ကနေဒါ ရဲတပ်ဖွဲ့ဝင် (၃)ဦးကို ပစ်သတ်သွားသည်ဟု ယူဆရသော သေနတ်သမားကို ယခုအခါ လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီဟု သိရှိရသည်။ နယူးဘန်းစ်ဝစ်ခ်ရှိ မွန်တွန်အရပ်တွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ဒုတိယညတွင် သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ တော်ဝင် ကနေဒါ မြင်းစီးရဲတပ်ဖွဲ့က ရဲ(၃)ဦးကို ပစ်သတ်ပြီး (၂)ဦးကို ဒဏ်ရာရစေခဲ့သည့် လက်နက်ကိုင် အမျိုးသားကို ဖမ်းဆီးရမိပြီဟု ကြေညာသည်။ လူသတ်သမားကို ခြေရာခံ ရှာဖွေနေစဉ် အတောအတွင်းတွင် မွန်တွန်၌ ကျောင်းများ၊ ရုံးများကို ပိတ်ထားသလို လူနေအိမ်အားလုံးကိုလည်း တံခါးသော့ခတ်ထားကြပါရန် ရဲများက တိုက်တွန်းခဲ့သည်။
သို့သော်လည်း ယခုအခါ ဒေသခံများ အိမ်ပြင်ပြန်ထွက်နိုင်ပြီဟု ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ Social Mediaများထက်တွင် ပျံ့နှံ့လာသည့် ခပ်ဝါးဝါး ဓာတ်ပုံတစ်ပုံက တရားခံဖြစ်သူ ဂျက်စတင် ဘော်ကွီဖြစ်ကြောင်း ယူဆရသည်။ အသက်(၂၄)နှစ်ရှိ အမျိုးသားသည် အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်ကဲ့သို့ လက်နက်များကို ကိုင်ဆောင်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းကာ လမ်းလျှောက်လာနေသည်ကို ယင်းဓာတ်ပုံထဲတွင် တွေ့ရသည်။
“အဲဒီလူ ကျွန်မအိမ် နောက်ဖေးဘက်ထိ ရောက်လာသေးတယ်။ သူ့ကို ရဲတွေ ဖမ်းသွားတာကိုလည်း ကျွန်မကိုယ်တိုင် မြင်လိုက်တယ်”ဟု မစ်ချယ် တီဘိုဂျူဆိုသော အမျိုးသမီးက Twitterတွင် ရေးသားခဲ့သည်။ အထူးတပ်ဖွဲ့သည် တီဘိုဂျူ၏ နေအိမ်နောက်ဘက်တွင် ဘော်ကွီကို ဝန်းရံမိသွားပြီးနောက် လက်နက်ချ အဖမ်းခံရန် သတိပေးခဲ့ပြီး ဘော်ကွီကလည်း လိုက်နာခဲ့ခြင်းဟု ဆိုသည်။ ၎င်းလက်ချက်ဖြင့် ဒဏ်ရာရခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအနက် တစ်ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ကျန်တစ်ဦးမှာလည်း စိတ်ချရသော အခြေအနေတွင် ရှိနေကြောင်း သိရသည်။
Planet Myanmar Network.

ကနေဒါတွင် ရဲ(၃)ဦးကို သတ်ဖြတ်သွားသူအား ဖမ်းဆီးရမိ တော်ဝင် ကနေဒါ မြင်းစီးရဲတပ်ဖွဲ့က ရဲ(၃)ဦးကို ပစ်သတ်ပြီး (၂)ဦးကို ဒဏ်ရာရစေခဲ့သည့် လက်နက်ကိုင် အမျိုးသားကို ဖမ်းဆီးရမိပြီဟု ကြေညာ |
ကနေဒါတွင် ရဲ(၃)ဦးကို သတ်ဖြတ်သွားသူအား ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
07:02
Rating: