ကားရပ်ရန်နေရာတွင် အရေးယူမည့် အသိပေးကြေညာချက်ထုတ်ပြန်

 ရန်ကုန် ဇူလိုင် ၁၈

 မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကားရပ်ရန် နေရာများ အတွက် အသိပေး ကြေညာချက် ဗီနိုင်းအနီ ကြီးများကို လမ်းမတော်မြို့နယ် အနော်ရထာ လမ်းမပေါ်တွင် ဖတ်ရှုရသည်ဟု လမ်းသွား လမ်းလာ တစ်ဦးမှ ဆိုသည်။

အဆိုပါ ကြေညာချက်တွင် ယာဉ်ရပ်နားရန် နေရာများ၌ ပစ္စည်းများ စုပုံ ချထားခြင်း၊ နေရာဦး ထားခြင်းများ မပြုရ၊ လိုက်နာခြင်းမရှိပါက မည်သည့် တန်ဖိုးကြီး ပစ္စည်းကိုမဆို အမှိုက်အဖြစ် သိမ်းဆည်း သွားမည့်အပြင် စည်ပင် သာယာဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

လူသွားလမ်းပလက်ဖောင်းများပေါ်တွင် အလားတူဖြစ်စဉ်အတွက် အသိပေး ကြေညာချက်များ ထုတ်ပြန်ပေးခဲ့ဖူးကြောင်း၊ ယခုအခါ ယာဉ်ရပ်နားရန်နေရာ တွင် ဈေးဆိုင်တည်ခင်း ရောင်းချမှုနှင့်ပတ်သက်၍ မဟာဗန္ဓုလလမ်းပေါ်တွင် အရေးယူခဲ့ခြင်းရှိကြောင်း၊ ယာဉ်ရပ်နားခကောက်ခံမှုမရှိသော ညနေ ၆ နာရီမှ စ၍ ယာဉ်ရပ်နားရန်နေရာများတွင် စားသောက်ဆိုင်များ ရောင်းချမှုကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းမပေါ်တွင် မြင်တွေ့ ရပြီး ကားများမှာ လမ်းမပေါ်တွင် ယခင်ကကဲ့သို့ ရပ်နေရဆဲဖြစ်ကြောင်း အိမ်စီး ကားပိုင်ရှင်တစ်ဦးက ဆိုသည်။

လူသွားလမ်းနှင့် ယာဉ်ရပ်နားရန်နေရာများအတွက် သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်နေသကဲ့သို့ နောက်ဖေးလမ်းကြားများကို ကိုယ်ပိုင်မြေသဖွယ် အသုံးချနေမှုများ၊ မိလ္လာ၊ အညစ်အကြေးအပါအဝင် အမှိုက်မျိုးစုံလွှင့်ပစ်စုပုံထား မှုများ၊ မီးစက်များချထားခြင်းတို့အတွက် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိဘဲ ခြင်များပေါက်ဖွားလျက်ရှိရာ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ပေးသင့် သည်ဟု ရန်ကုန်မြို့နေ လူအများက ဆိုသည်။

(မောင်စေအောင်)

The Mirror Daily
https://www.facebook.com/TheMirrorDaily


ကားရပ်ရန်နေရာတွင် အရေးယူမည့် အသိပေးကြေညာချက်ထုတ်ပြန်  ကားရပ်ရန်နေရာတွင် အရေးယူမည့် အသိပေးကြေညာချက်ထုတ်ပြန် Reviewed by သစ်ထူးလွင် on 15:19 Rating: 5
Powered by Blogger.