တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်တွေ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ရောက်ရှိ နေချိန်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ရှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ်မှာ အခြေစိုက်တဲ့ ခမရ ၂၄၇ နဲ့ ခမရ ၂၄၈ တပ်ရင်းက အင်အား ၁၀၀ လောက်ရှိတဲ့ အစိုးရတပ်ဖွဲ့တွေက ဇူလိုင်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ရှမ်းပြည် မြောက်ပိုင်းတပ်တွေ အခြေချ နေရာ ယူထားတဲ့ တပ်စခန်း တွေကို ၀င်ရောက် တိုက်ခိုက် နေတာဖြစ် တယ်လို့ SSPP ရှမ်းပြည် တိုးတက်ရေး ပါတီက အထွေထွေ အတွင်းရေးမှူး ဦးခွန်ဆိုင်း က အခုလို ပြောဆိုပါတယ်။
“ဖြစ်တာက ဒီလိုလေ ပန်ခုံ နဲ့ ပန်ဆယ် ကြား။ ခိုအူ နဲ့ ပန်ဆယ် ကြား၊ မနေ့က ညနေပိုင်း တစ်နာရီခွဲ ကနေ ညနေ သုံးနာရီအထိ။ နောက် ညနေ သုံးနာရီကနေ ငါးနာရီအထိက ကြိုကြား ကြိုကြား ပေါ့နော်။ ဒီနေ့ကြတော့ အစောကြီး ၆ နာရီ ၁၅ ကနေဖြစ်တယ်၊ ထိခိုက်မှုကတော့ ရှိကြတာပေါ့၊ အရပ်သားတွေ ပြောတာတော့ မနေ့ကတော့ သူတို့ဖက်က တစ်ယောက်ကတော့ ဒဏ်ရာရသွား တယ်တဲ့ ဒီနေ့ကြတော့ မသိသေးဘူး။ ပန်စယ်ရွာကို သူတို့ အဲ့ဖက်ကို ဆုတ်သွားတယ် နောက်ဆုံး အခြေအနေပေါ့ဗျား။ ကျနော်တို့ကလည်း လိုက်ပြီးတော့ မတိုက်ပါဘူး၊ သူတို့က လာတယ် တိုက်တယ်၊ ကာကွယ်တဲ့အနေနဲ့ ခုခံရတယ် ဒါပဲ ခုခံတာပဲ။”
အစိုးရတပ်တွေဟာ ဇွန်လ ၂၆ ရက်နေ့ကတည်းကစလို့ အသိပေးအကြောင်းကြားတာမရှိပဲ SSPP နယ်မြေထဲ ၀င်ရောက် တိုက်ခိုက် လာနေတာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၂၀၀ လောက် ဟာလည်း ဒုက္ခသည်တွေအဖြစ် ထွက်ပြေး ပုန်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
ဇူလိုင်လဆန်းပိုင်းက အစိုးရ ထိပ်သီးခေါင်း ဆောင်တွေနဲ့ ရှမ်းလက်နက်အဖွဲ့ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် ပစ်ခတ်မှုတွေ ထပ်မံ မဖြစ်ပွားအောင် ညွန်းကြားမှုတွေ ပေးသွားမယ်လို့ သဘောတူခဲ့ကြပေမယ့် အခုလို ၀င်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာဟာ ယုံကြည်မှု ပျက်ပြားစေနိုင်တယ်လို့ လည်း ဦးခွန်ဆိုင်း က ပြောပါတယ်။
“သူတို့က နယ်မြေစိုးမိုးရေးလို့ အကြောင်းပြတာပေါ့၊ နယ်မြေစိုးမိုးရေး အကြောင်းပြရအောင် ကျနော်တို့က အခုဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်လည်းထိုးတာ ၂ နှစ်လည်းကျော်လာပြီ အဲ့လိုနည်းနဲ့ နယ်မြေစိုးမိုးရေးဆိုပြီးမှ ၀င်ဝင်တိုက်နေလို့ကတော့ နှစ်ပေါင်း ၆၀ ကျော်ကြာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင် လွဲမှားမှုတွေဟာ ရှိပြီးတော့ ယုံကြည်မှုတွေလည်း ပျက်ပြားခဲ့ကြဦးမှာ၊ အခုလို ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှ နိုင်ငံရေး ကိစ္စကို နိုင်ငံရေးအရ ဖြေရှင်းဖို့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်သွားဖို့ ဆိုတဲ့ ကိစ္စတွေမှာ အဲ့ဒီအတွက် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ထိခိုက်စေတာပေါ့ဗျား။”
ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖောက်ဖျက်နေကြောင်း၊ အစိုးရတပ်က စစ်ကြောင်းကို အလစ်အငိုက် တိုက်ခိုက်နေကြောင်း ဖော်ပြထားပြီး အခုဖြစ်ပွားနေတဲ့ တိုက်ပွဲဟာလည်း SSPP ဖက်က စတင်တိုက်ခိုက်တာဖြစ်တယ်လို့ ရေးသား ထားကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-22/1346135

SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ (Credit: ABC) |
ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲထပ်မံဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
06:17
Rating: