လုပ်ကြံမှုကြီး၏ နောက်ကွယ်မှ . . .မြှုပ်ကွက်

 ၁၉၂၃ ခုနှစ်၊ လျှို့ဝှက်ချက် - အက်ဥပဒေဆိုးကြောင့်  ခေါင်းဆောင်ကြီးများ ကိုယ်ကျိုးနည်းပြီး 
သွေးအိုင်ထွန်းသော အာဇာနည်နေ့ ဖြစ်ခဲ့ရ

 အလျဉ်းသင့်၍ ယနေ့ ယူနီတီ သတင်းသမား အချို့သတင်းရေးမိ၍ ဆိုးဆိုးဝါးဝါး ပြစ်ဒဏ်ကျခံ - ဒုက္ခရောက်နေရ သည်မှာ  ဤ၁၉၂၃ခုနှစ်(အိန္ဒိယ) မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ - ၃ (၁)(က)။

ထိုအက်ဥပဒေပုဒ်မ - ၃(၁) (က) တွင် အဓိကပါဝင်ချက် (၃)ရပ်၌ - - -

(က) ထိုဥပဒေပါ - ပိတ်ပင်တားမြစ်သည့်နေရာ ( Prohibited Place) - ဖြစ်ရမည်။
(ခ) နိုင်ငံတော်အကျိုးစီးပွား(သို့မဟုတ်)လုံခြုံရေးကိုထိခိုက်နစ်နာအန္တရာယ်ဖြစ်စေအောင်ရည်မှန်းပြီး အထမြောက်အောင်ဆောင်ရွက်ချက်ရှိရမည်။
(ဂ) ထို့အပြင် ထိုပုဒ်မ၏ ပြစ်ဒဏ်၌ ပုံမှန်လည်ပတ်နေသော ကာကွယ်ရေး ဌာန/ခံတပ်၊ လက်နက်တိုက် (Arsenal ) ၊ ကြည်း - ရေ - လေ စစ်အခြေစိုက်စခန်းများ ၊ အခြေစိုက်ဌာန၊ မိုင်း၊မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော (သို့မဟုတ်)လေယာဉ်များ(သို့မဟုတ်)မည်သည့်အစိုးရ လျှို့ဝှက်ချက် စကားဝှက်သင်္ကေတတို့ကို မဆိုကျူးလွန်ပါက ထောင်ဒဏ်(၁၄)နှစ်၊ အခြားကိစ္စရပ်များ ဆိုက ထောင်ဒဏ် (၃) နှစ်   ဟု ပြဋ္ဌာန်းထားရာ

ဤတွင် လက်နက်တိုက်(Arsenal )ဟု ဥပဒေတွင်ပါရှိရာ ဗြိတိသျှကိုလိုနီ (မဟာမိတ်စစ်အုပ်စု) အစိုးရက သူ့လက်နက်ကိုရန်သူ(အလယ်ပိုင်းစစ်အုပ်စု)မသိစေရန် သတင်းပေးသည့်သူလျှိုတွေကိုဖမ်းရန် (ပြဋ္ဌာန်းချက်ဥပဒေဖြစ်ပြီး) ထိုအထူးဥပဒေသည်မြန်မာနိုင်ငံကအိန္ဒိယဗြိတိသျှကိုလိုနီထံမှ "Home Rule  ခွဲရေး" ရလာသည့်၁၉၃၅ ခုနှစ် တွင်လည်းမြန်မာအစိုးရဒေါက်တာဘမော်၊ဆာပေါ်ထွန်းအစိုးရတို့က ထိုဥပဒေကိုမပြင်ခဲ့ကြ။

ဤသို့နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ယူပြီးလုံးဝလွတ်လပ်ရေးကြိုးပမ်းနေစဉ် "ခွဲထွက် Home Rule  အုပ်ချုပ်ခွင့်ရသည်" မှ ရေတွက်သော်(၁၂)နှစ်အကြာ ၁၉၄၇ခုနှစ် ဇူလိုင်လတွင်ကား ထူးခြားသောအမှောင်ကျသည့်ပြဿနာတစ်ခု - မြန်မာနိုင်ငံတွင် တိတ်တိတ်ပုန်းဖြစ်ခဲ့သည်မှာ - - -

ရန်ကုန်မြို့ ဗိုလ်တစ်ထောင် " စီအိုဒီ ဂိုဒေါင်လက်နက်တိုက်(Arsenal )" တွင် ရှိသည့်လက်နက်များ၊ ထို ၁၉၂၃ ခုနှစ်ဥပဒေအရ လျှို့ဝှက်အက်ဥပဒေဖြစ်သဖြင့် မည်သည့်သတင်းသမားများဖြစ်စေ၊ အရပ်သားများဖြစ်စေ၊ စုံစမ်းဖော်ထုတ်ခြင်းပြုလုပ်၍ အများပြည်သူသို့တင်ပြခွင့်မရနိုင်သည်ကို အခွင့်ကောင်းယူလျှက်မဟာမိတ်စစ်ဝါဒီ ပဉ္စမံအုပ်စု " ဗမာပြည်ကို ထာဝရထိန်းချုပ်လိုသည့် ကိုလိုနီအလိုတော်ရိ နယ်ချဲ့စစ်တပ်မှ ဗိုလ်ကြီး ဗီဗီယန်း ဆိုသူ"က စီအိုဒီလက်နက်တိုက်မှ တော်မီဂန်းလက်နက်အချို့ကို နိုင်ငံတော်လုပ်ကြံမှုတွင်သုံးရန် ၄င်းတို့ကြိုးကိုင်၍ ရသည့် နိုင်ငံရေးသမားအမည်ခံ လူမိုက်လူရမ်းကားများထံ တိတ်တဆိတ်ခိုးပေးလိုက်သောအခါ သွေးဆာနေသည့် လူရမ်းကားများက ထိုတော်မီဂန်းတို့ကို မိုးကာဝတ်အရေခြုံပြီး ဇူလိုင်အလယ်  (၁၉)ရက်  မိုးလတွင်   " ရန်ကုန်မြို့၊  သိမ်ဖြူလမ်းရှိ Old Secretariat  (ခ) အတွင်းဝန်ရုံးဟောင်း" သို့ ထိုမှောင်ခို လက်နက်များဖြင့် တိတ်တိတ်ပုန်း ပြေးတက်ပြီး ထိုလက်နက်တိုက်မှ လက်နက်ခိုးထုတ်သွားသည့်သတင်းကို သိခွင့်မရ၍ မသိခဲ့သဖြင့် ပေါ့ပေါ့တန်တန် ထင်မှတ်ပြီး" မြန်မာနိုင်ငံ၏အနာဂတ်ရေးကိုသာ မိမိသေဘေးထက်ပို၍" ဇော" ကပ်နေရှာသူ " မျိုးချစ်ခေါင်းဆောင်ကြီး များခမျာ  အရေးပေါ်အစည်းအဝေးထိုင်နေစဉ် ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို ပြစ်မှတ်ထား၍ အခန်းထဲ ဝင်ဝင်ချင်း ထိုစီအိုဒီလက်နက်တိုက်မှ လျှို့ဝှက်လက်နက်တို့ဖြင့် ပြစ်ခတ်လိုက်သောအခါ " ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဗိုလ်ချုပ်အကို ဦးဘဝင်း၊ ဂီတပညာရှင်ဆရာကြီး ဒီးဒုတ်ဦးဘချို၊ ဆရာကြီး ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း နှင့် အတွင်းဝန် ICS ဦးအုန်းမောင်၊ ဆရာကြီးဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေး" အပါအဝင် ခေါင်းဆောင်ကြီးများ၏ ရင်နင့်စရာအဖြစ်မှာ - - - -

သွေးအိုင်ထွန်းပြီး အတုံးအရုံးကျဆုံးကုန်သောအခါ မြန်မာနိုင်ငံ၏အနာဂတ်သည်လည်းအညွန့်ကျိုးပြီး ထိုခေါင်းဆောင်ကြီးများနှင့်အတူ မြန်မာနိုင်ငံကျဆုံး တိမ်မဲဖုံးခဲ့သည့်ဘဝ - - -

" နှစ်လရာသီ ကြာရှည်ရွှေ့ပေမယ့်  အာဇာနည်နေ့ကိုတော့မမေ့ခဲ့နိုင်ပါပြီ ယနေ့ ထက်တိုင်သာအတည်" ဆိုသည့် မေလှမြိုင်၏ ခေတ်ဟောင်းသီချင်းများနှင့်စာရေးသူအမှတ်ထင်ထင် (၈)နှစ်သားအရွယ် မူလတန်းကျောင်းသားဘဝ ဗမာ့ခေတ်သတင်းစာတွင်ပါရှိပြီး အမှတ်ရနေသည့် တေးထပ် - - -

" တစ်ထောင့်သုံးရာ ညွှန်းစတော့ လွမ်းစရာ့ဖြစ်ပုံ
 စွန်းနဝ နှစ်အကြုံမှာ ခေတ်ဝသုန်ခြောက်ခြား
 တိုင်းပြည်လုံး ဂျောက်တစ်ခုံမှာ မှောက်မလိုဖြစ်ခဲ့အများ
 ခုနစ်နှစ် ကြာပါပြီ (ယခုတော့ ခြောက်ဆယ့်ခုနစ်နှစ်ကြာပါပြီ)
                  ခါနာရီဆပွား အာဇာနည်ဘဝခြားတို့ကိုဖြင့် ခဏအားမေ့ပေါင်
 သံသရာလင့်ကြာသမျှမှာဖြင့် မြင့်ရာက ဖြစ်ကြလေအောင်
                           ကုသိုလ်ဓာတ်လမ်း  ဆက်နှောင်သည်
 ပန်းလက်ဆောင်ယူငှလို့ လှူသမျှ တန်းသမျှအရာတွေ ကန်းငှကာဝေ၊
 ကုသိုလ်မှုအမွေကို ယူကြစေအမျှကွဲ့  - - - လေး"

တေးထပ်ကြီးကို အမှတ်ထင်ထင် ရေရွတ်ပွားများရင်း တစ်ပြည်လုံးစာရေးသူနှင့်အတူ မျက်ရည်ဖြိုင်ဖြိုင်သာ ကျခဲ့ရသည်။ ထို ၁၉၂၃ ခုနှစ် အက်ဥပဒေကား ယနေ့ထက်တိုင် မပယ်ဖျက်ရသေး။

၁၉၄၈ခုမြန်မာပြည်လွတ်လပ်ရေးရပြီး ဖဆပလဦးနု အစိုးရလက်ထက်တွင်လည်း မပယ်ဖျက်ခဲ့သေးသောကြောင့် - - - - ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဦးနေဝင်းရှိနေစဉ် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် မိုးကြိုးသတင်းစာ၌ တပ်မတော်ခေါင်းဆောင်ကြီးများ၏ ဆွေးနွေးပွဲတွင် " အရာရှိများအသုံးစရိတ်ချွေတာရေး၊ ပြည်ပဝီစကီအစား ဈေးနည်းသည့် ပြည်တွင်းချက် Army Rum  ဖြင့်အစားထိုးသုံးစွဲရေး၊ ပြည်ပနိုင်ငံရပ်ခြား စီးကရက်များနေရာတွင် ဈေးသက်သာသည့်ပြည်တွင်းဖြစ်ဆေးပေါ့လိပ်များဖြင့် အစားထိုးရေး" တို့ကို "တပ်မတော်အရာရှိကြီးများ ခြိုးခြံချွေတာပြီ၊  ပြည်သူ့ဘဏ္ဍာများ သက်သာတော့မည်" ဟု ဆောင်းပါးရေးလိုက်မိသည့် ဦးခင်မောင်လေး (ဖိုးသောကြာ)နှင့် အယ်ဒီတာတို့ ၁၉၂၃ ခုနှစ်၊ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် အရေးယူခံခဲ့ရပြီး  - - ထိုစဉ်က တရားရုံးများ၏ တရားစီရင်ရေးတွင် ဥပဒေကိစ္စအငြင်းပွားစရာ မလိုအောင် ပါလီမန်ဒီမိုကရေစီနိုင်ငံရေး၏ အတိုက်အခံအမတ်များ၏ အသြွံကက်စီညံသွားသောအခါ ဝန်ကြီးချုပ် ဦးနုခမျာ " ပြည့်သူအသံ ပါလီမန် အသံမို့" လက်ထောက်နိုင်ငံတော်အစိုးရရှေ့နေချုပ်ကို ညွှန်ကြားပြီး တရားစွဲသည့်အမှုကို ရုပ်သိမ်းပေးခဲ့ရသည်အထိ ထို ၁၉၂၃ ခုနှစ်၊ အက်ဥပဒေကဂြိုဟ်မွှေလွန်းခဲ့။

ကောင်းတာရေးရေး၊ ဆိုးတာရေးရေး၊ သတင်းသမားများအဖို့ ၁၉၂၃ ခုနှစ်၊ လျှို့ဝှက်ချက်အက်ဥပဒေအရ ဘေးဒုက္ခတွေ့နေရဆဲ၊ ယခုလည်း ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ထုတ် ယူနီတီအပတ်စဉ်ဂျာနယ်တွင် ပါသည့်  "ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ " သတင်းဖြင့်  - - - သတင်းသမားများ မကြုံစဖူးအောင် ပြင်းထန်လှသည့် ထောင်ဒဏ်များ (၁၀)နှစ်စီ နှစ်ရှည်ကျခံကြရ။

ထိုဥပဒေအတိုင်းဆိုလျှင် နိုင်ငံသူ၊နိုင်ငံသား(၇)ရက်သားသမီးများနှင့် တိုင်းရင်းသားပြည်သူများပါ ဒုက္ခရောက် စေမည့်နင်းမိုင်းများ၊ မိုင်းများ၊မိုင်းကွင်း မြေမြှုပ်မိုင်းများကိုပင် ပြည်သူများအကျိုးအတွက် သတင်းထောက်များကကိုယ်တိုင်သိ၍ဖြစ်စေ၊ တဆင့်ကြားသိ၍ဖြစ်စေ၊ သတင်းစကားများ ဖော်ထုတ်ရေးသားမိ လျှင်ပင် ပြည်သူ့အကျိုးဖြစ်ချင်ဖြစ်ပါစေ။ လက်ရှိ မပယ်ဖျက်ရသေးသည့် ၁၉၂၃ ခုနှစ်၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ သတင်းသမားများ ဘေးဒုက္ခရောက်ရမည်မှာ မြေကြီးလက်ခတ်မလွဲ။

ဤမျှ ပြည်သူ၊ပြည်သားများနှင့် သတင်းသမားများကိုခေတ်နှင့်လျော်ညီအောင် အကျိုးမပြုနိုင်သည့် ကိုလိုနီနယ်ချဲ့၏ စစ်အုပ်စုအချင်းချင်း၊စစ်သူလျှိုများအပေါ် အရေးယူရန်ပြဋ္ဌာန်းခဲ့သည့် ဥပဒေဆိုးကြီးကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများကိုလည်း " စီအိုဒီဂိုဒေါင်လက်နက်တိုက်မှ တိတ်တိတ်ပုန်း လက်နက်ပျောက်မှုကိစ္စ အချိန်မှီ သတင်းမဖော်ထုတ်ပေးနိုင်ခဲ့၍" အာဇာနည်များ အသေဆိုးသေခဲ့ရ။

နောင်တွင်လည်း မိုင်း၊မိုင်းကွင်းများ မြေမြှုပ်မိုင်းများပါမကျန် ပြည်သူ၊ပြည်သားများ၊ နိုင်ငံသားများ၊ အန္တရာယ် ရှိသည့်တိုင်အောင် သတင်းသမားများကဖော်ထုတ်မပေးနိုင်အောင် လူ့အခွင့်အရေးချိုးဖောက်နှိပ်ကွပ်ထားသည့် ဥပဒေဆိုးကြီးမှာ အာဇာနည်ကြီးများကို လွန်ခဲ့သည့် (၆၇)နှစ်ခန့်က ရက်ရက်စက်စက်သတ်ခဲ့သလို ပြည်သူ၊ ပြည်သား အပြစ်မဲ့သူများကို မိုင်းများ၊ မိုင်းကွင်းများ၊ မြေမြှုပ်မိုင်းများကိုနင်းမိ၍ အသေဆိုးနှင့်သေရမည့်ဘေးဒုက္ခဆိုးများပါ - ရှိနေသဖြင့်

ဤကဲ့သို့ " သံချေးတက် ဆွေးမြေ့နေပြီဖြစ်သည့် ခေတ်နှင့်မလျော်ညီတော့သည့် (Out Dated Law  ) ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေဆိုးကြီး" အား ပွင့်လင်းမြင်သာ သည့်ခေတ်တွင် ဒီမိုကရေစီပင်မအင်အားပြုသည့် ပြည်သူများကို ကာကွယ်သောအားဖြင့် အချိန်မှီ ဤမြန်မာနိုင်ငံ ဥပဒေပြုလွှတ်တော်တို့က လိုအပ်သလိုပယ်ဖျက်ပစ်ခြင်း၊ အသစ်ပြဋ္ဌာန်းမည်ဆိုပါကလည်း ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးတို့နှင့် ညီညွတ်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် လျော်ညီသည့် ပြည်သူ့အကျိုးပြု နိုင်ငံလုံခြုံရေး၊ ကာကွယ်ရေးအတွက် ထိုက်တန်လျော်ကန်သည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းဖြင့် ထိုဥပဒေဆိုးကြီးကို ဖျက်သိမ်းခြင်း (သို့မဟုတ်) အစားထိုးခြင်းတို့ ပြုလုပ်ပေးထိုက်ပါကြောင်း စေတနာကောင်းဖြင့်

သဗ္ဗေသတ္တာအဝေရာဟောန္တု

ဥပဒေပညာရှင် ဦးကျော်လင်း ( ၆၂ - တကသ)

BY THIT HTOO LWIN

လုပ်ကြံမှုကြီး၏ နောက်ကွယ်မှ . . .မြှုပ်ကွက်   လုပ်ကြံမှုကြီး၏ နောက်ကွယ်မှ  . . .မြှုပ်ကွက် Reviewed by သစ်ထူးလွင် on 15:03 Rating: 5
Powered by Blogger.