စားကျက်မြေတွင် ဒီရေတော စိုက်ပျိုးသည့် ကိစ္စနှင့် ပတ်သက်၍ စိုက်ပျိုးသူများနှင့် လက်ရှိ လုပ်ကိုင်နေသူများ အကြား ပဋိပက္ခများ ဆက်လက် ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ကျုံကနပ် စားကျက်မြေတွင် မေလ (၁၂) ရက်နေ့မှ စတင်ကာ ဒီရေကာတောများ စိုက်ပျိုး နေကြပြီး လက်ရှိ အချိန်အထိ ဒီရေကာတော ဧက(၁၁၀၀) ကျော်တွင် အပင်ပေါင်း (၉၀၀၀၀) ကျော် စိုက်ပျိုးခဲ့ရာ ဒီရေကာတော ပြန်လည် စိုက်ပျိုးသူ ဒေသခံများနှင့် လက်ရှိ လယ်မြေ လုပ်ကိုင်နေသူ ဒေသခံများ ထိပ်တိုက် တွေ့ဆုံမှု သုံးကြိမ် တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။
ဇွန်လ(၃) ရက်နေ့တွင် စိုက်ပျိုးထားသည့် ဒီရေကာတော အပင်များကို လက်ရှိလယ်မြေ လုပ်ပိုင်ခွင့် ရထာသူများက လယ်ယာမြေ ထွန်ယက် စိုက်ပျိုးရန် လက်တွန်း ထွန်စက် များဖြင့် ဖယ်ရှား ဖျက်ဆီးခဲ့ကြောင်း ဒီရေကာတော ပြန်လည် စိုက်ပျိုးထားသည့် ဒေသခံများက ဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ၀န်ကြီးချုပ် ဦးသိန်းအောင်က ဒီရေကာတောများ ပြန်လည် စိုက်ပျိုးရန်နှင့် တိုင်းဒေသကြီးအစိုးရ အနေဖြင့်လည်း ကူညီဆောင်ရွက် ပေးသွားမည်ဟု ဧပြီလ(၈) ရက်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြောကြားခဲ့ဖူးသည်။
““ပဋိပက္ခကတော့ ဖြစ်နေပြီ။ သွေးထွက်သံယို မဖြစ်တာပဲ ရှိတယ်။ ကျွန်မတို့ကလည်း ဒီရေကာတော မရှိလို့ နာဂစ်တုန်းက ခံစားခဲ့ရပြီး သက်ဆိုင်ရာ တွေကလည်း ဒီရေကာတောတွေ ပြန်လည် စိုက်ပျိုးသင့်တယ် ပြောထားပြီ။ ကြာလာရင်တော့ အခြေအနေတွေ တော်တော် ဆိုးတော့မှာ။ ဒါကြောင့် သွေးထွက် သံယိုတွေ မဖြစ်ခင် နှစ်ဘက် ပြေလည် စေချင်တယ်””ဟု ဒီရေကာတော ပြန်လည် စိုက်ပျိုးရာတွင် ပါဝင်သူ ညောင်လိန်ကုန်း ကျေးရွာမှ မစိုးစိုးက ပြောသည်။
ဒေးဒရဲ၊ တော်ကနိ၊ ညောင်လိန်ကုန်း ကျေးရွာ ၀န်းကျင်ရှိ စားကျက်မြေ များသည် ရှေးယခင်က ၀ိတိုရိယ ဘုရင်မကြီး ကိုယ်တိုင် သတ်မှတ်ပေးခဲ့ပြီး ဧက(၂၀၈၄) ဧက ရှိခဲ့သည်။
သို့သော် ရေတိုက်စားမှုကြောင့် စားကျက်မြေဧက တစ်ထောင်ကျော် ပျက်စီးခဲ့ရကာ ကျုံကနပ် စားကျက်မြေ (၁၀၈၃) ဧကတွင် လက်ရှိ လယ်ယာမြေ လုပ်ကိုင်နေသူ လယ်သမား(၁၂၀)ဦးခန့် ရှိသည်။
““ကျွန်တော်တို့ကလည်း နှစ်ပေါင်း (၂၀)လောက်တည်းက လုပ်ကိုင် လာရတာ အရင်းအနှီး တွေလည်း များတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မျှမျှတတ တွေ့ဆုံညှိနှိုင်းပြီး ဥပဒေအတိုင်း ဖြေရှင်း ဆောင်ရွက်ပေး စေချင်တယ်။ ပဋိပက္ခ သဏ္ဍာန်တွေ မလိုလားဘူး။ အခုက ထိပ်တိုက် တွေ့နေရပြီ။ သည်းခံနိုင်တဲ့ အဆင့်တွေက ကျော်လွန် သွားပြီဆိုရင်တော့ ဒီထက်ပိုဆိုးကုန်မယ်”” ဟု လက်ရှိ လယ်ယာမြေ ငါးဧက လုပ်ကိုင် နေခွင့်ရသူ ချောင်းသစ်ပေါက် ကျေးရွာမှ ဦးမြင့်စိုးက ပြောသည်။
ဇွန်လ(၃)ရက်နေ့က နှစ်ဖက် ပဋိပက္ခပုံစံ ဖြစ်သွားသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း သက်ဆိုင်ရာမှ မည်သို့ ဆောင်ရွက်ရန် ညွှန်ကြားထားခြင်း မရှိဘဲ လုံခြုံရေးအရ လိုအပ်ပါက ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ရဲမှူး ဦးသန်းဝင်းက The Messenger သတင်းစာသို့ ပြောသည်။
Messenger News Journal

ကျုံကနပ် စားကျက်မြေကိစ္စ နှစ်ဦးနှစ်ဖက် ပဋိပက္ခ ဖြစ်မည်ကို ဒေသခံများ မလိုလား
Reviewed by သစ်ထူးလွင်
on
15:04
Rating: