မန္တလေး၊ ဇွန် ၆
မန္တလေးနန်းတွင်း တပ်က သိမ်းယူထားသည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ ကျေးရွာပိုင် လယ်မြေဧက သုံးထောင်ကျော် ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူ ၃၀၀ ဦးကျော်သည် ဇွန်လ ၆ ရက်နေ့မှ စတင်ကာ ထွန်တုံးတိုက်ပွဲ ပြုလုပ်လျက် ရှိကြောင်း အဆိုပါ ညောင်ဝန်းကျေးရွာ ဒေသခံ တောင်သူများထံမှ သိရသည်။
ယင်းကျေးရွာပိုင် လယ်ယာမြေ ဧက ၃၀၆၂ ဒသမ ၄၃ ဧကကို ၁၉၉၃ ခုနှစ်တွင် မန္တလေးနန်းတွင်းထဲရှိ (၁၂၁) တပ်ရင်းက တပ်ဖူလုံရေး ရိက္ခာအဖြစ် သိမ်းယူခဲ့ကာ ၃၂ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဂရိတ်ဝေါကုမ္ပဏီသို့ ပြန်လည် အငှားချပေးထားခဲ့ကာ မူလ တောင်သူများကိုလည်း လျော်ကြေး တစ်စုံတစ်ရာ ပေးအပ်ခဲ့ခြင်း မရှိကြောင်း၊ လက်ရှိတွင် ဂရိတ်ဝေါကုမ္ပဏီက ကြံစိုက်ကွင်း ပြုလုပ်ထားကြောင်း အဆိုပါ ဒေသခံ တောင်သူများက ရှင်းပြသည်။
ယင်းသို့ ထွန်တုံးတိုက်ပွဲ ကျင်းပခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကာ ဖြစ်ထွန်းနေသော ကြံခင်းများထဲသို့ ဝင်ရောက် ထွန်ယက် စိုက်ပျိုးခြင်း မပြုဘဲ ကြံငုတ်ခင်းများနှင့် မြေလွတ်များတွင်သာ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း ဦးခင်မောင်ထွန်းက ထပ်လောင်း ပြောကြားသည်။
“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တဲ့ မြေယာတွေအားလုံး ပြန်လည်ရရှိ စိုက်ပျိုးနိုင်တဲ့အထိ ထွန်တုံးတိုက်ပွဲတွေ လုပ်ဆောင်သွားမှာပါ” ဟု ညောင်ဝန်းကျေးရွာ ဒေသခံ တောင်သူ ဦးခင်မောင်က ဆိုသည်။
ယင်းသို့ တပ်မတော်က သိမ်းဆည်းခဲ့ချိန်မှ စတင်ကာ ဒေသခံ တောင်သူများသည် နေ့စား လုပ်သားများအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ရကြောင်း၊ ဂရိတ်ဝေါကုမ္ပဏီ လုပ်ကိုင်ချိန်တွင်လည်း ယင်းကုမ္ပဏီ လုပ်ဆောင်နိုင်ခြင်း မရှိသော ဧက ၂၀၀ နီးပါးတွင်သာ ကျူးကျော် တောင်သူများ အနေနှင့် စိုက်ပျိုးလုပ်ကိုင် နေခဲ့ရကာ အများစုမှာ ကြံစိုက်ကွင်းများတွင် နေ့စား လုပ်သားများအဖြစ် လုပ်ကိုင်နေရကြောင်း၊ စီးပွားရေး အဆင်မပြေမှုများ ဖြစ်ပေါ်လျက် ရှိသောကြောင့် မိမိပိုင်ဆိုင်ခဲ့သော ဘိုးဘွားပိုင်မြေများ ပြန်လည် ရရှိသည်အထိ ထွန်တုံးတိုက်ပွဲများ ပြုလုပ်မည် ဖြစ်ပြီး ကုမ္ပဏီဘက်ကိုလည်း ကျန်ရှိနေသေးသည့် ကြံပင်များကို ရိတ်သိမ်းရန် အကြောင်းကြားခြင်းမျိုး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
လက်ရှိ ဖြစ်ပေါ်နေသော မြေယာ ပြဿနာများနှင့် ထွန်တုံးတိုက်ပွဲများ၊ ဒေသခံ တောင်သူများနှင့် ညှိနှိုင်းဖြေရှင်းရေး ကိစ္စများကို ဂရိတ်ဝေါ ကုမ္ပဏီအနေနှင့် မည်သို့ လုပ်ဆောင်သွားမည်နှင့် ပတ်သက်၍ ကုမ္ပဏီ တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။
The Voice Weekly

မန္တလေးနန်းတွင်း တပ်သိမ်း လယ်ဧက သုံးထောင်ကျော် ပြန်ရရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်
Reviewed by သစ်ထူးလွင်
on
10:56
Rating: