ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲတွင် လွန်ခဲ့သည့် ဇွန်လ (၁၀) ရက်နေ့၌ စစ်သားတဦးမှ အိမ်ထောင်ရှင် ဒေသခံ အမျိုးသမီးတဦးအား မုဒိမ်းကျင့်ရန် အကြမ်းဖက် ကြိုးစားမှု ဖြစ်ပွားပြီးနောက် ရေဇွာမြို့ရှိ အမျိုးသမီးများသည် အမျိုးသမီးများ ဘ၀ လုံခြုံရေးနှင့် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအတွက် ရေဇွာမြို့၌ လာမည့် တနလာင်္ာနေ့ (ဇွန်လ ၂၃) တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။
ထိုအစီအစဉ်အား မတူမြို့ရှိ အမျိုးသမီးလူမှုအဖွဲ့အစည်းနှင့် လူငယ်အဖွဲ့ကလည်း ထောက်ခံပြီး မတူပီမြို့တွင်လည်း ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပူးတွဲ ပြုလုပ်မည် ဖြစ်ကြောင်း ရေဇွာမြို့မှ ဦးဆောင်သူ
ဒေါ်ငွန်ချင်းပါရ်မှ ပြောသည်။
ဒေါ်ငွန်ချင်းပါရ်မှ “ဇွန်လ ၁၀ ရက်က ဖြစ်ရပ်မျိုးဟာ နေရာအတော်များများမှာ ဖြစ်ခဲ့ပါတယ်။ တိတ်တိတ်လေး ပြီးသွားတာ ချည်းပဲ။ အထူးသဖြင့် လမ်းပန်း ဆက်သွယ်ရေး ခက်တဲ့ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးများဘ၀က လုံခြုံမှု မရှိဆုံးပါ။ ဘာပဲဖြစ်သွားဖြစ်သွား ဘယ်သူမှ မသိကြဘူး။
အစိုးရကိုယ်တိုင်လည်း သိဖို့ခက်ခဲတယ်။ ဒါကြောင့် အစိုးရကော အားလုံးကို သိစေချင်တယ်။”ဟု ချင်းဝေါလ်မီဒီယာသို့ ပြောသည်။
ဆက်လက်၍ ဒေါ်ငွန်ချင်းပါရ်မှ အမျိုးသမီးများအား ဥပဒေအားဖြင့်သော်၎င်း၊ ပညာရေးအားဖြင့်သော်၎င်း ကားကွယ်သင့်ကြောင်းနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အထူးဂရုစိုက်ကာ လုံခြုံအောင် ကာကွယ်ပေးစေလိုကြောင်း သူမ၏ အမြင်ကို ထပ်လောင်း ပြောဆိုပါသည်။
ဆန္ဒထုတ်ဖော်ခွင့်အတွက် ရေဇွာမြို့နယ်ခွဲရဲစခန်းမှ ခွင့်ပြုချက်ပေးခွင့် မရှိကြောင်း ပြောဆိုသည့်အတွက် ရေဇွာမြို့မှ မိုင် (၉၀) နီးပါးဝေးကွာသော မတူပီမြို့တွင် တောင်းလျှောက်ပြီး ဖြစ်သည်ဟု သိရပြီး၊ မတူပီရဲစခန်းမှ အဖြေမရရှိသေးကြောင်းလည်း သိရသည်။
မတူပီမြို့သို့ အမျိုးသမီးခေါင်းဆောင်များ သွားရောက်ကာ ခွင့်ပြုချက် တောင်းခံနေစဉ်တွင် ဒေသခံအမျိုးသမီးများအား ရေဇွာမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးဟာမာန်မှ ဇွန်လ (၁၇) ရက်နေ့တွင်
ခေါ်ယူတွေ့ဆုံပြီး ဆန္ဒထုတ်ဖော်ပွဲတွင် မပါဝင်ရန် ခြိမ်းခြောက်မှုများလည်း ရှိသည်ဟုလည်း သိရသည်။
ခမ်ဘွေးလျန်
Chin World Media

ရေဇွာ (ဇိုတုန်) အမျိုးသမီးများမှ အမျိုးသမီး ဘ၀လုံခြုံရေး အတွက် ဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည်
Reviewed by သစ်ထူးလွင်
on
18:57
Rating: