မြန်မာနိုင်ငံအရေးပေါ်အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC(Myanmar National Crisis Response Centre)မှ သင်တန်းသားများ၏ အခြေအနေ


၁။ မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC(Myanmar National Crisis Response Centre) ဖွင့်လှစ်နိုင်ရန်အတွက် EU နှင့် နိုင်ငံတော် သမ္မတကြီးတို့ လက်မှတ်ရေးထိုး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ရာမှ မြန်မာနိုင်ငံတွင် သင်တန်း(၂)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ EU မှ Mr.Bruno ဦးဆောင်ပြီး သတန်းများ ပို့ချခဲ့ပါသည်။

၂။ မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC ၏ ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံတွင် အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ သတင်းများ ရရှိအောင် ဌာနဆိုင်ရာပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသတင်းများကို အချိန်နှင့် တပြေးညီ ပြည်သူကို ချပြခြင်း၊ နိုင်ငံတော်သမ္မတကြီးထံ တင်ပြခြင်း၊ EU နိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ကာ မိမိနိုင်ငံမှ သတင်းများကိုလိုအပ်ပါက EU သို့ ပေးရမည်ဖြစ်ပြီး၊ EU မှ သတင်းများ ကိုလည်း လိုအပ်ပါက လက်ခံရမည်ဖြစ်ပါသည်။ အရေးပေါ်အခြေအနေဆိုသည်မှာ သဘာဝဘေး အန္တရာယ် ကပ်ဆိုးများ၊ မုန်တိုင်းများ၊ မြေငလျင်လှုပ်ခြင်း၊ MH-370 ကိစ္စများကဲ့သို့သော ကိစ္စများ၊ Political Case များ၊ လူမျိုးရေးကိစ္စများ၊ ဘာသာရေးကိစ္စများ စသည်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြောင်း သိရှိရပါသည်။

၃။ ရည်ရွယ်ချက်မှာ အလွန်ကောင်းမွန်ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ စေတနာကိုလည်း လေးစားအသိအမှတ်ပြုပါသည်။ သို့သော်ရည်ရွယ်ချက်ကို လက်တွေ့ အကောင်အထည်ဖော်လျက် ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးအကဲများအနေဖြင့် တစ်ယောက်နှင့်တစ်ယောက် ခေါင်းရှောင် နေမှု၊ အခွင့်အရေးအပေါ်စောင့်မျှော်မှု(ကိုယ်ကျိုးရှိလျှင်တော့ ငါဦးဆောင်မည်၊ မရှိဘူးဆိုရင်တော့ ငါခေါင်းရှောင်မည်ဆိုသည့်စိတ်ဓာတ်)များ ရှိနေပြီး National Crisis Response Centre တွင် အမှန်တကယ် တာဝန်ထမ်းဆောင်ရမည့် တပ်ဖွဲ့ဝင်များအပေါ် ကိုယ်ချင်းစာစိတ်မရှိဘဲ တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး၊ တွေ့ကြုံနေရသော ဒုက္ခအခက်များအပေါ် လုံးဝလစ်လျူရှုထားသည်ကို တွေ့ရှိရပါ သည်။

၎။ မြန်မာနိုင်ငံအရေးပေါ်အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC(Myanmar National Crisis Response Centre) ပေါ်ပေါက်လာရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် EU နိုင်ငံများသို့ ခရီးသွားရောက် ရာမှ EU အကြီးအကဲ Lady Ashton (EU High Representative)နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လည်း အရေးပေါ်အခြေအနေ တုန့်ပြန်မှုဗဟိုဌာနရှိသင့်ကြောင်း၊ သို့မှသာ နာဂစ်မုန်တိုင်းမျိုးကဲ့သို့ အခြေအနေကျရောက်လာပါက သမ္မတကြီး၏ဦးဆောင်မှုဖြင့် နိုင်ငံတကာနှင့် သော်လည်းကောင်း၊ ဌာနဆိုင်ရာ ပေါင်းစုံဖြင့်သော်လည်းကောင်း ပူးပေါင်းသတင်းများရယူဆောင်ရွက်နိုင်မည်ဖြစ်ကာ ကြိုတင်ကာကွယ်မှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ပြီး ပြည်သူလူထု အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ရာမှ နိုင်ငံတော်သမ္မတကြီး နှင့် ဆက်လက်ညှိနှိုင်းမှု ရရှိခဲ့ပြီးနောက် Training များ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် တာဝန်ထမ်းဆောင်မည့် ၀န်ထမ်း(၄၀၀)ခန့် ထားရှိမည်ဖြစ်ပြီး EU မှ ယူရိုငွေ(၁၀)သန်း ထောက်ပံ့မည် ဖြစ်ပါသည်။ တာဝန်ထမ်းဆောင်မည့် ၀န်ထမ်းတစ်ဦးချင်းအတွက် နိုင်ငံတော်မှ ပုံမှန်ပေးသည့် လစာအပြင် EU မှ လစဉ် ပုံမှန် 1200$ ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ထောက်ပံ့ ရခြင်းမှာ MNCRC တာဝန်ထမ်းဆောင်ရမည့်သူများသည် IQ ကြွယ်ဝရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်ဆုံးဖြတ် နိုင်စွမ်းမြင့်မားရမည်ဖြစ်ကြောင်း၊ အလုပ်အပေါ်မှာလည်း အမှန်စိတ်အားထက်သန်ပြီး English-Speaking ၊ ကွန်ပျူတာ စာစီစာရိုက်အပြင် Internet ၊ Email များ၊ ၀က်ဆိုက်အသုံးချနည်းများ ကျွမ်းကျင်ရမည့်အပြင် (၂၄)နာရီအပြည့် လုံးဝ ထိုင်ရာမထ အလုပ်လုပ်ကြရမည်ဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ကြောင့်ကြမှုကင်းမဲ့သူများလည်း ဖြစ်ရမည်ဖြစ်ပါသည်။ နိုင်ငံတကာ Crisis Centre များတွင်လည်း ယင်းစံနှုန်းများနှင့်အညီ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၅။ သို့သော် မြန်မာအစိုးရဘက်မှ အဆိုပါအဖွဲ့အား အမျိုးသားထောက်လှမ်းရေးအဖွဲ့တစ်ရပ် အသွင် ဆောင်ရွက်လိုနေပြီး ပြည်ထဲရေးဝန်ကြီးမှ ရဲတပ်ဖွဲ့ဝင်များအား အဓိကဦးဆောင်စေချင် လျက်ရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီးEU နှင့် ပြသနာတစ်ရပ်ဖြစ်ပေါ်လျက်ရှိနေပြီး မလိုလားအပ် သောနှောက်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း၊ ယင်းသို့နှောင့်နှေးကြန့်ကြာနေသည့်အတွက် ကြားထဲက ငထွားက ခါးနာဆိုသလို လောကဓံနဲ့ကြုံတွေ့ အတိဒုက္ခ ရောက်နေရသူများမှာ သင်တန်းသားရဲတပ်ဖွဲ့ဝင်များပင်ဖြစ်သည်။

၆။ ပထမအနေဖြင့် သင်တန်းသားရဲတပ်ဖွဲ့ဝင်ရွေးချယ်မှု ကောင်းပါသည်။ အားလုံး(၂၃)ဦးစလုံး BSc ဖြင့် ကျောင်းပြီးထားသူများဖြစ်ပါသည်။ နရခ မှ တိုက်ရိုက်ရွေးချယ်ပြီး ၀န်ကြီးမှ အတည်ပြု ရွေးချယ်သည်ဟု သိရှိရပါသည်။ သင်တန်းစတင်ခေါ်ယူရာတွင် မြန်မာနိုင်ငံအရေးပေါ်အခြေအနေ တုန့်ပြန်မှု ဗဟိုဌာနအကြိုလုပ်ငန်းခွင်သင်တန်းဟု ခေါင်းစဉ်ပါရှိပြီး နေပြည်တော် Jade City ဟိုတယ်တွင် မတ်လ (၁၁)ရက်နေ့မှ (၁၂)ရက်ထိ (၂)ရက် သင်တန်းတက်ရမည်ဖြစ်ကြောင်း၊EU မှ Crisis နှင့်ပတ်သက်သော သင်ခန်းစာ များ ပို့ချမည် ဖြစ်ကြောင်း စသည်ဖြစ်ခေါ်ပြီးနောက် Jade City ဟိုတယ်တွင် (၂)ရက်တော့ တက်ရပါသည်။ ၄င်းနောက် ရုံးအမှတ်(၃၈)(လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနရုံး)တွင် ဧပြီလ ၁၁ ရက်ထိ ကိုယ့်စားရိတ်ကိုယ်စားပြီး သင်တန်းတက်ခိုင်းပါသည်။ သင်တန်းသား အချင်းချင်း ကွန်ပျူတာ ပြန်သင်ရပါသည်။ ၂ ပတ်လောက်ကြာပြီးနောက် Linn ကွန်ပျူတာမှ ပညာရှင်(၂)ယောက် လာရောက် ကွန်ပျူတာ သင်ပေးပါသည်။ ညနေပိုင်းတွင် နရခမှ ရဲမှူးတစ်ဦးမှ English လာရောက်ပို့ချပါသည်။ သင်တန်းပြင်ဆင်မှု (စားပွဲစသည်များနေရာချထားမှု)အား သင်တန်းသားများကိုယ်တိုင်ဆောင်ရွက်ရပါသည်။ သင်တန်သား(၂၃)ဦးအား ပျဉ်းမနား မာဃ ရဲရိပ်သာ ဘားတိုက်တွင် စုပေါင်းထားပါသည်။ ရိပ်သာတွင် တည်းခိုနေထိုင်ခ (၁၅၀၀)ပေးရပါသည်။ အစပိုင်းတွင် မာဃရဲရိပ်သာမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးသို့ Air-Con Bus ဖြင့် ကြို/ပို့ လုပ်ပေးသော်လည်း နောက်ပိုင်းတွင် Faw ကားအစုန်ဖြင့် ကြို/ပို့ပါသည်။ သင်တန်းသားများတွင် ဒုရဲမှူး(၆)ယောက်၊ ရဲအုပ်(၁၄)ယောက်၊ ဒုရဲအုပ် (၃)ယောက်ပါဝင်ပြီး အားလုံးအရာရှိများပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် MNCRC တွင် တာဝန် ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင်များအား ထိုကဲ့သို့ လျစ်လျူရှုထားခြင်းမှာ စေတနာမဲ့ပြီး ပညာရှင်ကို ပညာရှင်လို အသိအမှတ်မပြုလိုခြင်း နွားထီးလည်း(၅)ကျပ်၊ နွားမလည်း(၅)ကျပ်ဆိုသည့် ပုံစံမျိုးပြုလုပ်နေခြင်း သဘောဟု ထင်မြင်မိပါသည်။ ရဲတပ်ဖွဲ့တွင် ပညာရှင်များ ချောင်ထိုးခံရခြင်းမှာ ဓမ္မတာလိုသဘောမျိုးဖြစ်နေသည်မှာ ကြာပါပြီ။ ရဲတပ်ဖွဲ့မှာ ပညာတတ်လာပြီး ထူးချွန်လာပြီးဆိုလျှင် ဘယ်တော့မှ နေရာကောင်းစဉ်းစားလို့ရမည်မဟုတ်တော့ပါ။

၇။ ယခုဆိုလျှင် သင်တန်းသားအားလုံးပင် စိတ်ဓာတ်များပျက်ပြားနေကြပြီး မိမိနေရပ်ပင် ပြန်ချင် နေကြပြီ ဖြစ်ပါသည်။ နိုင်ငံတော်ကပေးတဲ့ လစာလေးနဲ့ ကိုယ့်စားရိတ်ကိုယ်စားပြီး ဘယ်သူက တာရှည်ခံနိုင်ပါ့မလဲ၊ နောက်မှာကျန်ခဲ့တဲ့ မိသားစုတွေလည်း ငတ်နေကြရပြီ။ လိုင်းခန်းကြတော့လည်း မစီစဉ်ပေးသေးဘူး။ အခုသင်တန်းပြီးလျှင် ဘယ်မှာနေလို့ ဘယ်လိုအလုပ်လုပ်ရတော့မည်ကို မသိတော့ပါ။

MNCRC သင်တန်းသားတစ်ဦး
BY THIT HTOO LWIN


မြန်မာနိုင်ငံအရေးပေါ်အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC(Myanmar National Crisis Response Centre)မှ သင်တန်းသားများ၏ အခြေအနေ မြန်မာနိုင်ငံအရေးပေါ်အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC(Myanmar National Crisis Response Centre)မှ သင်တန်းသားများ၏ အခြေအနေ Reviewed by သစ်ထူးလွင် on 14:54 Rating: 5
Powered by Blogger.