ကျွန်းစု ဇူလိုင် ၁၀ ရက်
ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စု သဲချောင်းကျေးရွာတွင် ဇူလိုင်လ(၉)ရက် ညနေ(၅) နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် အဆောက်အဦများပျက်ဆီး ရှုံးဆုံးခဲ့ကြောင်း သိရှိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)အိမ်၊ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၊ ရေကန်၊ ထမင်းချက်ဆောင်၊ ကျေးရွာအလက(တွဲ) နှစ်ထပ်ကျောင်းဆောင်၊ ဆရာ/ဆရာမများ အဆောင်၊ ကျေးရွာမီးစက်နှင့် ကျေးရွာနတ်စင် အမိုးများ လွင့်ကျပျက်ဆီးခဲ့သည်။
နေအိမ်ပြိုကျ ပျက်ဆီးရှုံးဆုံးမှုနှင့် အဆောက်အဦများ ပျက်စီးမှုများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်းနှင့် ပျက်ဆီးရှုံးဆုံးမှုကြောင့် ကျပ်သန်း(၃၀)ခန့်ရှုံးဆုံးခဲ့ကြောင်းနှင့် နေအိမ်ပြိုကျမှုဖြစ် ပွားခဲ့သော အိမ်ထောင်စုများအား ကျေးရွာရှိ ၄င်းတို့၏ ဆွေမျိုးများ နေအိမ်တွင် ပြောင်းရွေ့ နေထိုင် လျက်ရှိပြီး ပျက်ဆီးရှုံးဆုံးခဲ့သော အဆောက်အဦ များအား ပြန်လည်ပြုပြင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် အထောက်အကူပြု ကော်မတီဝင်များက စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ပြင်ထပ်အော်ကျေးရွာတွင် ညနေ(၆)နာရီက လေပြင်းတိုက်ခတ်၍ လုံးပတ်(၅)ပေ ခန့်ရှိသော ညောင်ပအောင်း သစ်ပင်လဲကျပြီး ဦးငွေစိုး၏ (၁၂×၂၀)ပေရှိ နေအိမ်အပေါ် ပြိုကျခဲ့ပြီး နေအိမ် ပြိုကျခဲ့သည်။
နေအိမ်ပြိုကျမှုကြောင့် ဦးငွေစိုး၏ ဇနီးတွင် ဦးခေါင်းနောက်စေ့၌ ပေါက်ပြဲ ဒဏ်ရာ အနည်း ငယ်ရရှိခဲ့ပြီး သေဆုံးမှု မရှိကြောင်းနှင့် (၃)သိန်းခန့် ရှုံးဆုံးခဲ့၍ မိသားစုဝင်များမှာ ကျေးရွာရှိဆွေမျိုး၏ အိမ်တွင် နေထိုင်လျက်ရှိသည်။
မအိုင်ကျေးရွာ ပထက်ကျေးရွာတွင်လည်း ဇူလိုင်လ(၁၀)ရက် နေ့လယ်(၃)နာရီခန့်က လေပြင်း တိုက်ခတ်၍ အောင်မြတ်ဖြိုး ငါးမုန့်ကြိတ် စက်ရုံအနီးရှိ လုံးပတ်(၆)ပေခန့်ရှိသော သရက်ပင်လဲကျပြီး (၄၀×၃၀)ပေ အဆောက်အဦပေါ်သို့ ပြိုကျပျက်စီးခဲ့သည်။
သစ်ပင်လဲကျချိန်တွင် သရက်ပင်အနီးတွင် ဆော့ကစားနေသော ကလေးငယ်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူ(၃)ဦးအား မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် ညနေ(၅)နာရီခန့်တွင် မောင်ပြည့်စုံဦးမှာ ရရှိလာသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ကျွန်းစုမြို့နယ် ကျေးရွာများတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ်၊ အဆောက်အဦများ ပြိုကျပျက်ဆီး
Reviewed by သစ်ထူးလွင်
on
17:43
Rating: