ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့တွင်ရှိသော ၂၅ ကုတင် ဆံ့ ပြည်သူ့ ဆေးရုံ၌ ဆရာဝန် ၁ ဦးသာ ကျန်ရှိပြီး တာဝန် ထမ်းဆောင် နေရ သောကြောင့် သာပေါင်း ဒေသခံများ ဆေးကုသမှု ပြုလုပ်ရာတွင် အခက်အခဲ များ ကြုံတွေ့နေကြောင်း သိရသည်။
သာပေါင်းဆေးရုံတွင် မူလ က ဆရာဝန် ၅ ဦးရှိခဲ့သဖြင့် ဒေသခံ များဆေးကုသရာတွင် အဆင်ပြေခဲ့ သော်လည်း ၂၀၁၄ ခုနှစ်ဆန်းပိုင်းတွင် ဆရာဝန် ၄ ဦး ပြောင်းရွှေ့သွားခဲ့ပြီး နောက် မြို့နယ်ဆရာဝန်ကြီး ၁ ဦးသာ ကျန်ရစ်ခဲ့သဖြင့် ဆေးကုသမှုပြုလုပ် ရာတွင် အခက်အခဲများတွေ့ကြုံလာရ ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“ဆရာဝန်ကြီးကလည်း နေပြည်တော် အစည်းအဝေးတို့ ခရီး သွားနေရတာမျိုးတွေဆိုရင် မွေးလူနာ တွေ အရေးကြီးလူနာတွေကို ဆေးရုံ ကဆရာမတွေကလည်း လုပ်မပေးရဲ တော့ ပုသိမ်ဆေးရုံကိုချည်းပဲ လွှဲပို့နေ ရတာ ဘယ်လိုမှ အဆင်မပြေဘူး”ဟု သာပေါင်းမြို့ခံ တစ်ဦးက ပြောသည်။
မကြာသေးခင်ကလည်း မွေးလူနာတစ်ဦး သာပေါင်းဆေးရုံ ရောက်လာရာတွင် တာဝန်ကျဆရာမများက မွေးမပေးရဲ သဖြင့် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ သော်လည်း လမ်းခုလတ်ရှိ ဇီးဖြူ ကွင်းကျေးရွာသို့ အရောက်တွင် မွေး ဖွားခဲ့သဖြင့် ချက်ကြိုးတန်းလန်းဖြင့် သာ ပုသိမ်ဆေးရုံအထိ သယ်ဆောင် ရပြီး ပုသိမ်ဆေးရုံရောက်မှ ချက်ကြိုး ဖြတ်ရသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ ကြောင်း ဒေသခံတို့ကဆိုသည်။
ဧပြီလအတွင်းက ကျင်းပ ပြီးစီးခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော် အစည်းအဝေးတွင် သာပေါင်းဆေးရုံမှ တစ်ပြိုင်နက်ထဲ ဆရာဝန် ၄ဦး ရွှေ့ ပြောင်းသွားသည့်ကိစ်္စရပ်အား သာ ပေါင်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်မှ ကြယ်ပွင့်ပြ မေးခွန်းအဖြစ် တင်ပြမေးမြန်းခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုရေး ၀န်ကြီးဒေါ်ခင်စောမူက ဆရာဝန်များ ရွှေ့ပြောင်းသွားသည်ကို သူမသိရှိ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“လွှတ်တော်ထဲမှာ ကျွန် တော် မေးခွန်းအဖြစ်မေးမြန်းတော့ လူမှုရေးဝန်ကြီးက သူမသိလိုက်ပါ ဘူးတဲ့။ ဆရာဝန်တွေ ရွှေ့ပြောင်းတာ ဟာ ပြည်ထောင်စုကပဲ တိုက်ရိုက်လုပ် နေတာ ဖြစ်ပါတယ်တဲ့။ အဲ့လို ပြန်ဖြေ တယ်ဗျ။ လတ်တလောမှာတော့ ဆရာ ၀န်အစား ပြန်ချထားပေးတာမရှိတော့ လူနာတွေ အတော်လေးဒုက်္ခရောက်နေ ကြတယ်။ ကျွန်တော့်ဆန်္ဒကတော့ သာပေါင်းဆေးရုံအတွက် ဆရာဝန်တွေ အမြန်ဆုံး ပြန်လည်ချထားပေးစေချင် ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ သာပေါင်းမြို့နယ် ကိုယ် စားလှယ် ဦးဝင်းသိန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၏ အဆင်းရဲ ဆုံးမြို့တစ်ခုဖြစ်သော သာပေါင်းမြို့ နှင့်ပုသိမ်မြို့သည် မိုင် ၂၀ ကျော် ကွာဝေးသည့်နေရာတွင်ရှိပြီး လမ်းခရီး မှာလည်း အလွန်ကြမ်းတမ်းကြောင်း သိရသည်။
၂၈-၆-၂၀၁၄ နေ့ထုတ် First News Journal မှ
The First Media Group

သာပေါင်းပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး တစ်ဦးသာရှိသည့်အတွက် လူနာများအခက်တွေ့နေ
Reviewed by သစ်ထူးလွင်
on
12:03
Rating: