မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျိုင်းတုံတာဝန်ခံ စိုင်းအိုက်ဂျဲန်နှင့် တွေ့ဆုံမေးမြန်းခြင်း

 စစ်ဆေးတဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်သွယ်လို့ ဆိုတာမျိုး
ဘာတစ်ခွန်းမှ မမေးဘူး

16မတရားသင်း ဆက်သွယ်မှုဖြင့် မေလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကျိုင်းတုံ တာဝန်ခံ စိုင်းအိုက်ဂျဲန်အား ကျိုင်းတုံအခြေစိုက် ခမရ ၂၄၅ တပ်ရင်းမှ စစ်သားများက လာရောက် ဖမ်းဆီးခဲ့ရာ ယင်းသို့ ဖမ်းဆီးခံရစဉ် အချိန်အတွင်း ရိုက်နှက် ခံခဲ့ရသည့်အပြင် မတရားသင်း ဆက်သွယ်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များအား မေးမြန်းခဲ့ခြင်း မရှိကြောင်း ပြန်လည် လွတ်မြောက်လာသူ စိုင်းအိုက်ဂျဲန် က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မတရား ဖမ်းဆီးခံရသည့် စိုင်းအိုက်ဂျဲန် လွတ်မြောက်ရေးအတွက် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှ ငြိမ်းချမ်းရေး စင်တာမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံမှ တစ်ဆင့် သမ္မတထံသို့ စာပေးပို့ အကြောင်းကြားကာ ဖြေရှင်းခိုင်းခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရ သည့်ရက်မှ ၂၄ ရက် အကြာ မေလ၂၉ ရက်နေ့ ညနေပိုင်း၌ အစိုးရက ပြန်လည် လွှတ်ပေးခဲ့သည်။ ယင်းသို့ ပြန်လည် မလွတ်မြောက်ခင်ကလည်း စိုင်းအိုက်ဂျဲန်အား ကျိုင်းတုံ မြို့မရဲစခန်းမှ မတရားသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့် တရားစွဲဆို ခံခဲ့ရသေးသည်။

စိုင်းအိုက်ဂျဲန် ဖမ်းဆီးခံရစဉ်အတွင်း အာဏာပိုင်များ၏ စစ်ဆေးမှုများနှင့် ပတ်သက်၍ ကြုံတွေ့ ခဲ့ရပုံများကို မြန်မာသံတော်ဆင့်မှ ယခုကဲ့သို့ ဆက်သွယ်မေးမြန်းကာ တင်ပြလိုက်ပါသည်။ ယင်းသို့ ဆက်သွယ် မေးမြန်းစဉ် အတွင်း ဘာသာစကား အခက်အခဲကြောင့် SNLD ကျိုင်းတုံ လူငယ်အဖွဲ့ ခေါင်းဆောင် ကိုစိုင်းဆောင်ကျောက် က စကားပြန်အဖြစ် ကူညီပေးခဲ့သည့်အတွက် မြန်မာသံတော်ဆင့်မှ မှတ်တမ်းတင်အပ်ပါသည်။

စိုင်းအိုက်ဂျဲန်းကို စစ်တပ်က ဖမ်းဆီးသွားတုန်းက ဘယ်လို ပုံစံမျိုး ဖမ်းဆီးသွားတယ် ဆိုတာလေးနဲ့ ဘယ်နေရာကို ဖမ်းသွားတာလဲ ဆိုတာလေး ပြောပြပါ။

မနက် ၁၁း၀၀ နာရီ ၅.၅.၂ ၀၁၄ အိမ်မှာ လာမေးတယ်။ သူကိုယ်တိုင်မရှိ။ ည ၈း၀၀ နာရီ အိမ်လှေကား အတက်မှာ စစ်သားလေးယောက်မှ သူ့အားလုံးပန်း ချုပ်နှောင်ကာ ဖမ်းဆီး ခေါ်ဆောင် သွားတယ်။ တောထဲက သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ချည်ထားတယ်။ တစ်ညလုံး မအိပ်ရဘူး။

အဲဒီလို ဖမ်းဆီးသွားတုန်းက စစ်တပ်ဘက်က လူအင်အား ဘယ်နှယောက် လောက်နဲ့ လာဖမ်းတာလဲ။

စစ်သားအယောက် (၃၀)နဲ့ လာဖမ်းသွားတယ်။

ဖမ်းဆီးတုန်းကကော ရိုက်နှက်တာတွေ ဘာတွေရှိသေးလဲ။

ဖမ်းဆီးတုန်းက ရိုက်နှက်တာတွေ ရှိတယ်။

ဖမ်းဆီးသွားတဲ့ အချိန်မှာ သူတို့ ဘယ်လို စစ်ဆေးတယ်၊ ဘယ်အချက်အလက်တွေကို မေးမြန်း စစ်ဆေးတယ် ဆိုတာကို အသေးစိတ်လေး ပြောပြပေးပါ။

ဖမ်းဆီးသွားတဲ့ အချိန်မှာ သူတို့က သူ့ကို သေနတ်ရှိကြောင်း စစ်ဆေးတယ်။ ထပ်ခါထပ်ခါ ဒီတစ်ခွန်းတည်းပဲ မေးမြန်း စစ်ဆေးတယ်။

စစ်ဆေးတဲ့ အခါမှာကော ညှဉ်းပန်းနှိပ်စက်တာတွေ ရှိသေးလား။

စစ်ဆေးတဲ့အခါမှာ ညှဉ်းပန်း နှိပ်စက်တာတွေ ရှိတယ်။

စစ်ဆေးတဲ့နေရာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်သွယ်လို့ ဆိုတာမျိုး ပါတယ်ဆိုတာ သိရပါတယ်။ ဒီအပေါ်မှာ စစ်တပ်ဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ မေးသလဲ။

စစ်ဆေးတဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်သွယ်လို့ဆိုတာမျိုး ပတ်သက်ပြီး ဘာတစ်ခွန်းမှ မမေးပါဘူး။

အစ်ကို့ကို စပြီးဖမ်းဆီးတဲ့အချိန်က ပြန်လွတ်ပေးတဲ့ အချိန်အထိ ဘယ်လောက်လောက် အစစ်ခံခဲ့ရသလဲ။

ကျွန်တော့်ကို စပြီးဖမ်းဆီးတဲ့ အချိန်က ပြန်လွှတ်တဲ့အချိန်ထိ ၉ ရက် မနက်(၂း၃၀)ထိ အစစ်ခံရတယ်။

နောက်ဆုံး အခု ပြန်လွှတ်လာတော့ကော ဘာအကြောင်းပြချက်နဲ့ ပြန်လွှတ်ပေးလိုက်တာလဲ။ ခံဝန်လိုဟာမျိုး လက်မှတ်ထိုးခဲ့ရတာတွေ ဘာတွေ ရှိသေးလား။

နောက်ဆုံး အခုပြန်လွှတ်လာတော့ ၄၉၄ နဲ့ ၄၉၄ (က) အကြောင်းပြချက်နဲ့ ပြန်လွှတ် ပေးလိုက်တယ်။ ဘာလက်မှတ်မှ မထိုးရပါဘူး။

အခု အစ်ကို့ကိုပုဒ်မ ၁၇ (၁) မတရားသင်းနဲ့ ဆက်သွယ်မှုနဲ့ စစ်ဆေးခဲ့တာ ဆိုတော့ ဒီအပေါ်မှာကော အစ်ကို့အနေနဲ့ ဘယ်လို သဘောထား မှတ်ချက် ပေးချင်သလဲ။

ကျွန်တော့်မှာ အပြစ်မရှိဘဲ၊ ကျွန်တော် ၀န်မခံဘဲ အတင်းအကျပ် လက်ဗွေလေးနေရာ နှိပ်ခဲ့ရပါတယ်။ ကျွန်တော် မကျူးလွန်ဘဲ ကျူးလွန်ခဲ့ သယောင်ယောင် ဖြစ်ခဲ့ရတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အမှန်တကယ် ကျွန်တော် ဘာမှ မကျူးလွန်ခဲ့ရပါဘူး။ စိတ်မကောင်းခဲ့ရတာက ကျွန်တော် လယ်လုပ်ဖို့ တစ်ရက်အလိုမှာ အဖမ်းခံရလို့ တော်တော် နစ်နာခဲ့ရပါတယ်။

အောင်ထွန်းလင်း

Myanmartandawsint Newspaper

 

မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျိုင်းတုံတာဝန်ခံ စိုင်းအိုက်ဂျဲန်နှင့် တွေ့ဆုံမေးမြန်းခြင်း  မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျိုင်းတုံတာဝန်ခံ စိုင်းအိုက်ဂျဲန်နှင့် တွေ့ဆုံမေးမြန်းခြင်း Reviewed by သစ်ထူးလွင် on 20:24 Rating: 5
Powered by Blogger.