မင်းကင်း၊ ဇွန် ၉
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ဇွန်လ ၈ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး သံပေါက်ချောင်းရေ ရုတ်တရက်ကြီးလာသည့်အတွက် မင်းကင်းမြို့နယ်၊ သံပေါက်ချောင်းကျေးရွာမှ လူနေအိမ် ၃၃လုံး ဖျက်သိမ်းကာ ရေလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချောင်းရေကြီးမှုကြောင့် ဇွန်လ၈ရက် နံနက် ၇နာရီက သံပေါက်ချောင်းကျေးရွာမှ သွပ်မိုး၊ပျဉ်ကာအိမ် ၃လုံး၊ သွပ်မိုး၊ထရံကာအိမ် ၁၆လုံးနှင့် ဝါးကပ်ကာအိမ် ၁၄လုံးကို ရေဘေး ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများက ဖျက်သိမ်းကာ ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။
ပြောင်းရွှေ့ရသည့် လူနေအိမ် ၃၃လုံးမှ လူဦးရေ ၁၆၆ဦးသည် ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တတည်းခိုလျက်ရှိသည်။
အဆိုပါ ချောင်းရေကြီးမှုကြောင့် စိုက်ပျိုးလယ်ယာမြေဧက(၂၀)လည်း သဲများဖုံးလွှမ်း ပျက်ဆီးခဲ့ရပြီး ချောင်းရေတိုက်စားမှုကြောင့် မြေဧက ၂၀ကျော် ကမ်းပါးပြိုကျခဲ့သည်။
ကိုတိုးကြီး
Mizzima - News in Burmese

မိုးကြီးကာ ချောင်းရေလျှံ၍ နေအိမ်၃၃လုံးဖျက်ကာ ရေလွတ်ရာတိမ်းရှောင်ခဲ့ရ
Reviewed by သစ်ထူးလွင်
on
17:38
Rating: