(Video ကို စာဖွိုင်အောက်မှာ ကြည့်ရှုနိုင်ပါတယ်)
ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ဟာ နော်ဝေးအပါဝင် အနောက်ကမ္ဘာရဲ့ နေ့တာ အရှည်ဆုံးနေ့ဖြစ်ပါတယ်။ အဂ်လိပ်ဘာသာနဲ့ Summer Solstice လို့ခေါ်ပြီး နော်ဝေးဘာသာနဲ့ Sommersolverv လို့ခေါ်တဲ့ ဒီ နေ့ဟာ တရားဝင်ရုံးပိတ်ရက်မဟုတ်ပေမဲ့ နိုင်ငံအတော်များများမှာတော့ နွေရာသီပွဲတော်၊ Summer Party တွေကျင်းပကြပါတယ်။ နော်ဝေးမှာတော့ မီးပုံပွဲကျင်းပတာကိုတွေ့ရပါတယ်။
(နော်ဝေးမြောက်ပိုင်းမှ သန်းကောင်ယံ နေ။ ဓာတ်ပုံ- http://en.wikipedia.org)
မြန်မာနိုင်ငံမှာတော့ နေ့နဲ့ညဟာ ၁၂ နာရီစီလောက် အတူတူနီးပါးရှိတဲ့အတွက် နေ့တာအရှည်ဆုံးနေ့ တွေ၊ ညတာအရှည်ဆုံးညတွေကို သတိမထားမိပါဘူး။ ဒါပေမယ့် နော်ဝေးမှာတော့ နွေနဲဆောင်းမှာ နေ့အချိန်နဲ့ညအချိန်ဟာ အတော်ကွာခြားပါတယ်။ ဆောင်းတွင်းမှာ နေ့အချိန်က မနက် ၉ နာရီကနေ ညနေ ၃ နာရီလောက်အထိ ၆ နာရီဝန်းကျင်သာရှိပေမဲ့ အခုလို နေ့တာအရှည်ဆုံးနွေရာသီမှာဆိုရင် မနက် ၃ နာရီခွဲလောက်ကနေ ည ၁၀ နာရီခွဲလောက်အထိ ၁၉ နာရီရှိပါတယ်။
ဒါက မြို့တော်အော်စလိုကအခြေနေကိုပြောတာပါ။ မြောက်ဝင်းရိုးစွန်းနဲ့ပိုနီးတဲ့ နော်ဝေးမြောက်ပိုင်းမှာ ဆိုရင် တနေကုန် နေမ၀င်တော့ပဲ ၂၄ နာရီနေသာနေတဲ့အချိန်က ၃ လလောက်ရှိပါတယ်။ ဆောင်းဆို ရင်လဲ နေမထွက်တဲ့ရက်ပေါင်း ၃ လလောက်ရှိတဲ့သဘောပေါ့။
အဲဒီလိုထူးခြားလှတဲ့ နော်ဝေးမြောက်ပိုင်းဆီ ၂၀၀၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ကျနော်ရောက်သွားခဲ့ပါ တယ်။ နော်ဝေးမှာနေတာ ၁၀ နှစ်လောက်ရှိနေပြီဖြစ်ပေမယ့် DVB ရုံးခန်းနဲ့ စတူဒီယိုထဲမှာသာ အလုပ် ရှုပ်နေတဲ့အတွက် အပြင်ကမ္ဘာအကြောင်း၊ သဘာဝအလှအပတွေအကြောင်း ဘာမှမသိခဲ့ရိုးအမှန်ပါ။ ဒီ လိုနဲ့ ဒီနှစ်တော့ နော်ဝေးမြောက်ပိုင်းကိုရောက်အောင်သွား လေ့လာဦးမှဆိုပြီး ရုံးက TV ကင်မရာကြီး ကိုဆွဲကာ တကိုယ်တော်ခရီးထွက်လာခဲ့တာပါ။
တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကျနော်အပါအ၀င် နော်ဝေးရောက် မြန်မာအတော်များများဟာ ၁၀ နှစ်ဝန်းကျင်ကာလအတွင်း ထိုင်းနိုင်ငံဆီ နှစ်ခေါက်သုံးခေါက် (အခုဆိုရင် မြန်မာနိုင်ငံအထိ)၊ အခြား ဥရောပနိုင်ငံတွေဆီ လေးငါး ခေါက်လောက် လည်ပတ်ခဲ့ဖူးကြပေမယ့် သဘာဝအလှတွေနဲ့ ကျော်ကြား လှတဲ့ Midnight Sun နေ မ၀င်အရပ်ရှိရာ၊ Northern Light ခေါ် ဆောင်းတွင်းမှာ မြင်ရတဲ့ မြောက် ပိုင်းရောင်ခြည်ရှိရာ နော်ဝေးမြောက်ပိုင်းဒေသဆီ သွားရောက်လေ့လာဖူးသူ ဆယ်ဂဏန်းတောင် မရှိ သေးပါဘူး။
ဒါကလည်း သဘာဝတရားရဲ့ ဆန်းကြယ်ပုံကို စိတ်မ၀င်စားလို့ဆိုပြီး အပြစ်တင်လို့တော့ မရသေး။ ဈေး ကြီးတာက အဓိကနေရာက ပါနေတယ်လို့ထင်ပါတယ်။ ဥပမာအားဖြင့် နော်ဝေးကနေ ထိုင်းကိုသွား မယ်ဆိုရင် လေယာဉ်ခ ခရိုနာ ၅၀၀၀ (ဒေါ်လာတထာင်) လောက်နဲ့ ကိစ္စပြတ်သွားပြီ။ ဟိုရောက်ရင် အသိ အိမ်တွေမှာတည်း၊ အမျိုးတွေနဲ့တွေ့၊ နောက်ထပ် သိပ်မကုန်တော့ပါဘူး။ အလားတူ အခြားဥရော ပ နိုင်ငံတွေကို သွားမယ်ဆိုရင်လည်း လေယာဉ်ခက (၁၀၀၀-၁၅၀၀) ၀န်းကျင် လောက်နဲ့ အဆင်ပြေပါ တယ်။ ဒါပေမယ့် နော်ဝေးတောင်ပိုင်းကနေ မြောက်ပိုင်းကိုသွားမယ်ဆိုရင်တော့ လေယာဉ်ခက ၂,၀၀၀ ကျော်ကုန်ပါတယ်ယ်။ ဟိုတယ်ခကလည်း တနေ့ (၁,၀၀၀) ၀န်းကျင်ကုန်ပါတယ်။ စားစရိတ်နဲ့ တက္ကစီ ခပါ ပေါင်းလိုက်မယ်ဆိုရင် ထိုင်းခရီးစဉ်တခုစာမက ရှိသွားနိုင်တဲ့အတွက် အဲဒီဒေသဆီ သွားလည်ဖို့ တွန့်ဆုတ်နေကြတာ ဖြစ်ပုံရပါတယ်။
(နော်ဝေး မြောက်ပိုင်းမြို့တော်Tromsø မြို့။ ဓာတ်ပုံ- http://www.bing.com)
ထားတော့။ ကျနော်ကတော့ အရဲစွန့်ပြီး ခရိုနာ ၅,၀၀၀ ၀န်းကျင် အကုန်ကျခံကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က မြောက်ပိုင်းမြို့တော် Tromsø ဆီ ရောက်သွားခဲ့ပါတယ်။ ရှေ့မှာ ပလ္လင်ခံခဲ့တဲ့အတိုင်း နိုင်ငံရေးကလွဲပြီး ကျန်တဲ့ကိစ္စတွေကိုသိပ်မလေ့လာမိတော့ ဇွန်လ ၂၁ ဟာ နေ့တာအရှည်ဆုံးနေမှန်း မသိပါ။ အဲဒီညမှာ Midnight Marathon အပြေးပြိုင်ပွဲရှိတယ်ဆိုတာကိုလဲမသိပါ။ အဲဒီအချိန်က ကျ နော် သိတာက Midnight Sun သန်းကောင်းယံနေ တခုတည်းသာဖြစ်ပါတယ်။
ဒီတော့ ၂၁ ရက်နေ့မှာမသွားပဲ ၂၂ မှသွားတော့ ထူးခြားလှတဲ့ သန်းကောင်းယံ မာရသွန်အပြေးပြိုင်ပွဲ ကို မမှီလိုက်ပါ။ နိုင်ငံပေါင်း ၅၀ ကျော်က အပြေးသမားတွေရာနဲချီဝင်ပြိုင်ကြတဲ့ပွဲကြီးကို မသိလိုက်ပါ။ Tromsø ဟာ မြို့တော်အော်စလိုနဲ့ ကီလိုမီ တာ ၁,၇၀၀ နီးပါး ကွာဝေးပြီး တနာရီကျော်ကြာ လေယာဉ် စီးရပါတယ်။ နေ့တာအရှည်ဆုံးကာလ၊ နော်ဝေးနိုင်ငံရဲ့ အပူဆုံးအချိန်မို့ အော်စလိုမှာတော့ ရေခဲ တောင်တွေကို လုံးဝမမြင်ရတော့ဘဲ သစ်ပင်စိမ်းစိမ်းတွေ၊ မြက်ခင်းစိမ်းစိမ်းတွေကိုသာ နေရာတိုင်းမြင် နေရပါတယ်။
ဒါပေမယ့် မြောက်ပိုင်းဘက်ကို လေယာဉ်ဝင်လာတာနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားပါတယ်။ Tromsø မြို့အနီးတ၀ိုက်မှာ ရေခဲတောင်တွေ ရှိနေဆဲဖြစ်ပြီး ရာသီဥတုကလည်း အေးနေဆဲဖြစ်ပါတယ်။ အော်စ လိုမှာနေတဲ့ ပုံစံမျိုးနဲ့ အနွေးထည်ပါးပါးလေးတထည်သာ ယူလာမိတာကိုက ကျနော့်အမှား။ Tromsø လေယာဉ်ကွင်းကို ရောက်တော့ ည ၁၀ နာရီလောက်ရှိနေပါပြီ။ ဘတ်စ်ကားစီးပြီး ဟိုတယ်ကိုသွား၊ ပစ္စည်းတွေနေရာချပြီး ပြန်ထွက်တော့ ၁၁ နာရီကျော်နေပြီ။
ကံကောင်းထောက်မစွာနဲ့ အဲဒီနေ့က ရာသီဥတုကောင်းပြီး နေသာနေဆဲဖြစ်တဲ့အတွက် သန်းကောင်း ယံနေကို ဘယ်နားကနေ သွားကြည့်ရင်ကောင်းမလဲ၊ ဒီအချိန်သွားကြည့်ရင် မီနိုင်သေးလားဆိုပြီး ဟို တယ်လော်ဘီကောင်တာမှာမေးတော့ “တံတားကြီးရှေ့က ဘုရားကျောင်းကိုသာသွား၊ အဲဒီနေရာဟာ အကောင်းဆုံးပဲ” လို့ ဟိုတယ် စာရေးက အကြံပေးပါတယ်။
ဒါနဲ့ ကင်မရာအိတ်နဲ့ ထရိုင်ပွတ်ကို ကတိုက်ကရိုက်လွယ်ပြီး တံတားထိပ်ဆီ ပြေးရပါတယ်။ တခါမှ မ ရောက်ဖူးသေးတော့ ဘယ်လောက်ဝေးမှန်းလည်းမသိ။ ဟိုတယ်ကနေ ဒီဘက်တံတားထိပ်ကိုတင် ၁၅ မိနစ်၊ တံတားဒီဘက်ထိပ်ကနေ ဘုရားကျောင်းရှိတဲ့ ဟိုဘက်ထိပ်အထိက ၁၀ မိနစ်ဆိုတော့ ဘုရား ကျောင်းရှေ့မှာ ကျနော်ကင်မရာချိန်နိုင်တဲ့အချိန်ကျတော့ သန်းကောင်ယံရောက်ဖို့ ၁၅ မိနစ်ပဲ လိုပါ တော့တယ်။
အဲဒီနေရာမှာ ကျနော့်အရင်ရောက်နေသူတွေက အများကြီး။ ဒါပေမယ့် အားလုံးက အပျော်တမ်း ကင် မရာသမားတွေသာဖြစ်တဲ့အတွက် ကျနော် တီဗွီကင်မရာကြီးကို ထရိုင်ပွတ်ပေါ်တင်ပြီး ထောင်လိုက် တော့ သူတို့ကကျနော့်ကို နေရာဖယ်ပေးကြပါတယ်။ ဒီလိုနဲ့ Tromsø မြစ် အနောက်ဘက်တောင် စွယ်မှာ ကွယ်တော့မလိုလို ဖြစ်နေတဲ့ နေကို အသေအချာရိုက်ခွင့်ရ လိုက်ပါတယ်။
သန်းကောင်ယံမရောက်ခင် ၁၀ မိနစ်အထိ နေက တဖြေးဖြေး နိမ့်ဆင်းလာနေဆဲလို့ ကျနော့်စိတ်ထဲ ထင်နေပြီး ၅ မိနစ်လောက်အလိုမှာတော့ ရပ်တန့်သွားသလို ခံစားမိပါတယ်။ ပြီးတော့ နေက အောက် ကိုဆက်မဆင်းတော့ပဲ နံဘေးကို ၁၀ မိနစ်ခန့်ရွေ့သွားပြီး အပေါ်ကို နည်းနည်းပြန်ထောင်တက် လာ တယ်လို့ ကျနော့်မျက်စိနဲ့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။
(သန်းကောင်ယံနေ အဆင့်ဆင့်ပြပုံ။ ဓာတ်ပုံ- http://en.wikipedia.org)
သန်းကောင်ယံကို ၁၅ မိနစ်လောက် ကျော်ပြီးတဲ့အခါမှာတော့ သန်းကောင်ယံနေ မှတ်တမ်း ရိုက်ချက် ကိုရပ်နားပြီး ဒီနေကို တကူးတကလာကြည့်ကြတဲ့ ပရိသတ်ကို အင်တာဗျုးလုပ်၊ နောက်တခါ သန်း ကောင်ယံအချိန်မှာ ဘုရားကျောင်းတက်ပြီး ၀တ်ပြုကြတဲ့ လူတွေကို မှတ်တမ်းရိုက်ပြီး မနက် (၁) နာရီ မှာ ဟိုတယ်ကို ကျနော်ပြန်လာခဲ့ပါတယ်။
စိတ်ထဲမှာတော့ တမျိုးကြီးပါပဲ။ သန်းကောင်ယံကျော်လည်း နေကမ၀င်။ မနက် (၁) နာရီလည်း နေက လင်းနေဆဲ။ ဒါပေမယ့် လင်းပုံလင်းနည်းကတော့ နေ့ဘက်မှာ လင်းတဲ့အလင်းရောင်နဲ့မတူသလိုပါပဲ။် နည်းနည်းအရောင်ဖျော့ပြီး လပြည့်ည လအလင်းရောင်ရဲ့ နှစ်ဆလောက်နီးပါး လင်းနေတဲ့ သဘောမျိုး လား၊ နေ၀င်ချိန် တိမ်တောက်စဉ် လင်းနေတဲ့ အလင်းမျိုးလားလို့ ကျနော့်စိတ်ထဲ နှိုင်းယှဉ်မိပေမယ့် တ ကယ်ကတော့ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ကျနော့်တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတဲ့ သန်းကောင်ယံနေ ရဲ့ အလင်းရောင်ပါ။
ဒီလိုနှိုင်းယှဉ်တွေးဆရင်းနဲ့ ငယ်ငယ်က ရွာဘုရားပွဲမှာ ကြည့်ဖူးတဲ့ မြန်မာ့ဇာတ်သဘင်ထဲက စကားလုံး တချို့ကိုသတိရမိပါတယ်။ “တောင်စွယ်မှာ နေကွယ်ရင် ဒီလူဆိုးကို အသေသတ်စေ” ဆိုတာမျိုး၊ “တောင်ထိပ်မှာ ကြာပေါက်ပြီး အနောက်က နေထွက်မှ မင်းငါ့ကို ဖမ်းနိုင်လိမ့်မယ်” ဆို တာမျိုးတွေဟာ ကျနော်တို့ရွာက ဘုရားပွဲပရိသတ်အတွက် ခံစားလို့ရပေမယ့် အခု နော်ဝေး မြောက်ပိုင်းမှာများ အဲဒီလို ပြောမိရင် လူဆိုးကိုလည်း မသတ်နိုင်၊ ဇာတ်လိုက်ကိုလည်း ခဏလေးနဲ့ ဖမ်းမိသွားနိုင်မယ့်သဘောမျိုး ဖြစ်နေပါတယ်။
နောက်တခါ အာရုံတက်ချိန်မှာ ဆွမ်းတော်တင်တာတို့၊ နေမွန်းမတည့်ခင်မှာ ဘုန်ကြီးဆွမ်း အမီကပ်ရ တာတို့၊ နေလွဲညစာ မစားရတို့၊ နေထွက်ချိန်ကနေ နေ၀င်ချိန်အထိ အလုပ်လုပ်ရ မယ်ဆိုတာတို့တွေ ဟာ ဒီလိုနေရာမျိုးမှာတော့ အံဝင်ဂွင်ကျမဖြစ်နိုင်တော့ပါ။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အမြဲတမ်း အမှန်တရားတခုအဖြစ် ကမ္ဘာကြီးရဲ့ဒေသတခုက လူ တွေက သဲသဲမဲမဲယုံကြည်ထားပေမယ့် အဲဒီအမှန်တရားဆိုတာဟာ ကမ္ဘာကြီးရဲ့ အခြား တနေရာမှာ တော့ မှန်ချင်မှမှန်မယ်။ အမှန်တရားနဲ့ လူသားတွေရဲ့ တန်ဖိုးထားမှုဆိုတာတွေဟာ ကာလဒေသကို လိုက်ပြီး အပြောင်းအလဲ ဖြစ်သွားနိုင်သလားဆိုတာကို ကျနော် စဉ်းစားနေမိပါတယ်။ ။
ထက်အောင်ကျော်
http://www.htetaungkyaw.net/

> နေ့တာအရှည်ဆုံးနေ့မှာ သန်းကောင်ယံနေ ဆီ ခရီးသွားခြင်း
Reviewed by သစ်ထူးလွင်
on
06:48
Rating: