မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်က ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက လနဲ့ ချီပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမား ၇၀၀ ကျော်ကို အလုပ်ရှင်က လျော်ကြေးငွေတွေ မနေ့က စတင် ထုတ်ပေးပေမယ့် အများစုက ငြင်းဆန်ကြတယ်လို့ သိရပါတယ်။
လျော်ကြေးငွေကို စဥ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ထုတ်ပေးနေတာ ဖြစ်ပြီး မနေ့ညကနေ ဒီနေ့ အထိ အလုပ်သမား ၁၀ ယောက်ကသာ လျော်ကြေးငွေ ထုတ်ယူခဲ့ပါတယ်။ ကျန်တဲ့ အလုပ်သမားအများစုကတော့ လျော်ကြေးငွေ မယူကြသေးဘူးလို့ သိရပါတယ်။
လျော်ကြေးငွေကို အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း လျော်ကြေးငွေတွေ ထုတ်ပေးတာဖြစ်တယ်လို့ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
"အကိုတို့ကလည်း ကြားဝင်ပြီးညှိနှိုင်းပေးတယ်၊ ဟုတ်ပြီ ကလေးတွေ ပြန်ချင်ကြတယ်ဆိုရင် သူတို့လည်းမနစ်နာကြအောင် မင်းတို့ပေးနိုင်ရင် စက်ရုံဘက်က မင်းတို့ပေးပေး ညှိနှိုင်းပေးတယ်၊ ငါတို့သိတာတော့ အထဲမှာ တစ်ချို့ ကလေးတွေက ပြန်ချင်တယ် ၊ ပြန်ချင်တယ်ဆိုရင် ပြန်လို့ရအောင် တို့ကစီစဉ်ပေးတဲ့သဘောပေါ့ ၊ ပြင်ဆင်ပေးတဲ့ အနေအထားမှာ အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ သူတို့ ကျေနပ်တာ၊ မကျေနပ်နပ်တာ သူတို့ တစ်ပိုင်းပေါ့၊ တရားဝင် သက်မှတ်ထားတဲ့ အလုပ်သမားဝန်ကြီးဌါနက သက်မှတ်ထားတဲ့ စံနှုန်းအတိုင်းပဲ သူတို့တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက သူ့ဟာသူ စစ်ဆေးပြီး ပြုပြင်နိုင်မှာ ဆိုတော့ အလုပ်သမားဘက်ကလည်း သူ့အခွင့်အရေးရှိတာက အဲ့ဒီ ဥပဒေနဲ့ မညီရင် ပြောလို့ဆိုလို့ ရတယ်၊ ဆွေးနွေးလို့ရတယ်၊ ကန့်ကွက်လို့ရတယ်"
အလုပ်သမား ၇၀၀ ကျော်လောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ ချီတက်လာစဉ် စဥ့်ကိုင်မြို့အထွက် ကားလမ်းမှာ ရဲတပ်ဖွဲ့က တားဆီး ခဲ့တဲ့အတွက် စဥ့်ကိုင်မြို့အထွက် တိုးဂိတ်နားက ရတနာလင်္ကာရကျောင်း တိုက်မှာ လက်ရှိသပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမား ၇၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အလုပ်ရှင် အလုပ် သမားသဘောတူစာချုပ်ကို လက်မခံလို့ဆိုပြီး အလုပ်ကနေ ထုတ်ခံရတာဖြစ်ပါတယ်။
ဆန္ဒပြအလုပ်သမားခေါင်းဆောင် ၁၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေ မှု ပုဒ်မ ၅၀၅(ခ)၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လူစုလူဝေးမှာ ပါဝင်မှု ပုဒ်မ ၁၄၃ တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရ ပါတယ်။
RFA Burmese

စဥ့်ကိုင် ဆန္ဒပြ လုပ်သားများ လျော်ကြေးငွေ ငြင်းဆန်
Reviewed by သစ်ထူးလွင်
on
21:57
Rating: