နိုင်ငံရေးကို ကားပါမစ်တွေ၊ ငွေတွေနဲ့ မလဲမိကြဖို့လိုပါသည်

 နိုင်ငံရေးပါတီတွေကို မြေကွက်တွေနဲ့ ကားပါမစ်တွေ ချပေးဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ရပါတယ်။ နိုင်ငံရေးပါတီတွေထံ ကမ်းလှမ်းတဲ့စာကို လမ်းညွှန်ပေးနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သမ္မတရုံးသို့ မေလ ၂၂ ရက် နေ့စွဲနဲ့ စာပေးပို့ခဲ့တယ်လို့ ထိုသတင်းစာထဲမှာ ဖော်ပြထားပါတယ်။

အကြောင်းအရာ တစ်မျိုးစီအတွက် သီးခြားစီ ရေးသားပေးပို့ခဲ့တဲ့ ထိုစာတွေထဲမှာ နိုင်ငံရေးပါတီတွေအနေ နဲ့ ပါတီရုံးတွေ ဖွင့်လှစ်နိုင်ရေးအတွက် ရုံးအဆောက်အအုံ သို့မဟုတ် မြေနေရာရရှိရေးကိစ္စနဲ့ နိုင်ငံရေး ပါ တီတွေ အခွန်က လွတ်လပ်ခွင့်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပြုနိုင်ရေးကိစ္စဆိုတဲ့ ခေါင်းစဉ်တွေတပ် ကာ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက လက်မှတ်ထိုးပြီး ပေးပို့ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ထိုစာထဲမှာ ကော်မရှင်ဥက္ကဋ္ဌ လက်ရှိအချိန်မှာ မှတ်တမ်းတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီရှိနေပြီး ထို နိုင်ငံရေးပါတီတွေဟာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ဖော်ဆောင်ရာမှာ အဓိကျတဲ့ နိုင်ငံရေး အင်အားစုတွေ ဖြစ်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်နဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို တစ်ဖက်တစ်လမ်းက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံရေး ပါတီတွေအနေနဲ့ ပါတီရုံးခန်းတွေဖွင့်လှစ်ရန် အခက်အခဲတွေ ရှိနေတယ်။

ထို့အတွက် ပါတီအသီးသီးရဲ့ ဌာနချုပ်တွေ တည်ရှိတဲ့ မြို့တွေမှာလည်းကောင်း သို့မဟုတ် ရန်ကုန်မြို့မှာ လည်းကောင်း၊ ပါတီဌာနချုပ်တွေ ဖွင့်လှစ်နိုင်ဖို့အတွက် နိုင်ငံတော်ပိုင် လစ်လပ်လျက်ရှိတဲ့ အဆောက်အအုံ တွေ၊ အခန်းတွေ သို့မဟုတ် ရုံးခန်းဆောက်လုပ် ဖွင့်လှစ်နိုင်ဖို့ သင့်လျော်တဲ့ မြေနေရာတွေ ရရှိသူတွေ အတွက် လိုအပ်သလို လမ်းညွှန်မှုပြုပါရန် သမ္မတထံ တင်ပြထားတယ်လို့ သိရပါတယ်။

သမ္မတထံ ပေးပို့ထားတဲ့ ပြည်ထောင်စု အကြောင်းပြချက်နှစ်ခု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ စာကို လေ့လာကြည့်တဲ့အခါမှာ တွေ့ရပါတယ်။

ပထမအချက်က စစ်မှန်ပြီး စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာမှာ အဓိ ကကျတဲ့ နိုင်ငံရေးအင်အားစုတွေဖြစ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းက အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေး ပါတီတွေဟာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့ အခက်အခဲ ရှိနေတယ်ဆိုတဲ့ အပိုင်းပါ။

ဒုတိယအချက်ကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းဖြစ်စေ၊ ပါတီဝင် စည်းရုံး ရေးပါတီရဲ့ မူဝါဒသဘောထားများ ရှင်းလင်းရာမှာလည်းကောင်း မဲဆွယ် စည်းရုံးရာမှာ လည်းကောင်း၊ သွားလာရန် လွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီ တစ်ပါတီလျှင် မော်တော်ယာဉ်ငါးစီး အခွန်ကင်းလွတ် ခွင့်နဲ့ တင်သွင်းခွင့်ပြုရေးဆိုတဲ့ အကြောင်းပြချက်ပါ။

ယခုလိုကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီရုံး အဆောက်အအုံတွေရရှိရေးနဲ့ အဆင်သင့်ရှိနေတဲ့ အဆောက် အအုံတွေကို မပေးနိုင်ပါက ပါတီရုံးအဆောက်အအုံတွေ ဆောက်လုပ်နိုင်ဖို့ မြေနေရာတွေ ပေးကမ်း ထောက်ပံ့ရေးနဲ့ ပါတီလုပ်ငန်းတွေအတွက် အသုံးပြုနိုင်ဖို့ ကားပါမစ်တွေ ချပေးရေးအတွက် သမ္မတထံ တင်ပြတောင်းခံတာကို မိမိတို့ပါတီအတွက် ရုံးအဆောက်အအုံတွေ မြေနေရာတွေ သို့မဟုတ် မော်တော် ယာဉ်တွေ လိုချင်နေကြတဲ့ ပါတီတွေ၊ ကော်မရှင်ဥက္ကဋ္ဌကြီး နောက်နှစ်ပေါင်းများစွာအထိ ဒီရာထူးမှာ မြဲပါ စေလို့ လက်ရုံးဆန့်တန်းပြီး ကြွေးကြော်ကောင်း ကြွေးကြော်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ယခုဇာတ်လမ်း ရဲ့ စတင်မှုဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ရန်ကုန်မြို့မှာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက်္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့စဉ်က ပါတီတချို့က တင်ပြတောင်းဆိုခဲ့ ရာမှ စတင်ခဲ့တာ ဖြစ်လို့ပါပဲ။

ယနေ့အချိန်ဟာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလလောက်မှာ လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ နီးကပ်လာနေချိန်လည်း ဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သိပ်မဝေးတော့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

ထိုအချိန်အခါမျိုးမှာ ကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်တွေကို တစ်ဖက်တစ်လမ်းက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီတွေ ဟာ ပါတီရုံးခန်းတွေဖွင့်လှစ်ဖို့ အခက်အခဲရှိနေတဲ့အဖြစ်ကို ကရုဏာသက်စွာနဲ့ နိုင်ငံတော် သမ္မတထံ မြေ နေရာတွေ အဆောက်အအုံတွေ ပေးနိုင်ရေးအတွက် လမ်းညွှန်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံရေးပါတီတွေကို ကားပါမစ်တွေပေးဖို့ သမ္မတထံ ထောက်ခံတင်ပြရာမှာ လည်း ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင်အင်အား တောင့်တင်းခိုင်မာစေရေးအတွက် ပါတီစည်းရုံးရေးနဲ့ ပါတီမူဝါဒ သဘောထားတွေကို ရှင်းပြဖို့နဲ့ မဲဆွယ်စည်းရုံးရေးလုပ်ရာမှာ သွားရေးလာ ရေးအတွက် လွယ်ကူစေရန် မော်တော်ယာဉ်ငါးစီးစီကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့် ပြုသင့်တယ်လို့ ရေးသား ဖော်ပြခဲ့တယ်။

ကားပါမစ်တွေ ပေးဖို့အတွက် ကော်မရှင်ဥက္ကဋ္ဌက သမ္မတထံ ရေးခဲ့တဲ့စာထဲမှာ သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရတွေ နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ လွယ်ကူစေရေးဆိုတဲ့ အချက် တစ်ချက်ကိုလည်း ထည့်သွင်း ထားပါသေးတယ်။

ယခုလို ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ရုံးခန်း အဆောက်အအုံတွေပေးဖို့ မော်တော်ကားတွေကို အခွန်ကင်းလွတ်ခွင့်၊ ၀ယ်ခွင့်ပေးဖို့အတွက် သမ္မတထံ လမ်းညွှန်မှု တောင်းခံတဲ့သတင်းကိုဖတ်ရတဲ့ အချိန် မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီခရီးမှာ အချို့သော ဒီမိုကရေစီနိုင်ငံတွေရဲ့ ရှေ့ကိုပင် ရောက်ရှိနေပြီလားလို့ ထင်စရာ ရှိနေပါတယ်။

ကော်မရှင်ကိုယ်တိုင်က နိုင်ငံရေးပါတီတွေအပေါ် ကြီးစွာသော ကရုဏာတရားနဲ့ ကူညီစောင်မလိုတဲ့ ဆန္ဒတွေ ရှိနေတယ်ဆိုတဲ့ Message ကိုပါ ပေးချင်တဲ့သဘောကိုလည်း တွေ့နိုင်ပါတယ်။ သို့ပေမယ့် ထို အပိုင်းကတော့ အုပ်စိုးသူတွေဘက်က အပိုင်းပါ။ တကယ့်လက်တွေ့မှာတော့ နိုင်ငံရေး ပါတီတွေဘက်က စဉ်းစားရမယ့်အချက်တွေ အများအပြားရှိမယ်လို့ ထင်မြင်ပါတယ်။

လက်ရှိ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီ ၆၅ ပါတီထဲက ပါတီအားလုံးဟာ ၎င်းတို့ပါတီတွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေထဲမှာ တိုင်းပြည် အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်မယ်လို့ ဦးတည်ဖော်ပြထားတဲ့ ပါတီတွေပဲ ဖြစ်မှာပါ။ အာဏာ ပါးကွက်သားတွေပင် ဒီမိုကရေစီသမားတွေပါလို့ ကိုယ့်ကိုယ် ကိုယ် လော်ဘီ Lobby လုပ်နေကြတဲ့ ယနေ့လို အခါသမယမှာ လွှတ်တော် နိုင်ငံရေးလုပ်ဖို့ တည်ထောင်ထားကြတဲ့ ပါတီအားလုံးဟာ မိမိတို့ရဲ့ ပါတီမူဝါဒထဲမှာ ဒီမိုကရေစီ နိုင်ငံထူထောင်ရေး ဒီမိုကရေစီရရှိရေး ဆိုတဲ့ အချက်တွေကိုတော့ ထည့်သွင်းဖော်ပြကြမှာ ဖြစ်တယ်။

သို့ပေမယ့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလား၊ ခေါင်းတော်ညိတ် ဒီမိုကရေစီလား ဆိုတာကတော့ သီးခြားတည်ရှိတဲ့ ပြဿနာအဖြစ် ရှိနေနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုအကျိုး နဲ့ ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ကြတဲ့ ပါတီတွေဆိုရင်တော့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ပါတီတွေဖြစ်ဖို့ လိုတယ်။ပည်သူလူထုရဲ့ဘ၀ကိုခံယူပြီး ပြည်သူတွေနဲ့ အတူ ရပ်တည်တဲ့ ပါတီတွေဖြစ်ဖို့ လိုတယ်။

လွန်လေပြီးသော ကာလတစ်ခုဖြစ်တဲ့ ဖဆပလအစိုးရရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းကဆိုရင် အတိုက် အခံ ပမညတ အဖွဲ့ကြီးမှာ ကိုယ်ပိုင် ရုံးခန်းအဆောက်အအုံ မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ကိုယ့်မင်းကိုယ့်ချင်း လမ်းက တရားမျှတမှု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် (၀တ်လုံတော်ရနဲ့ တရားရေးဝန်ကြီးဟောင်း) ရဲ့ နေအိမ်မှာ တဲကြီးထိုးပြီး ရုံးဖွင့်ခဲ့ရတယ်။ ဒေါက်တာ အေးမောင် (ပထစနဲ့ပေါင်းပြီး ၀န်ကြီးရာထူးယူသွား တဲ့အခါမှာတော့ ပမညတ ဌာနချုပ်ကို ဆိမ်ကမ်းသာလမ်းက သခင်လွင်ရဲ့ နေအိမ်ကိုတိုက်ခန်းများ ဖွင့်ခဲ့ ရတယ်။

ဗမာပြည် အလုပ်သမား၊ လယ်သမား ပါတီ၊ ဘီတီယူစီ BTUC.... (ဗမာ နိုင်ငံလုံးဆိုင်ရာ တောင်သူလယ် သမား အစည်းအရုံး) ပြည်သူ့လူငယ်အဖွဲ့ချုပ် စတဲ့အဖွဲ့တွေဟာလည်း တိုက်ခန်းငှား၍သော်လည်းကောင်း ပါတီဝင်တစ်ဦးဦးရဲ့ တိုက်ခန်းမှာသော် လည်းကောင်း ဖွင့်ခဲ့ကြရတာပါ။

