စပိန်အနိုင် ဂိုးမပြတ်

 ၂၀ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုပွဲတွေရဲ့ ဒုတိယပွဲစဉ်တွေ စတင် ယှဉ်ပြိုင်ကစား နေကြရာ မှာ ဒီနေ့ညနဲ့ မနက်ဖြန် မနက်အစောပိုင်းမှာတော့ အုပ်စု (ခ)နဲ့ အုပ်စု (က) တို့က အသင်းတွေ ကစားကြ မှာပါ။

အုပ်စု(ခ)က နယ်သာလန်နဲ့ သြစတြေလျအသင်းတို့ ဒီနေ့ည ၁၀နာရီခွဲမှာ ကစားမှာ ဖြစ်ပြီး နာမည်ကြီး စပိန်နဲ့ ချီလီတို့ကတော့ မနက် ၁ နာရီခွဲမှာ ကစားမှာ ဖြစ်ပါတယ်။

အုပ်စု(က)က လက်ကျန်တပွဲဖြစ်တဲ့ ကင်မရွန်းနဲ့ ခရိုအေးရှားတို့ပွဲကတော့ လင်းအားကြီး မနက် ၄ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဒီနေ့ ကစားကြမယ့် ပွဲတွေထဲမှာ ပွဲဦးထွက် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ လက်ရှိချန်ပီယံ စပိန်နဲ့ တောင်အမေရိကအသင်း တသင်းဖြစ်တဲ့ ချီလီတို့ ပွဲကို သုံးသပ်တင်ပြလိုပါတယ်။

ချီလီက သြစတြေလျအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ၃ မှတ်ရထားပါတယ်။ စပိန်ကတော့ ပွဲဦးထွက်မှာ နယ်သာလန်အသင်းကို ၅ ဂိုး ၁ဂိုးနဲ့ မရှုမလှ ရှုံးနိမ်သွားတာ ဖြစ်ပြီး အုပ်စုတက်ဖို့ နိုင်ပွဲတွေ လိုနေတာ ဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် အားကစားအယ်ဒီတာ ဦးစိုးညီကတော့ စပိန် နိုင်ပေမယ့် ဂိုးတော့ မပြတ်လောက်ဘူးလို့ ဆိုပါတယ်။

“စပိန်အသင်းကို ပထမပွဲ ရှုံးပွဲကြောင့် သိပ်ပြီးတော့ အထင်မကြီးကြဘူး။ စပိန်တွေ ခြေကျသွားပြီ။ စပိန်ကစားသမားတွေ အိုသွားပြီ။ စပိန်ရဲ့ ကစားကွက်ကို ပြိုင်ဘက်တွေက သိသွားကြပြီလို့ သုံးသပ်မှုတွေ ကြားနေရပါတယ်။ ဒါက ကျနော် ကြားနေရတာတွေ ပြန်ပြီး တင်ပြတာ။ ကျနော်ကတော့ အဲဒီလို မထင်ဘူးခင်ဗျ။ စပိန်ကတော့ စပိန်အစွမ်းအစ ရှိသေးတယ်။ ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ဖို့ သူ့မှာ အခွင့်အရေးတွေလည်း သူ့မှာ ကျန်နေသေးတယ်လို့ ထင်တယ်။ ချီလီနဲ့ စပိန်မှာ စပိန်အသင်းက အဖွင့်ပွဲစဉ်မှာ သူတို့ မထင်မှတ်ပဲ သိက္ခာ ကျလောက်အောင် ဂိုးပြတ်ရှုံးသွားတယ်။ အဲဒီအတွက် ဒီနေ့ပွဲမှာ သူတို့ ပေါက်ကွဲမယ်၊ မဖြစ်မနေ အနိုင်ရအောင် ကြိုးစားမယ်လို့ ပထမပွဲအရှုံးက စပိန်အတွက် တွန်းအား ဖြစ်လာမယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် ဂိုးပြတ်မလား မပြတ်ဘူးလားဆိုတာ နည်းနည်းလေး ပြောရခက်ပါတယ် ခင်ဗျ။”

ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲတုန်းကလည်း စပိန်နဲ့ ချီလီတို့ အခုလိုပဲ အုပ်စုတွင်း ဆုံခဲ့ဖူးပြီး စပိန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီညကစားကြမယ့်ပွဲတွေမှာ ပွဲဦးထွက် ၃ မှတ်ရထားတဲ့ နယ်သာလန်နဲ့ ချီလီတို့ပဲ အမှတ်တွေ ဆက်ယူသွားနိုင်မလား၊ တမှတ်မှ မရသေးတဲ့ စပိန်၊ ကင်မရွန်း၊ သြစတြေးလျနဲ့ ခရိုအေးရှား စတဲ့ အသင်းတွေ ၃ မှတ် စတင် ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ကြောင်းပါ။

 By ရွှေအောင် (ဒီဗွီဘီ)


စပိန်အနိုင် ဂိုးမပြတ်  စပိန်အနိုင် ဂိုးမပြတ် Reviewed by သစ်ထူးလွင် on 16:50 Rating: 5
Powered by Blogger.