမို့ ထမင်းဆိုင်လိုက်ရှာပေမယ့် ထမင်းဆိုင်မတွေ့တာနဲ့ ခေါက်ဆွဲကြော်ဆိုင်ကိုဝင်ပြီး ဖြစ်သလို ခေါက်ဆွဲကြော်ပဲဝယ်စားလိုက်ရ ပါတယ်လို့ ပြန်ဖြေပါတယ်။ ဒီ တုန်းက ထမင်းဆိုင်တွေဟာ အဝ စားငါးကျပ်လောက်ပဲရှိပါတယ်။ ဒါပေမဲ့ ခေါက်ဆွဲကြော်ကတော့ ထမင်းထက်ဈေးနည်းနည်းပိုပါ တယ်။ ထားတော့။ အရာရှိက လက်ခံလိုက်ပါတယ်။ ဒါနဲ့ ဒုတိယစာကြောင်းကို ဆက်ဖတ်လိုက်ပြန်ပါတယ်။
‘‘ရေဆာ.. ဘီယာသောက်’’ ဒါတော့ နည်းနည်းလွန်လာပြီထင် ပါတယ်။ မြန်မာပြည်မှာ ရေတစ် ခွက်လောက်ကတော့ ဘယ်အိမ် ဝင်တောင်းတောင်းသောက်လို့ရ နိုင်ပါတယ်။ အိမ်တွေဝင်ပြီးရေ မတောင်းချင်လည်း လမ်းဘေးမှာ ရေအိုးစင်တွေရှိပါလျက်နဲ့ ဘယ့် နှယ် ဘီယာဝယ်သောက်ရသလဲ ပေါ့။ ဒီတော့ ဝန်ထမ်းက သူကြက်ရှာပြီးဝယ်တဲ့အချိန်က နေအရမ်းပြင်းတဲ့နေ့လယ်ချိန်ကြီးပါ။ သောက်စရာရေအိုးစင်မတွေ့တာနဲ့ ဆိုင်တစ်ဆိုင်ဝင်ပြီး ရေဝယ်တော့လည်း ရောင်းစရာရေ မရှိတာမို့ အဲဒီဆိုင်မှာအလွယ်တကူရတဲ့ ဘီယာပုလင်းကိုပဲ ရေအမှတ်နဲ့ အတင်းမျိုချခဲ့တယ်ဆိုပါတယ်။ အရာရှိက သိပ်မကျေနပ်ချင်ပေမယ့် မပြောချင်တာနဲ့ နောက်ဆုံးစာတစ်ကြောင်းကို ဖတ်လိုက်ပြန်ပါတယ်။ဒီမှာတင် အရာရှိ မျက်လုံးပြူးသွားပါတော့တယ်။
‘‘ကြက်တစ်ပိဿာ ခြောက် ထောင်ကျပ်’’ဒါကတော့ အရမ်း တရားလွန်သွားပြီထင်ပါတယ်။ အဲဒီတုန်းက ကြက်တစ်ပိဿာရဲ့ တန်ကြေးကနှစ်ရာ မကျော်ပါဘူး။ခုဟာက သုံး၊ လေး၊ ငါးရာဆိုတောင်မှ ကြားကောင်းပါသေး တယ်။ တစ်ပိဿာခြောက်ထောင် ဆိုတာကတော့ ဘာကြက်မို့လဲ ဆိုပြီး မျက်လုံးပြူးသွားပါတယ်။ ဒါပေမဲ့ အဲဒီကြက်တစ်ပိဿာ ခြောက်ထောင်ရဲ့ အောက်မှာ မှတ်ချက်ကလေးပါပါတယ်။ အဲဒီ မှာ ဘာရေးထားသလဲဆိုတော့ ‘‘မှတ်ချက်-တိုက်ကြက်’’ပါတဲ့ ခင်ဗျာ။ လက်စသတ်တော့ ရိုးရိုး ကြက်ကိုမဝယ်ဘဲ အင်မတန်တန် ဖိုးကြီးတဲ့ ‘‘တိုက်ကြက်’’ကိုမှ ကိုယ်တော်ချောက ဝယ်လာခဲ့ပေ တာကိုးလို့တွေးပြီး ဘောက်ချာကို လက်ခံလိုက်ရပါတော့တယ်တဲ့ ခင်ဗျာ။ တွေးသာကြည့်ပါတော့။‘‘ဘောက်ချာ’’သမားတွေ အဲဒီ ခေတ်က ဘယ်လောက်လုပ်စား ကြတယ်ဆိုတာကိုပါ။
နောက် ‘‘န.ဝ.တ’’ခေတ်ကို ရောက်တော့ ‘‘ဘောက်ချာ’’စား တွေပိုပြီး အလုပ်ဖြစ်လာပါတယ်။ အဲဒီခေတ်မှာပေါ်လာတဲ့ ပါးစပ် သရော်စကားတစ်ခုကတော့ သမီးရှင်တွေ သမက်ဖမ်းကြတဲ့ အကြောင်းလေးပါ။
ခေတ်အဆက်ဆက်မှာ ‘‘ဆရာဝန်’’တွေကို ‘‘ဒေါက်တာ’’ လို့ခေါ်ကြပါတယ်။ ဆရာဝန် အလုပ်ဆိုတာ မ.ဆ.လခေတ်မှာ အရမ်းဝင်ငွေကောင်းတဲ့ ပညာတတ်လူတန်းစားတစ်မျိုးပါ။ သမီးချောချောရှိတဲ့ မိဘတွေဆိုရင် ကိုယ့်မြို့ကို ဆရာဝန်တစ်ယောက်ရောက်လာပြီဆိုတာနဲ့ အတင်းဝင်မိတ်ဆက် အိမ်ကို ထမင်းစားဖိတ်ပြီး သမီးနဲ့တွေ့ပေးပါတယ်။ သမက်ဖမ်းတာပေါ့လေ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ရိုးရိုးဆရာဝန်ဘွဲ့ရရုံလောက်နဲ့ ဆေးခန်းဖွင့်ရင်ကုတဲ့လူကမရှိသလောက်ပါပဲ။ အနည်းဆုံး အထူးကုသမားတော်လောက်မှသာ ဝင်ငွေကောင်းကြလေတော့ ‘‘ဒေါက်တာ’’လောက်ကိုသမီးရှင်တွေက စိတ်မဝင်စားကြတော့ပါဘူး။
အဲဒီမှာ ‘‘ဒေါက်တာ’’ထက် ဝင်ငွေကောင်းတဲ့ သူတွေကတော့ ‘‘ဘောက်ဆာ’’လို့ခေါ်တဲ့ (ဂါလန် ၁,၆၀၀၊ ဂါလန် ၂,၄၀၀)ကား ကြီးတွေမောင်းတဲ့ ‘‘ဘောက်ဆာ မောင်းသူ’’တွေပါ။ စီမံကိန်းကြီး တွေမှာမောင်းတဲ့ ‘‘ဘောက်ဆာ’’ သမားရဲ့ဝင်ငွေဟာ အရမ်းကောင်းပါတယ်။ ကျွန်တော့် အတွေ့အကြုံအရဆို ဌာနကို "Tank"ထဲကနေပြီး စာရင်းဇယားအရအပြည့်အဝအပ်ပြီးလို့ တိုင်ကီလက်ကျန်ကို ချက်ကနေ ဖောက်ချတာတောင် ဆယ့်လေးငါးဂါလန် ကိုယ့်အတွက်ကျန်ပါတယ်။ တစ်ဂါလန်ကိုးရာ၊ တစ်ထောင်ဆိုရင်တောင်မှ တစ်ခေါက်ကို သောင်းကျော်ကျန်ပါတယ်။ တိုင်ကီက ဆီဂိတ်ပြမြားကိုပြင်ထားရင် ဒါမှမဟုတ်အလျော့တွက်နဲ့ပြန်ပေးရင်ပဲဖြစ်ဖြစ် သူ့အောက်ဆိုက်ဝင်ငွေက မနည်းပါဘူး။ ဒီတော့‘‘ဘောက်ဆာ’’သမားတွေကို သမီးရှင်တွေက သမက်ဖမ်းကြပြန်ပါတယ်။ ‘‘ဘောက်ဆာ’’ သမားတွေ အလွန်မျက်နှာပွင့်တဲ့ ခေတ်ပဲဆိုပါတော့။
နောက်ပိုင်းနည်းနည်း ရောက်လာတော့ ‘‘ဒေါက်တာ’’နဲ့ ‘‘ဘောက်ဆာ’’ထက်ပိုပြီး သမီး ရှင်တွေရဲ့ မျက်စိကျခြင်းခံရသူ တွေကတော့ ‘‘ဘောက်ချာ’’သမား တွေပါပဲ။ အရင်ခေတ်တွေတုန်း ကတော့ ဌာနဆိုင်ရာတွေမှာ လိုအပ်တဲ့အသုံးစရိတ်က သိပ်မရှိလှပါဘူး။ ဟို.. တို့တိ.. တို့တိ၊ ဒီ.. တို့တိ.. တို့တိ ဝယ်တာခြမ်းတာ ကလည်း မဖြစ်စလောက်ပါ။ ဒါပေမဲ့ နောက်ပိုင်းစီမံကိန်းဘတ် ဂျက်တွေ အများအပြားရလာ တော့ ‘‘အဝယ်တော်’’တွေပေါ်လာ ပါတယ်။ သူတို့တွေဟာ ဌာနဆိုင် ရာလူကြီးတွေနဲ့ပေါင်းပြီး လုပ်စား ကြတဲ့အခါ ‘‘ဘောက်ချာ’’ကို လိုသလိုအသုံးပြုကြပါတယ်။ ဆိုပါစို့ဈေးကွက်ထဲမှာ ‘‘တစ်ကျပ်’’ပေးဝယ်ရတဲ့ပစ္စည်းတစ်ခု ဟာ ‘‘ဘောက်ချာ’’ထဲမှာ ‘‘လေး၊ ငါးကျပ်’’ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အထက်လူကြီးက ခွင့်ပြုပြီးသားမို့တရားဝင်ပါတယ်။ ဆိုင်နာမည်၊ လိပ်စာကလည်း အမျိုးမျိုးမို့ ဘယ်သူမှလိုက်ပြီး စစ်မနေနိုင်ပါဘူး။ပြီး.. မြန်မာပြည်မှာကလည်း တစ်ဆိုင် တစ်ဈေးပုံစံမျိုးရောင်းနေကြတာမို့အပြစ်ပြောလို့မရပါဘူး။ ဒါကို အခွင့်ကောင်းယူကြတာပါ။
တစ်ခါက ကျွန်တော့်မိတ် ဆွေတစ်ယောက်ပြောပြဖူးတာ လေးတစ်ခုကတော့ သူ့ကို ပစ္စည်း တစ်မျိုး ဌာနက ဝယ်ခိုင်းလိုက်ပါ တယ်။ အနီးစပ်ဆုံးပေးဝယ်ရတဲ့ ဈေးနှုန်းကိုလည်း လူကြီးကပြော လိုက်ပါသေးတယ်။ ဒါပေမဲ့ ဈေး ကွက်ထဲကို သူရောက်သွားတော့ ဝယ်ဈေးက အများကြီးနည်းနေပါ တယ်။ ဆိုပါစို့.. ‘‘ဘောလ်’’တစ် လုံးကို စက်ရုံကသုံးထောင်လောက်နဲ့ဝယ်ခိုင်းလိုက်တာမှာ ဆိုင်တွေမှာ လိုက်မေးကြည့်တော့ အဲဒီတံဆိပ်နဲ့ပဲ တရုတ်လုပ်က တစ်ထောင်ဝန်းကျင်ပဲရှိပါတယ်။ ထိုင်ဝမ်ကလည်း အဲဒီလောက်ပါ ပဲ။ တကယ့်ဂျပန်အစစ်ကမှ နှစ် ထောင်လောက်ပဲရှိပါတယ်။ ဒါနဲ့ သူက ဂျပန် ‘‘ဘောလ်’’ကိုဝယ်လာ ပါတယ်။ ဌာနကိုရောက်လို့ ‘‘ဘောက်ချာ’’အပ်တော့ အရင် သူ့အထက်အရာရှိက ‘‘သုံးထောင်’’ နဲ့ဝယ်လာတာမို့အရာရှိက လက် မခံပါဘူး။ ဒီတော့ ‘‘သုံးထောင်’’ ပဲပြန်ပြင်ရပါတယ်။ တစ်လုံးကို တစ်ထောင် သူ့အတွက်ကျန်ပါ သတဲ့။