ထိုခေတ်တုန်းက ပါတီရုံးလုပ်ငန်းအတွက် သုံး၍ရမယ့်ကားဆိုလို့ ဆိုက်ကားပင် မပိုင်ခဲ့ကြပါဘူး။ ၀ိဓူရ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကြွေ၊ ဗိုလ်မြသွေးစတဲ့ ပမညတ ခေါင်းဆောင်တွေမှာ ကိုယ်ပိုင်ကား မရှိကြပါဘူး။

အမျိုးသား စီမံကိန်းဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန်လုပ်ခဲ့တဲ့ ဘီစီအက်စ် ဦးဘငြိမ်း တစ်ယောက်သာ အော်စတင် ကားလေး ပိုင်ဆိုင်ခဲ့ပါတယ်။ သို့ပေမယ့် ထိုခေတ်က အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ ဟာ အာဏာရ ဆိုရှယ်လစ်တွေရဲ့ ကုလားထိုင်တွေ လှုပ်ယမ်းသွားအောင် လုပ်နိုင်ခဲ့ကြတယ်။

ထိုခေတ်က အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ဆင်းရဲပင်ပန်းစွာနဲ့ (သူတို့မှာ ကိုယ်ပိုင်ဝင်ငွေ မရှိကြ ပါဘူး) ဒီမိုကရေစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ညီညွတ်ရေးတို့အတွက် လုပ်ဆောင်ခဲ့ကြပါတယ်။

သို့ဆိုရင် ယနေ့ခေတ် နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လမ်းကိုလျှောက်ကြမှာလဲ။ စေတနာနဲ့ပဲ ပေးပေး၊ ခင်မင်လို့ပဲပေးပေး၊ လူမှုရေး အကြောင်းပြပြီးတော့ပဲပေးပေး ပေးတာကတော့ ပေးတာပါပဲ။ ထိုပေးကမ်း စွန့်ကြဲမှုကို လက်ခံရယူသူဟာလည်း ဘယ်လို အကြောင်းပြချက်ပင် ရှိစေကာမူ ယူတာဟာ ယူတာပါပဲ။ ပေးတာ ယူတာတွေ့ရဲ့နောက်ကွယ်မှာ မမြင်ရတဲ့နှောင်ကြိုးတွေ သြဇာလွှမ်းမိုးသူတွေ ရှိလာ နိုင်တယ်။ ဒါ့အပြင် နိုင်ငံရေးလောကမှာ ငါးခုံးမတွေ အများအပြား တိုးပွားလာနိုင် တယ်။ အုတ်ရောရော၊ ကျောက် ရောရောတွေ ရှိလာနိုင်တယ်။

ဒီမိုကရေစီ အရေခြုံ သတင်းပေးတွေ ပဉ္စမံတပ်သားတွေ ပေါများလာနိုင်ပါတယ်။ ၁၉၈၈ အရေးတော်ပုံကြီး ပြီးနောက် ပါတီတွေ ဖွဲ့ခွင့်ပေးခဲ့ရာမှာ နိုင်ငံရေးပါတီတွေကို လိုင်းဖုန်းတပ်ပေးမယ်။ တစ်လကို ဓာတ်ဆီ ဂါလန် ၅၀ ပေးမယ်၊ ရုံးခန်းအတွက် စီစဉ်ေ ပေးမယ်ဆိုတဲ့ သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ လွှင့်ထုတ်ခဲ့ ကြတယ်။ သိပ်မကြာလှပါဘူး။ နိုင်ငံရေးပါတီ ပေါင်း ၂၃၀ ကျော်အထိ တိုးပွားလာခဲ့တယ်။ ယနေ့အချိန်မှာ နိုင်ငံရေးပါတီတွေ သီလ မကျိုးပေါက်ကြပါစေနဲ့လို့သာ ဆန္ဒပြုလိုက်ရပါတယ်။

ဝင်းထွဋ်ဇော်
Mizzima - News in Burmese

နိုင်ငံရေးကို ကားပါမစ်တွေ၊ ငွေတွေနဲ့ မလဲမိကြဖို့လိုပါသည်  နိုင်ငံရေးကို ကားပါမစ်တွေ၊ ငွေတွေနဲ့ မလဲမိကြဖို့လိုပါသည် Reviewed by သစ်ထူးလွင် on 14:10 Rating: 5
Powered by Blogger.