ရန်ကုန်မြို့ရှိ အခြေခံ ပြည်သူ အများအပြား နေထိုင်သည့် မြို့နယ်များတွင် ပျံကျ ဈေးရုံသစ်များ ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျံကျ ဈေးရုံများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် တည်ဆောက် သွားမည် ဖြစ်ပြီး ယင်းကဲ့သို့ တည်ဆောက်ပေး မှုကြောင့် အခြေခံ ပြည်သူများ အသား၊ ငါး၊ ဟင်းသီး ဟင်းရွက် စသည်တို့ ၀ယ်ယူရာတွင် ပိုမို လွယ်ကူစွာ ၀ယ်ယူ နိုင်မည် ဖြစ်ကြောင်း ဈေးများ ဌာနမှ သိရသည်။ ဒီဘဏ္ဍာ နှစ်မှာ ဈေးသစ်တွေ ဆောက်မယ့် အပြင် အရင်ရှိပြီးသား ဈေးဟောင်းတွေ ကိုလည်း အကြီးစား ပြုပြင်မှုတွေ ဆောင်ရွက် သွားမှာ ဖြစ်တယ် ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန) မှ ဌာနမှူးက ပြောသည်။ အဆိုပါ ပျံကျ ဈေးသစ် များအား အခြေခံ ပြည်သူ အများဆုံး နေထိုင် သည့် လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ သင်္ဃန်းကျွန်း နှင့် ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် များတွင် တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျံကျဈေးများ တည်ဆောက်ရန် ငွေကျပ်သန်း (၁၂၀၀) ကျော် သုံးစွဲ သွားမည် ဖြစ်ပြီး ဈေးဟောင်းများ အကြီးစား ပြုပြင်ရန် အတွက် လည်း ငွေကျပ် သန်း (၁၃၀၀) ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးတွေများ လာတာတော့ ဟုတ်ပါပြီ။ ဈေးနှုန်းတွေ ကများ နေရင်တော့ ဘာထူး မှာလဲ၊ ချိုသာတဲ့ဈေးနှုန်းမှ အခြေခံလူတန်းစားတွေက အဆင်ပြေနိုင်မှာ ဟု သင်္ဃန်းကျွန်း မြို့နယ်၊ စံပြဈေးအနီးတွင် နေထိုင်သူ ဒေါ်ကြည်မြင့်က ပြောသည်။
ရန်ကုန်မြို့ အတွင်းရှိ ဈေးများအား နှစ်စဉ် ပြုပြင်ခြင်း၊ အဆင့်မြှင့် တင်ခြင်းနှင့် ဈေးရုံသစ်များ တည်ဆောက်ခြင်းများ ပြုလုပ်ရာတွင် ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဈေးပေါင်း (၃၀) ပြုပြင်ရန် ကျပ်သိန်း (၁၂၀၀) ကို သုံးစွဲခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဈေး (၅၀)ခန့်အား အဆင့်မြှင့်တင်ရန် ကျပ်သိန်း (၅၀၀၀) ကျော် သုံးစွဲ ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)မှ သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် ဈေး ပေါင်း (၁၅၀) ကျော် ရှိပြီး အဆိုပါ ဈေးများအား နှစ်စဉ် ပြုပြင် မွမ်းနေကာ လိုအပ်ပါက ဈေးသစ်များလည်း ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
စိုးစည်သူ
Messenger News Journal

အခြေခံ ပြည်သူများ နေထိုင်သည့် မြို့နယ်များတွင် ပျံကျ ဈေးရုံများ တည်ဆောက်မည်
Reviewed by သစ်ထူးလွင်
on
19:26
Rating: