ရန်ကုန်၊ ဇူလိုင် ၁၂
၈.၇.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ ဒေါ်ခင်ဆုဆုဇော် သည် လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာမှ လှည်းတန်းဘူတာသို့ မြို့ပတ်ရထားစီး၍ လိုက်ပါလာခဲ့ရာ ကမာရွတ်ဘူတာ အထွက်အရောက် ရထားပေါ်ပါ လူငယ်(၃)ဦးတို့မှ ၎င်းအား အရှည်(၁)ပေခန့်ရှိဓါးဖြင့်ထောက်ကာ ၎င်းဝတ်ဆင်ထားသော ရွှေဆွဲကြိုး(၁)ကုံး၊ ဟန်းချိန်း(၁)ခု၊ လက်စွပ်(၃)ကွင်းနှင့် ငွေကျပ်(၁၅၀၀)တို့အား လုယက်ယူဆောင်ပြီး လှည်းတန်းဘူတာ မရောက်မီ ရထားပေါ်မှခုန်ဆင်းထွက် ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးရန် တိုင်တန်းမှုအား ကမာရွတ်မြို့မရဲစခန်း (ပ)၂၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံများဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူ လူငယ်(၁)ဦးမှာ ကမာရွတ်မြို့နယ်တွင်နေထိုင်သော လက်ကျိုး(ခ)ဇင်မင်းထွန်းဖြစ်ကြောင်းစုံစမ်းသိရှိရပြီး ၉.၇.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လက်ကျိုး(ခ)ဇင်မင်းထွန်း၊ (ဘ)ဦးတင်ထွေးအား ဖမ်းဆီး ရမိစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ၎င်းသည် ၈.၇.၂၀၁၄ ရက်နေ့တွင် ယခင်ကခင်မင်ရင်းနှီးသူ များဖြစ်သည့် မွှေးနီ (စုံစမ်းဆဲ)၊ ရေခဲ(စုံစမ်းဆဲ)တို့နှင့်အတူ အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာမှ မြို့ပတ်ရထားစီးနင်း၍ ရန်ကုန်ဘူတာကြီး ဘက်သို့ လိုက်ပါလာခဲ့ရာ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာအရောက် ၎င်းတို့တွဲပေါ်သို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာခဲ့ကြောင်း၊ ကမာရွတ်ဘူတာမှရထားပြန်ထွက်စဉ် ၎င်းမှ ဓါးတစ်ချောင်းဖြင့် ရထားတွဲအတက်အဆင်းပေါက်တွင်စောင့်နေခဲ့ပြီး မွှေးနီမှ အုတ်ကျင်းဘူတာမှတက်လာသော အမျိုးသားအား ဓါးဖြင့်ထောက်ထားကာ ရေခဲမှ အမျိုးသမီးအား ဓါးဖြင့်ထောက်၍ ရွှေထည်ပစ္စည်းများကိုလုယူခဲ့ ကြောင်း၊ လှည်းတန်းဘူတာမရောက်မီ ရွာမကျောင်း လမ်းအကျော်အရောက်တွင် ၎င်းတို့(၃)ဦး ရထား ပေါ်မှခုန်ဆင်းခဲ့ပြီး ဓါးများအားရထားလမ်းပေါ်တွင် လွှင့်ပစ်ခဲ့ကြောင်း၊ ၉.၇.၂၀၁၄ ရက်နေ့တွင် ၎င်းတို့(၃)ဦးသည် လုယူရရှိခဲ့သောရွှေထည် ပစ္စည်းများအား ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်(၁)ဆိုင်တွင် ရောင်းချခဲ့ပြီး ခွဲဝေယူခဲ့ရာ ၎င်းမှာ (၃၀၀၀၀)ကျပ် ရရှိခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းရရှိခဲ့သောငွေကျပ်(၃၀၀၀၀)အနက် ငွေကျပ် (၂၉၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သော ဓါးများအား ရှာဖွေ သိမ်းဆည်းခဲ့ရာ ဓါး(၂)ချောင်းအား သိမ်းဆည်းနိုင်ခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ လက်ကျိုး(ခ)ဇင်မင်းထွန်းအားအမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော မွှေးနီနှင့် ရေခဲတို့အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

မြို့ပတ်ရထားပေါ်တွင် လုယက်မှုကျူးလွန်သူ (၃)ဦးအနက် (၁)ဦးကိုဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
18:12
Rating: