သပိတ်ကျင်းရှိ တရားမဝင် ရွှေတူးဖော်မှုများ ဇူလိုင်လတွင် စတင်အရေးယူမည်

မန္တလေး၊ ဇွန် ၃၀

 ပြည်တွင်းရွှေတူးဖော်မှု အများဆုံး ဒေသတစ်ခု ဖြစ်သော မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ တစ်နိုင်တစ်ပိုင် ရွှေတူးဖော်နေသူများ ရှိနေသဖြင့် ၎င်းတို့ကို ဇူလိုင်လမှ စတင်ကာ စိစစ် အရေးယူတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

တရားမဝင် တူးဖော်နေသူများ အနေနှင့် သတ္တုတွင်း ဝန်ကြီးဌာနသို့ တရားဝင် လျှောက်လွှာတင်ရန် လိုအပ်ပြီး တရားဝင်ခွင့်ပြုချက် မရှိဘဲ တူးဖော်နေမှုများကို စတင်စိစစ် အရေးယူတော့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်တွင်းရှိ အသေးစား၊ အလတ်စားနှင့် အကြီးစား ရွှေတူးဖော်မှုများကို သတ်မှတ် စည်းကမ်းများနှင့်အညီ ခွင့်ပြုနေပြီး တရားဝင် ခွင့်ပြုချက်မရှိဘဲ တူးဖော်မှုများ ရှိနေသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောကြားသည်။

“ရေတွေ များနေလို့ ရွှေတူးတာ ရပ်ထားရတာ တစ်နှစ်လောက် ရှိပြီ၊ နိုဝင်ဘာလောက်မှ ပြန်တူးမှာ။ ကုမ္ပဏီနဲ့ အကျိုးတူ တူးတာက ဗြုန်းအိတ် သုံးအိတ်မှာ ကုမ္ပဏီကို တစ်အိတ်ပေးရတယ်” ဟု သပိတ်ကျင်းမြို့နယ် ဝက်သေကျေးရွာရှိ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် အကျိုးတူ ရွှေတူးဖော်နေသည့် အသက် ၄၇ နှစ်အရွယ် ဦးကျော်ကျော်က ဆိုသည်။

သပိတ်ကျင်းမြို့နယ် ခုနှစ်မိုင်ကျေးရွာ လေးမိုင်ကျေးရွာအုပ်စုတွင် ကရင်အမျိုးသား လွှတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီတို့က ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရွှေတူးဖော်နေမှုကို တရားဝင်ခွင့်ပြုချက် ရမှသာလျှင် ဆောင်ရွက်ရန် သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ရွှေတူးဖော်နေသူများ တွေ့ဆုံ ဆွေးနွေးမှုကို ဇွန်လ ၂၅ ရက်နေ့က အဆိုပါဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေး လုပ်ငန်းများကို ခွင့်ပြုပေးနိုင်ရန် အချက်ကို ပြင်ဆင်နေသည့် သတ္တုလုပ်ငန်း ဥပဒေတွင် ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူထံမှ သိရှိရသည်။

The Voice Weekly


သပိတ်ကျင်းရှိ တရားမဝင် ရွှေတူးဖော်မှုများ ဇူလိုင်လတွင် စတင်အရေးယူမည်  သပိတ်ကျင်းရှိ တရားမဝင် ရွှေတူးဖော်မှုများ ဇူလိုင်လတွင် စတင်အရေးယူမည် Reviewed by သစ်ထူးလွင် on 15:30 Rating: 5
Powered by Blogger.