ရခိုင်ပြည်နယ် စစ်တွေမြို့  ကျောင်းတက်လမ်း ရပ်ကွက်နေ မောင်ဖြိုးဝေလင်း(ခ) ချိုတူး သည် 2/6/2014 နေ့တွင် မိမိ၏နေအိမ်မှ လက်ဖက်ရည်ဆိုင်သို့ လမ်းလျှောက်ထွက်လာစဉ် စစ်တွေ အမှတ် (1) ရဲစခန်းမှ ရဲအရာရှိများသည် မောင်ဖြိုးဝေလင်း (ခ)ချိုတူး အား မယုံသင်္ကာမှု ဖြင့် စစ်ဆေးရန် ရှိသည်ဟုဆိုပြီး စစ်တွေ အမှတ်(1) ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည် ။
ထို့နောက် မောင်ဖြိုးဝေလင်း (ခ) ချိုတူးအား အမှုစစ်ဆေးရန်( ရမန်နှစ်ပတ် )ယူမည်ဟုဆိုကာ စစ်ဆေးမေးမြန်းခဲ့ပါသည် ။ သို့သော် စစ်ဆေးမေးမြန်း၍ ပြစ်မှုတစုံတရာမှ မပေါ်ပေါက်ခဲ့ပါ ။ ပြစ်မှုမရှိပါပဲ ။ သက်သေအထောက်အထား မရှိပါပဲ ။ ပြည်သူတဦးအား ဂုတ်ကိုဆွဲ၍ အချုပ်ခန်းထဲတွင် နှစ်ပတ်တိတိထားခဲ့ပါသည် ။
ဤမျှမကသေး 16.6.2014 နေ့တွင် ပြစ်မှုကင်းစင်ကြောင်း စာရွက်စာတမ်းအချို့  နှင့် စခန်းမှတာဝန်ရှိသူတဦးက ဒီနေ့လွတ်ပေးမယ်ဟု မောင်ဖြိုးဝေလင်း အား လာရောက်တွေ့ဆုံသော မိတ်ဆွေများထံ ပြောကြားခဲ့ပါသည်။
အပြောသာရှိခဲ့ပြီး 17.6.2014 နေ့မှ စ၍ မောင်ဖြိုးဝေလင်း (ခ)ချိုတူး အား စစ်ဆေးမေးမြန်းသည်ဟု ဆိုကာ နယ်ထိန်းရုံးခန်းထဲ၌ လက်ထိပ် အဆင့်အဆင့်ခတ်၍ အခန်းပိတ်ကာ မတော်မတရားအမှုမပေါ်ပေါ်ပေါက်အောင် နည်းမျိုးစုံသုံး ညဉ်းပန်းနှိပ်စက်ပြီး တညလုံး အစာရေစာ မကျွေးပဲ တာဝန်ကျ ရဲတချို့က ခြေဖြင့်ကန်လိုက် နံပါတ်တုတ်တို့ဖြင့် ခြိမ်းခြောက် ရိုက်နှက်လိုက် ဖြင့် တညလုံး မိုးလင်းပေါက်ထိ မေးမြန်းနှိပ်စက်ခဲ့ပါသည်။
မောင်ဖြိုးဝေလင်း (ခ) ချိုတူးအား ညဉ်းပန်း နှိပ်စက်သည့် နေ့ရက်17.6.2014 မှစတင်ကာ ၄င်း၏ မိသားစုများနှင့်တွေ့ဆုံခွင့်ကို လုံးဝ တားမြစ်ထားပါသည် ။ 17.6.2014 နေ့မှ စတင်ကာ မောင်ဖြိုးဝေလင်း(ခ)ချိုတူးအား အမျိုးမျိုး ညဉ်းပန်းနှိပ်စက်နေသည်မှာ ယနေ့ 20.6.2014 ထိဖြစ်ပါသည် ။
နယ်ထိန်းရုံးခန်းထဲတွင် လက်ထိပ်အား အဆင့်ဆင့်ခတ်ကာ မတ်တပ်ရပ်ခိုင်းထားပြီး အစားအစာ မဆိုထားနှင့် ရေကိုတောင်မှ အလွန်တရာ ဆာလောင်သည်ဟု ပြောကြားမှ တစက်ချင်းစီ တိုက်ကျွေးပြီး ရက်စက်ညှင်းပန်းနေကြပါသည် ။
ယခု ဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသည် ။ အကျင့်ပျက်ခြစားမှုများ ။ နိုင်လိုမင်းထက် စိတ်ထားများ ဖြင့် ပြုလုပ်နေမှန်း သိသာလှပါသည် ။ စစ်တွေ အမှတ် ( 1 ) ရဲစခန်း၏ ဂုဏ်သိက္ခာသည် အဆင်အခြင်ကင်းမဲ့သော အကျင့်ပျက်ရဲသားတချို့၏ လက်ထဲတွင် အပုပ်နံ့ သတင်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပါသည် ။ လူ တဦးအား နှိပ်စက်ညှင်းပန်း ရန်အသင့်ရှိနေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ကျွန်ပ်တို့ ပြည်သူများ အားကိုးယုံကြည်သင့်ပါသလား ? မိမိတို့ စိတ်ထင်လျှင်ထင်သလို မထင်လျှင် မထင်သလို လုပ်ကွက် အာဏာတို့အား ဗန်းပြကာ ယခုကဲ့သို့ နှိပ်စက်ညှင်းပန်းမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထက်အရာရှိများ ။ ပြည်သူ့ရဲဝန်ထမ်းကောင်းများအား သိစေလိုပါသည် ။
ယခု အခါ မောင်ဖြိုးဝေလင်း (ခ) ချိုတူးသည် လုံးဝ အားပြတ်ကာ သတိလစ်မေ့မျော့နေသဖြင့် အချုပ်ခန်းထဲတွင် ရောက်ရှိနေကြောင်း သိရှိရပါသည် ။ ထို့ကြောင့် သက်ဆိုင်ရာ လူကြီးမင်းများ အနေဖြင့် ပြစ်မှုတစုံတရာမှ မတွေ့ရှိသူကို လူသားချင်းကိုယ်ချင်းစာနာစိတ်ထား၍ လွတ်မြောက်ပေးသင့်ပါကြောင်း တောင်းဆိုလိုက်ရပါသည် ။
မိသားစုဝင်တဦး
BY THIT HTOO LWIN

မောင်ဖြိုးဝေလင်း(ခ) ချိုတူး |
စစ်တွေရဲစခန်းမှ အပြစ်မဲ့ လူငယ်တဦးအား မတရား ညှင်းပန်း ချုပ်နှောင်မှု
Reviewed by သစ်ထူးလွင်
on
19:15
Rating: