ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်


ရန်ကုန်၊ မေ ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးကာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လာရောက် ခိုလုံနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ဒုက္ခသည် နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ ဆရာတော် ဦးအာစရက မိန့်ကြားသည်။

လက်ရှိတွင် ၎င်းဒုက္ခသည်များအတွက် အမေရိကန် နိုင်ငံရောက် ရခိုင်သာရေး၊ နာရေးအသင်းမှ လှူဒါန်းထားသည့် ငွေကျပ် သိန်းနှစ်ဆယ်ဖြင့် ဒုက္ခသည်များကို စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရပြီး ဇွန်လမှစတင်ကာ တစ်လလျှင် ဆန်အိတ် ငါးရာဝန်းကျင် လိုအပ်မည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

၂၀၁၃ ခုနှစ်က ဒုက္ခသည် ၁၅၀၀ ကျော်ရှိခဲ့ရာ ယင်းကာလက တစ်လလျှင် ဆန်အိတ် ၃၀၀ ကျော်လိုအပ်ခဲ့ပြီး ယခုဒုက္ခသည် ၂၀၀၀ ကျော်ထိ မြင့်တက်လာသဖြင့် တစ်လလျှင် ဆန်အိန် ၅၀၀ ဝန်းကျင် လိုအပ်လာခြင်း ဖြစ်ကြောင်း ဆရာတော် ဦးအာစရက မိန့်ကြားသည်။

အစိုးရက ဒုက္ခသည်တစ်ဦးလျှင် တစ်လကို ငွေကျပ် တစ်သောင်းခွဲနှင့် ကမ္ဘာ့စားနပ်ရိက္ခာ ကူညီရေးအဖွဲ့ (WFP) က တစ်ဦးလျှင် တစ်လအတွက် ဆန်တပြည်ခွဲနှုန်း ကူညီခဲ့သော်လည်း လုံလောက်မှု မရှိခဲ့ကြောင်း၊ ယင်းအခြေအနေတွင် ယခုအစိုးရ၏ အကူအညီများကို လွန်ခဲ့သည့် လေးလခန့်မှ စတင်ရပ်ဆိုင်းခဲ့ကြောင်း ဒုက္ခသည်များထံမှ သိရှိရသည်။

“စိုက်ပျိုးချိန်ကျမှပဲ အစိုးရက ထုတ်ပေးဖို့ပြောတယ်” ဟု ဆရာတော် ဦးအာစရက မိန့်ကြားသည်။

ဘင်္ဂလာဒေ့ရှ်ပြန် ဒုက္ခသည်များသည် ဘာသာစကားနှင့် နယ်မြေကျွမ်းကျင်မှု အားနည်းမှုကြောင့် အလုပ်အကိုင် ရရှိရန် ခက်ခဲကြောင်း၊ ၎င်းတို့ ကျွမ်းကျင်သည့် တောင်ယာ၊ သစ်၊ ထင်းခုတ် စသည့် အလုပ်များမှာလည်း လုပ်ငန်းရှင်များ တားမြစ်မှု၊ သစ်တောဌာနမှ တားမြစ်မှုများကြောင့် အခက်အခဲ ရှိနေကြောင်း ဗောဓိကုန်း ကျေးရွာနေ ဒုက္ခသည် မောင်ဘန်းနုက ပြောသည်။

၂၀၁၂ ခုနှစ်မှစတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုများသည် မောင်တောနယ်တွင် လူဦးရေ ၂၀၀၀ ကျော် ရှိလာပြီဖြစ်ပြီး ၎င်းတို့ကို အစိုးရက နေရာများ ချထားပေးလျက် ရှိကြောင်း၊ သို့သော်လည်း အလုပ်လက်မဲ့ ပြဿနာကို အစိုးရက မဖြေရှင်း နိုင်သေးကြောင်း ဒုက္ခသည်များထံမှ သိရှိသည်။

(ခင်မောင်အေး)

The Voice Weekly


ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးတကြီးလိုအပ် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးတကြီးလိုအပ် Reviewed by သစ်ထူးလွင် on 18:56 Rating: 5
Powered by Blogger.