ဒါတောင်ဆိုင်က ၁၀ ရာခိုင်နှုန်းကော်မရှင်ပြန်ပေးတာ မပါသေးပါဘူး။ ဒီတော့ အဲဒီခေတ်မှာ ‘‘အဝယ်တော်’’ဆိုတဲ့ ဘောက်ချာသမားကို ဒေါက်တာ၊ ဘောက်ဆာသမားတွေထက် သမီးရှင်တွေက ပိုပြီး မျက်စိကျကြတာမို့ ‘‘ဒေါက်တာ’’မလိုချင်ဘူး။ ‘‘ဘောက်ဆာ’’လည်းမလိုချင် ဘူး။ ‘‘ဘောက်ချာ’’ကိုမှလိုချင်တယ်ဆိုပြီး ဖြစ်လာကြတော့တာပါ။
အဲ.. ‘‘နအဖ’’ခေတ်ကို ရောက်တော့ ဒေါက်တာ၊ ဘောက်ဆာနဲ့ ဘောက်ချာထက်ပိုပြီး ကဲတဲ့သူတွေပေါ်လာပါတော့ တယ်။ ဒါကတော့ လုပ်ပိုင်ခွင့်ပို ပြီးရကြတဲ့ အထက်အာဏာပိုင်လူကြီးဆိုသူတွေပါ။ သူတို့တွေက အရမ်းလာဘ်မြင်ပါတယ်။ ‘‘ဘောက်ဆာ’’သမားလည်း မချောင်တော့ပါဘူး။ ခွဲတမ်းကို ဝေပေးရပါတယ်။လူကြီးက အများဆုံးဆိုပါတော့ ‘‘ဘောက်ချာ’’သမားကိုလည်း သူက ကိုင်ထားပါတယ်။ စီမံကိန်းကျပြီဆိုကတည်းက သူကရာခိုင်နှုန်းနဲ့ ဖြတ်ထားလိုက်ပြီးသားပါ။ ဆိုပါစို့.. လမ်းတစ်လမ်းပြုပြင်ဖို့ ဒါမှမဟုတ် အသစ်ဖောက်ဖို့ နိုင်ငံတော်က သိန်းတစ်ထောင်ချပေးလိုက်ရင် သူက အောက်ခြေကို ချမပေးခင်ကတည်းက ရာခိုင်နှုန်းနဲ့ ဖြတ်ယူပြီးမှ လက်မှတ်ထိုးလိုက်တာပါ။ဒီလိုနဲ့ အဆင့်ဆင့် ဖြတ်ပြီးယူလိုက်ကြတာ။ တကယ် လမ်းဖောက်မယ့်အင်ဂျင်နီယာ လက်ထဲကိုရောက်တော့ သိပ်မကျန်တော့ပါဘူး။ သူကလည်း တစ်ခါဖြတ်စားထားလိုက်ပြန်တော့ လမ်းတွေဟာ ကျောက်ပါး ပါး၊ သဲပါးပါး၊ ကတ္တရာပါးပါးနဲ့ မိုးလေးတစ်ဖြိုက်၊ နှစ်ဖြိုက်ရွာလိုက်တယ်ဆိုရင်ပဲ လမ်းပျက်တော့တာပါပဲ။ ဒါနဲ့ပဲ ဘတ်ဂျက်တွေပြန်တင်လိုက်၊ ပြန်ပြင်လိုက် ပျက်လိုက်သံသရာကရုန်းမထွက်နိုင်တော့ဘဲ နိုင်ငံတော် ဘတ်ဂျက်တွေကုန်တော့တာပါပဲ။
ပြီးခဲ့တဲ့ခေတ်တစ်ခေတ်မှာ ဆိုရင် အရမ်းကိုပဲလုပ်စားလိုက် ကြတာ။ တိုင်းပြည်က အခွံသာ ဖြစ်သွားတယ်။ ဘာတစ်ခုမှ ကောင်းတာမရလိုက်ပါဘူး။ အဲဒီ ခေတ်မှာလည်း ပါးစပ်သရော် စကား ဇာတ်လမ်းလေးတစ်ပုဒ် ပေါ်လာပါသေးတယ်။ လူရွှင် တော်တွေတောင်မှ အဲဒီဇာတ် လမ်းကလေးကို တစ်ခန်းရပ်လုပ် ပြီး ပြက်လုံးထုတ်ကြတာ လူတွေ သဘောကျကြပါတယ်။
အဲဒါက ဘာလဲဆိုတော့ ရာဇဝတ်သားတစ်ယောက်ကို ဘုရင်က သေဒဏ်ချလိုက်ပါ တယ်။ ဒါပေမဲ့ ရိုးရိုးမသတ်ပါဘူး။ ဒီရာဇဝတ်သားကိုတော့ ထူးထူး ခြားခြားလေးဖြစ်အောင် ရွှေပိဿာချိန်တစ်ဆယ်ကို အရည်ဖျော်ပြီးလောင်းချသတ်ခိုင်းလိုက်တာပါ။ ဒီတော့ ဘုရင်က သူ့ ဘဏ္ဍာတိုက်ကနေပြီး ရွှေပိဿာချိန်တစ်ဆယ်ထုတ်ယူဖို့ ဘဏ္ဍာရေးဝန်ကို အမိန့်မှတ်လိုက်ပါတယ်။
ဘဏ္ဍာရေးဝန်က ရွှေတစ် ပိဿာနုတ်ထားလိုက်ပြီး အောက် ကအမတ်ကို ရွှေကိုးပိဿာ အရည်ဖျော်ပြီး လောင်းသတ်လိုက်ဖို့မှာပါတယ်။ အမတ်ကလည်း ရွှေတစ်ပိဿာ နုတ်ထားလိုက်ပါတယ်။ ဒီလိုနဲ့ အဆင့်ဆင့်ဖြတ်.. ဖြတ်ပြီးယူလိုက်ကြတာ နောက်လက်မရွံ့ အာဏာသားဆီကိုရောက်တော့ ရွှေကမကျန်တော့ပါဘူး။ ရာဇဝတ်သားကလည်း သူ့ကို ရွှေတွေအရည်ဖျော်ပြီး လောင်းသတ်စေ။ အမိန့်ချကတည်းကသေရမှာကိုမကြောက် တဲ့အပြင် ဂုဏ်ရှိတဲ့သေနည်းပဲလို့ တွေးပြီး ပျော်တောင်မှနေတဲ့သူ ပါ။ ဒါပေမဲ့ ခုတော့ သူ့ကိုသတ် မယ့်အချိန်မှာ ရွှေကမရှိတော့ပါ ဘူး။ အထက်အာဏာပိုင်အဖွဲ့လူ ကြီးတွေဖြတ်စားလိုက်လို့ ရွှေက မကျန်တော့တာမို့ နောက်ဆုံး သူ့ ကို ရွှေတွေအရည်ဖျော်ပြီးလောင်း သတ်မယ့်အစား ရေနွေးပွက်ပွက် ဆူနဲ့ လောင်းသတ်ဖို့ကြံကြပါ တော့တယ်။ ဒီတော့ ရာဇဝတ် သားက ရင်ကိုထု.. ထုပြီး ငိုလိုက် တာလေ။ သူ့အဖြစ်ဆိုးလှချည်ရဲ့ လို့ပေါ့။
ကျွန်တော်တို့ မြန်မာလူမျိုး တွေများ ဒုက္ခရောက်နေတာ တောင်မှ ရယ်စရာပြက်လုံးထုတ် နိုင်ကြတာ ပြောပါတယ်။
By ဘစံကောက်
7DAY DAILY
http://7daydaily.com/story/14497#.U7Id3rHCdnE

ဒေါက်တာရယ်၊ ဘောက်ဆာရယ်၊ ဘောက်ချာရယ် ပြီးတော့...
Reviewed by သစ်ထူးလွင်
on
09:05
Rating: