စဥ့်ကိုင် ဇူလိုင် ၂၆
စဥ့်ကိုင်မြို့ အခြေခံ ပညာ အထက်တန်း ကျောင်းတွင် တက်ရောက် သင်ကြား လျက်ရှိသော ကျောင်းသား ကျောင်း သူများ ကျောင်းသွား ကျောင်း ပြန် အချိန်တွင် မြို့လယ်လမ်း မကြီးကို အဓိကထား သွားလာ လျက် ရှိ သော ကြောင့် ဆိုင်ကယ်၊ ကားစီးနင်း မောင်း နှင်သူများ အနေဖြင့် အန္တရာယ်ကင်း ရှင်းစေ ရန် အတွက် ဖြည်းညင်းစွာ မောင်းနှင်ရန် ကျောင်းသား မိဘများက လိုလား လျက်ရှိကြောင်း သိရသည်။
စဥ့်ကိုင်အထကတွင် ကျောင်းတက်နေသော ကျောင်းသား ကျောင်းသူများ သည် စက်ဘီးကိုသာ အားကိုးပြီး ကျောင်းတက်နေရခြင်း နှင့် ကျောင်းသား ကျောင်းသူများသည် ငယ်ရွယ်လွန်းသဖြင့် ယာဉ်အန္တရာယ် စိုးရိမ်ရမှုကို ''ကျောင်းဆင်းကျောင်းတက်ချိန်တွေဆို ကျောင်းသားတွေ၊ လမ်းအသုံးပြုသူတွေနဲ့ လမ်းကရှုပ်နေတယ်၊ ကျောင်းသားတွေက ငယ်ငယ်လေးတွေရယ်၊ စက်ဘီးကို မနိုင်တနိုင်စီးနေရတာ၊ အဲဒီလိုမျိုး အချိန်ဆို လမ်းအသုံးပြုသူ ဆိုင်ကယ် သမားတွေ၊ ကားမောင်းတဲ့သူတွေက ဖြည်းဖြည်းမောင်းဖို့ ကောင်းတယ်၊ တိုက်လိုက်ရင် ကျောင်းသားတွေ အတွက် အရမ်းနစ်နာမှာ၊ လမ်းမှာ တာဝန်ရှိသူတွေအနေနဲ့ ကျောင်းဆင်း ကျောင်းတက်ချိန် ဖြည်းဖြည်း မောင်းဖို့ သတိပေးနှိုးဆော်ဆိုင်းဘုတ်တွေ ကပ်ထားသင့်တယ်''ဟု အဆိုပါ လမ်းမကြီးဘေးတွင် နေထိုင်သော နေ့စဉ်မြင်တွေ့နေရသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ကျောင်းသား ကျောင်းသူများသည် ကျောင်းဆင်းချိန်တွင် အိမ်အမြန်ပြန် ရောက်ရေးကိုသာ အဓိကထားပြီးလမ်းလုံးပြည့်နီးပါး စက်ဘီးနင်း သွားလာလျက် ရှိသောကြောင့် ယာဉ်အန္တရာယ် ဖြစ်မှုများကိုလည်း ''ကျွန်တော့်သမီး ဟိုတစ်လောက ဆိုင်ကယ်သမားနဲ့ ကပ်ချိတ်သွားတာ၊ အိမ်ပြန်ရောက်တော့ လက်တွေခြေတွေ ပွန်းနေတာ၊ တော်သေးတယ် အများကြီးမဖြစ်လို့၊ ကလေးကငယ်တော့ ဘာမှမပြောရဲဘူး၊ ကလေးကပဲမှားသလား၊ ဆိုင်ကယ်သမားကပဲ မှားသလားဆိုတာတော့ ကျွန်တော်လည်း မသိဘူး၊ ကျွန်တော်ကတော့ ကျောင်းသွားရင် ဘေးကနေကပ်စီးဖို့ အမြဲမှာနေရတာ''ဟု ကျောင်းသား မိဘတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထွန်းထွန်းနိုင်(ကျောက်ဆည်)
The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf

ကျောင်းသွားကျောင်းပြန်အချိန်တွင် မြို့လယ်လမ်းတွင် ဆိုင်ကယ်စီးသူများ အန္တရာယ်ကင်းစွာမောင်းနှင်သင့်
Reviewed by သစ်ထူးလွင်
on
09:32
Rating: