အာဇာနည်ကြီးတွေကို ကျေးဇူးဆပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 အာဇာနည် ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု ထူထောင်ဖို့ တာဝန်ရှိကြောင်း၊ တာဝန်ကျေခြင်းဟာ အထိရောက်ဆုံး ကျေးဇူးဆပ်ခြင်း ဖြစ်ကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့တာပါ။

"လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ဒီမိုကရေစီကြိုးပမ်းမှုဟာ ဆက်နွယ်နေပါတယ်၊ ကျမတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်လို့ တကယ်ကျေးဇူးတရား ရှိတယ်ဆိုလို့ရှိရင် အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်ဖို့ ကျမတို့ဆက်ပြီးတော့လုပ်သွားဖို့ တာဝန်တွေအများကြီးရှိပါတယ်၊ တာဝန်ကျေခြင်းဟာ အမှန်ကန်ဆုံး အထိရောက်ဆုံး ကျေးဇူးဆပ်ခြင်းဖြစ်ပါတယ်"

လက်ရှိ မြန်မာနိုင်ငံဟာ တကယ်ခိုင်မာတဲ့ ဒီမိုကရေစီပြည်ထောင်စု မဟုတ်သေးကြောင်းနဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်အောင်လုပ်ဆောင်ဖို့ တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို သံဃာတော်တွေ၊ နိုင်ငံတကာ သံတမန်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီဝင်တချို့ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်တို့နဲ့ အစိုးရဌာနအကြီးအကဲတွေ တက်ရောက်ဂါရ၀ပြုခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးတို့ကလည်း ၆၇ နှစ်မြောက် အာဇာနည်နေ့အတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီရုံးမှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf


အာဇာနည်ကြီးတွေကို ကျေးဇူးဆပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  အာဇာနည်ကြီးတွေကို ကျေးဇူးဆပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by သစ်ထူးလွင် on 06:45 Rating: 5
Powered by Blogger.