အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်ချမ်းရေးနှင့် ဖွံဖြိုးရေး တိုးတက်ရေး အတွက် ဆွေးနွေးပွဲ ကျင်းပ

  ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ကက်သလစ်ဘုရားကျောင်းတိုက် ဓမ္မာရုံတွင် ဇူလိုင်လ ၂၁ရက်နေ့မှ ၂၃ရက်ထိကျင်းပပြုလုပ်သွားသည်။

ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ကရင်နီပြည်နယ် လူငယ်များ သမဂ္ဂအဖွဲ့တွင် တာဝန်ယူနေသော ကိုကျော်ထင်အောင်က “ ကျတော်တို့ဒေသရဲ့ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျတော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေကနေပြီးတော့ တတ်စွမ်းသမျှ ပါဝင်လိုပြီးတော့ လုပ်ကိုင်လိုတဲ့ အတွက်ကြောင့်မို့လို့ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ဆွေးနွေးပွဲ၏ ဒုတိယနေ့တွင် မော်ချီးဒေသမှ ဒေါက်တာ ကျောင်းလင်းမှ အပစ်ခတ်ရပ်စဲရေးကာလအတွင်း အစိုးရနှင့်ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရာတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် တင်ပြတောင်းဆိုထားသည့် အချက် (၂၁)ချက်အနက် သယံဇာတဆိုင်ရာအချက်ကို KNPPဘက်မှ ဘာကြောင့် ပြန်လှည်ဖြုတ်ထားခဲ့ကြောင်း မေးမြန်းခဲ့သည်။

ကယားပြည်နယ်တွင်းမှ သယံဇာတများကို ပြည်နယ်အစိုးရအနေဖြင့် စီမံအုပ်ချုပ်သွားမည်ဆိုပါက လက်ရှိခြေအနေထက်ဆိုးရွားလာနိုင်ကြောင်း၊ ဖွဲ့စည်းပုံအရ ဗဟိုအစိုးရ၏စီမံခန့်ခွဲမှုအောက်တွင် ထားရှိရမည်ဖြစ်သကဲ့သို့ ဗဟိုအစိုးရအနေဖြင့် စိတ်ရင်းစေတနာအရင်းဖြင့်လုပ်ငန်းဆောင်ရွက်ပါက လူထုအတွက် အကျိုးရှိမည်ဟုယုံကြည်သည့်အတွက် KNPPဗဟိုကော်မီဝင်တို့၏ဆုံးဖြတ်ချက်ဖြင့် ဖြုတ်ခဲ့ခြင်းဖြစ်သည်ဟ KNPPပြောခွင့်ရ ခူးဒယ်နီယာကပြန်လှည်ဖြေကြားခဲ့သည်။

ထို့ပြင် နယ်စပ်ရှိဒုက္ခသည်များ ပြည်တွင်းပြန်ပို့ရေးနှင့်ပတ်သက်ပြီး KNPP၏သဘောထား မည်ကဲ့သို့ရှိကြောင်း ကယားပြည်နယ် Women Galaxy အဖွဲ့မှ အယ်ဝါးမှမေးခွန်းမေးခဲ့ရာမှာ-

ဒုက္ခသည်များပြန်ပို့ရေး နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာအကြီးအကဲများကသာ သဘောတူထားသည့်အဆင့်မှာရှိပြီး ပြည်တွင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်မချင်း ပြန်ပို့ရေးကိစ္စကို KNPPမှကန့်ကွက်ထားမည်ဟု ခူးဒယ်နီယာမှပြန်လှည်ဖြေဆိုထားပါသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ နှစ်ဖက်သဘောတူထားသည့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee)သည်လည်း ယခုအချိန်ထိ လုပ်ငန်းအကောင်အထည်ဖော်ခြင်းမရှိသေးသည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်စောင့်ကြည့်ရေး လုပ်ငန်းများကိုလည်း ထိထိရောက်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ခံ ဆရာပလုရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူညီထားသည့်အချက်များကိုလည်း လက်တွေ့တွင် ထိထိရောက်ရောက် အကောင်အထည်ရန်လိုအပ်နေသည်ဟု ဆက်ပြောသည်။

“ အဓိကတော့ နဂိုဆွေးနွေးပီးတာဟာတွေ ဆွေးနွေးထားတာရှိတယ်အဲဒါ နှစ်ဖက်စလုံးကနေပြီးတော့ ပီပီပြင်ပြင်လုပ်ဆောင်ဖို့လိုတယ်။ သဘောတူညီချက်တွေ အစိုးရဘက်ကော လက်နက်ကိုင်အဖွဲ့တွေနဲ့ကော အမှန်တကယ်အကောင်အထည်ဖော်ဖို့လိုတယ် ဒါမှပြည်သူလူထုအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကပိုအကျိုးရှိမယ်။”

ဆွေးနွေးပွဲတွင် အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုပါဝင်လာနိုင်မည့် အခန်းကဏ္ဍများအတွက် ဆွေးနွေးသွားကြခြင်းဖြစ်ပြီး တက်ရောက်လာသည့်အဖွဲ့အစည်းများမှာ KNPP ၊ ABFDS ၊ ငြိမ်းဖောင်ဒေးရှင်း၊ ပေါင်းကူးအဖွဲ့စသည့် ပုဂ္ဂိုလ်များတက်ရောက်လာကြပြီး လူဦးရေ(၁၃၃)ဦး တက်ရောက်ခဲ့သည်ဟုသိရသည်။

ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes?fref=nf


အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်ချမ်းရေးနှင့် ဖွံဖြိုးရေး တိုးတက်ရေး အတွက် ဆွေးနွေးပွဲ ကျင်းပ   အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်ချမ်းရေးနှင့် ဖွံဖြိုးရေး တိုးတက်ရေး အတွက် ဆွေးနွေးပွဲ ကျင်းပ Reviewed by သစ်ထူးလွင် on 18:21 Rating: 5
Powered by Blogger.