ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် တစ်ဘက်ယာဉ်ကြောမှယာဉ်အား မျက်နှာချင်းဆိုင် ဝင်တိုက်

သထုံ ဇွန် ၈

သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်အရှေ့ ရန်ကုန်-ဘားအံ အဝေးပြေး လမ်းမပေါ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်သော ၁၂ ဘီးယာဉ်က တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်၊ ည ၈ နာရီ ၄၀ မိနစ် အချိန် ခန့်က သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်(ဂ) ရပ်ကွက် အရှေ့၊ ရန်ကုန်-ဘားအံ ကားလမ်း မိုင်တိုင် အမှတ်(၂/၆)နှင့် (၂/၇) အကြားတွင် ရန်ကုန်မှ ဘားအံဘက်သို့ ယာဉ်မောင်း ဦးဖိုးရှိန်း မောင်းနှင်လာသော ယာဉ်အမှတ် ၂ဂ/၅၅၁၄ UD Nissan ၁၂ ဘီး ယာဉ်သည် ရှေ့မှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ဘားအံမှ ရန်ကုန်သို့ ယာဉ်မောင်း ဦးကျော်ကျော်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် ၅ခ/၄၉၂၉ အောင်ထူးဆန်း ခရီးသည်တင် မှန်လုံယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက် တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မှန်လုံယာဉ် နောက်လိုက်ဖြစ်သူ ကိုပြည့်ဖြိုးကျော်၊ အသက်(၂၄)နှစ်မှာ ဦးခေါင်းကွဲ၊ ယာဒူးကျိုး ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး မှန်လုံယာဉ်ပါ ခရီးသည် ၆ ဦးနှင့် ၁၂ ဘီး ယာဉ်ပါ ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ ဒဏ်ရာရရှိသူများအား သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူ တို့က ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးဖိုးရှိန်း အား သုဓမ္မဝတီရဲစခန်းမှ ဒုရဲအုပ် ကျော်သူရမျိုးက တရားလိုပြုလုပ်ကာ ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar




ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် တစ်ဘက်ယာဉ်ကြောမှယာဉ်အား မျက်နှာချင်းဆိုင် ဝင်တိုက်  ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် တစ်ဘက်ယာဉ်ကြောမှယာဉ်အား မျက်နှာချင်းဆိုင် ဝင်တိုက် Reviewed by သစ်ထူးလွင် on 10:55 Rating: 5
Powered by Blogger.