အရည် အချင်း ပြည့်မီသည့် ဘက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအား အလယ်တန်း နှင့် အထက်တန်း အဆင့်များ အဖြစ် တိုးမြှင့် ဖွင့်လှစ် ခွင့်ပြုရန် တစ်နိုင်ငံလုံး ဆိုင်ရာ ဘက ပညာရေး ကျောင်းများ ညီလာခံ မှ ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း ညီလာခံ တက် ရောက် ပါဝင် ခဲ့သည့် International Pali Education Center မှ ဆရာတော် ဘဒ္တသောဘိတ က မိန့်ကြားသည်။ ပြုပြင် ပြောင်းလဲနေတဲ့ အချိန်မှာ တကယ်လည်း လိုအပ်နေတဲ့ ကျောင်းတွေ ဖြစ်တယ်။ ပုဂ္ဂလိက ကျောင်းတွေ တောင် ဖွင့်ခွင့် ပေးလိုက်ပြီ။ ဘက ကျောင်းတွေ ကိုလည်း ဖွင့်ခွင့် ရဖို့ပါ။ သာသနာရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပညာရေး ၀န်ကြီးဌာန နဲ့ လွှတ်တော်တို့ကို တင်ပြ သွားမှာပါ ဟု ဆရာတော်က မိန့်ကြားသည်။ အဆိုပါ ညီလာခံ အား ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံး မြို့နယ်ဟောင်း ပရဟိတ တပ်ဦးကျောင်း၌ မေလ (၂၉) ရက်နေ့ မှ (၃၁) ရက်နေ့ အထိ ပြုလုပ် ခဲ့ကြပြီး သာသနာရေး ၀န်ကြီး ဌာန တာဝန်ရှိ သူများ၊ သံဃာ့ နာယက ဆရာတော်ကြီးများ နှင့် ဘက ပညာရေး ကျောင်းများ မှ ဆရာတော်များ တက်ရောက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
၂၀၁၃ ခုနှစ် အတွင်း နိုင်ငံတော် သမ္မတမှ အရည်အချင်း ပြည့်မီသည့် ဘကကျောင်း များအား အထက်တန်းကျောင်း အဖြစ် တိုးချဲ့ ဖွင့်လှစ်ခွင့် ပေးရန် လမ်းညွှန် ထားခဲ့ သော်လည်း နောက်ပိုင်းတွင် ယခင်မူဝါဒ အတိုင်း ဘက ကျောင်းများအား အလယ်တန်း၊ အထက်တန်း ကျောင်း များအဖြစ် တိုးမြှင့် ဖွင့်လှစ်ခွင့် မပြုရန် နိုင်ငံတော် သမ္မတရုံးမှ ပြန်လည် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆရာတော်ထံမှ သိရသည်။
သင်ကြားမယ့် ဆရာတွေ အပြည့်အ၀ ရှိတယ်။ အရည်အသွေး ပြည့်မီတယ် ဆိုရင် အောင်မြင်မှု ရှိမှာပါ။ တချို့ အငြိမ်းစား ဆရာမကြီး တွေ ကလည်း ပညာဒါန အနေနဲ့ သင်ကြား ပေးကြတာတွေ ရှိတယ်။ ဒီလို ဆရာမကြီးတွေသာ ဘကကျောင်းမှာ သင်ကြားပေး နိုင်မယ် ဆိုရင် သင်ကြား ရေးက ကောင်းမွန်မှာပါ ဟု အမှတ် (၃)၊ အခြေခံ ပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့ က ပြောသည်။
လက်ရှိတွင် နိုင်ငံတော်မှ မူလတန်း၊ အလယ်တန်းအဆင့် အခမဲ့ ပညာရေးစနစ် ကျင့်သုံးနေပြီဖြစ်သော်လည်း မြို့နယ်နှင့် ကျေးရွာအချို့ မှ ကလေးငယ်များမှာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ပညာသင်ကြား နေရဆဲဖြစ်ကြောင်း ကလေးသူငယ် ဘက်စုံ ဖွံ့ဖြိုးရေး ဆောင်ရွက်နေ သူများထံမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဘက ကျောင်းပေါင်း (၁၈၀၀) ၀န်းကျင် ရှိပြီး အထက်တန်းကျောင်း အဖြစ် ဖွင့်လှစ်ခွင့်ရထားသည့် ဘက ကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း (၃၅) ကျောင်းသာ ရှိနေကြောင်း ဘက ပညာရေးကျောင်း ဆရာတော်များ ထံမှ သိရသည်။
အောင်ဖြိုးဆွေ
Messenger News Journal

အရည်အချင်း ပြည့်မီသည့် ဘက ကျောင်းများကို အလယ်တန်းနှင့် အထက်တန်း အဆင့် တိုးမြှင့်ပေးရန် တောင်းဆို
Reviewed by သစ်ထူးလွင်
on
14:57
Rating: