စည်းကမ်းမဲ့ ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူမည်

 မြန်မာနိုင်ငံ တစ်ဝန်း၌ ယာဉ်မောင်းသူများ ၎င်းတို့၏ မော်တော်ယာဉ်များကို စည်းကမ်းရှိစွာ မောင်းနှင် သွားလာစေလိုသည့် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ စည်းမျဉ်း စည်းကမ်းများ ချမှတ်ကာ အသိပညာ ပေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက် ရှိသော်လည်း ရန်ကုန်၊ မန္တလေးစသည့် မော်တော်ယာဉ် ထူထပ်သည့် မြို့ကြီးများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဖောက်ဖျက်ကာ မောင်းနှင် သွားလာခြင်း၊ ယာဉ်ရပ်နားခြင်းများကို တွေ့မြင်နေရဆဲ ဖြစ်သည့် အတွက် ယခုလ ၁၁ ရက်မှ စတင်ကာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ အရေးယူ ဆောင်ရွက်ရာတွင် မြန်နှုန်း သတ်မှတ်ချက် မလိုက်နာဘဲ အရှိန်မြှင့် မောင်းခြင်း၊ အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်ခြင်း၊ အချက်ပြ မီးများကို မလိုက်နာခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ လမ်းပြောင်းပြန် မောင်းခြင်း၊ ဟွန်းရှည်တီး မောင်းနှင်ခြင်း၊ ယာဉ်မရပ်ရ သတ်မှတ်ထားသော နေရာများတွင် ယာဉ်ရပ်နားခြင်း မော်တော်ယာဉ်ကို မှတ်ပုံ မတင်ထားခြင်းနှင့် လိုင်းဆွဲနေသော ယာဉ်များ အနေဖြင့် မ-ထ-သ (ဗဟို)မှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား ဖောက်ဖျက်ခြင်း စသည်တို့ကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက စောင့်ကြည့် ဖမ်းဆီးကာ ဒဏ်ငွေများ ချမှတ်မည့် အပြင် ယာဉ်မောင်း လိုင်စင်ကိုလည်း အချိန် အတိုင်းအတာ တစ်ခုအထိ ယာယီ ပိတ်သိမ်းရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းထားမည့် အချိန်ကာလကို သတ်မှတ်ရာတွင်လည်း ယခင်အရေးယူ ခံခဲ့ရသည့် အကြိမ် အရေအတွက်ပေါ် မူတည်ပြီး အချိန်သုံးလမှ လေးနှစ်အထိ ယာယီ ပိတ်သိမ်းကာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

https://www.facebook.com/mwdmedia


စည်းကမ်းမဲ့ ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူမည်  စည်းကမ်းမဲ့ ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူမည် Reviewed by သစ်ထူးလွင် on 17:10 Rating: 5
Powered by Blogger.