မုံရွာမြို့ပေါ်တွင် ၂၄ နာရီအတွင်း လူသတ်မှု နှစ်ကြိမ်ဖြစ်ပွား

မုံရွာ ၊ ၂၀-၇-၂၀၁၄

 စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် ဇူလိုင် ၁၈ ရက်က ၂၄ နာရီ အတွင်း လူသတ်မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်မှု များသည် ဇူလိုင် ၁၈ ရက် နံနက် ၇ နာရီက မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်နှင့် ကျွဲရဲကွင်း အကြား မြို့ရှောင်လမ်း မိုင်တိုင်းအမှတ်၅/၁ နေရာတွင် အမျိုး သားတစ်ဦး မှာ ဦးခေါင်း နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ နဖူး ပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက် မျက်လုံး ညိုမည်း ဒဏ်ရာ များနှင့် နှာခေါင်း၊ ပါးစပ်များမှ သွေးထွက်ကာ သေဆုံး နေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သေဆုံး နေသူမှာ မုံရွာမြို့ အောင်ချမ်းသာ (ဇီးခြံ) ရပ်ကွက်နေ ကိုသိန်းမင်းထွန်း (ခ) မင်းမင်း (ခ) ဂျိုပဲ့ ဖြစ်ကြောင်း၊ သေဆုံးသူ၏ ဖခင် ဖြစ်သူ ဦးကံလှက ၄င်း၏သား သေဆုံး ခဲ့ရခြင်းနှင့် ပတ်သက်၍ မြို့မရဲစခန်း၌ တရားလို ပြုလုပ်၍ တိုင်တန်းခဲ့ရာ မုံရွာမြို့မ ရဲစခန်းက အမှုကြီး အမှတ်စဉ် ၄/၂ဝ၁၄(ပ) ၂၆ဝ/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၈ ရက် ည ၉ နာရီခွဲက မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက် ဗိုလ်ချုပ်လမ်း မာဃလုလင် ပန်းပုလုပ်ငန်း ဆိုင်ရှေ့ အနီးတွင် လူသတ်မှု တစ်ရပ်ထပ်မံ ဖြစ်ပွား ခဲ့သည်။ ၄င်း လူသတ်မှုတွင် သေဆုံးခဲ့သူမှာ ကိုစိုးနိုင်ဦး (ခ) အငယ်လေး ဖြစ်သည်။ ထိုသူ သေဆုံး ခဲ့ရခြင်းမှာ ယာဘက်ရင်အုံ နေရာ တွင် ချွန်ထက်သည့် အရာတစ်ခု ဖြင့် ထိုးသွင်း ခံရသည့် ဒဏ်ရာများ ဖြင့် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ၏ သူငယ်ချင်း ဖြစ်သူ ကိုသူရအောင် မှာလည်း ဝဲဘက်နံ ဘေး နေရာနှင့် ဝဲဘက်တင်ပါး နေရာ တို့တွင် ချွန်ထက်သော အရာတစ်ခု ဖြင့် ထိုးသွင်း ခံရသည့် အတွက် ဒဏ်ရာများ ရရှိကာ မုံရွာပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးဝါးများ ကုသမှု ခံယူလျက် ရှိကြောင်း မှုခင်းဆေးစာ ဌာန၏ မှတ်တမ်းများ တွင်ဖော်ပြ ထားသည်။

ထို့ကြောင့် သေဆုံးသူ ကိုစိုးနိုင်ဦး(ခ) အငယ်လေး ၏ မိခင်ဖြစ်သူ ဒေါ်စန်း က မုံရွာမြို့မ ရဲစခန်းသို့ သွားရောက် တိုင်တန်း ခဲ့သည်။ အဆိုပါ တိုင်တန်းချက်ကို မုံရွာမြို့မ ရဲစခန်း က ပြစ်မှုကြီး ဖြစ်စဉ်အမှတ် ၅/၂ဝ၁၄(ပ) ၂၆၂/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၂၆/၃ဝ၂ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၅၄)

#PyiChitThar
#Yadanarpondaily
http://pyichit-thar.blogspot.com/2014/07/blog-post_19.html


မုံရွာမြို့ပေါ်တွင် ၂၄ နာရီအတွင်း လူသတ်မှု နှစ်ကြိမ်ဖြစ်ပွား  မုံရွာမြို့ပေါ်တွင် ၂၄ နာရီအတွင်း လူသတ်မှု နှစ်ကြိမ်ဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:40 Rating: 5
Powered by Blogger.