လယ်ယာဏ္ဍတွင် လုပ်ကိုင်လိုသူ နည်းပါးလာသောကြောင့် လုပ်သားရှားပါးမှု များပြားလာ

 ပြည်ပသို့ အလုပ်သွား ရောက်လုပ်ကိုင်မှု၊ ဆောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာမှုကြောင့် လယ်ယာ စိုက် ပျိုးထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်သား ရှားပါးနေမှုသည် ကြီးမားသည့် အခက်အခဲ ဖြစ်လာ သည်ဟု ဆန်စပါး လုပ်ငန်းရှင်အသိုင်း အ၀ိုင်းက သုံးသပ်ပြောဆိုသည်။

လယ်ယာစိုက်ပျိုးရေးတွင် လုပ်သားရှားပါးမှု၊ ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်ရလျက်ရှိသည့်နည်းတူ စပါး ကြိတ်ခွဲမည့် ဆန်စက်လုပ်ငန်းများတွင်လည်း လုပ်သားရှားပါးနေမှုကို ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးသောင်းဝင်းက “ စပါးရိတ်တဲ့အချိန်မှာ လုပ်သားကအရမ်းလိုအပ်တယ်။ တစ်ပြိုင်တည်းမှာပဲ ဆန်စက်တွေမှာလည်း လုပ်သားကလိုအပ်နေပြီ။ စပါးပေါ်ချိန် နှစ်လလောက်မှာ အပြင်းအထန်လုပ်ရတော့ အချိန်ကတိုက်ပြီးတော့ လုပ်သားကမရှိဘူးဖြစ် နေတယ်။ ဆန်စက်တွေ အပြိုင်အဆိုင် လုပ်သားခေါ်ရင်းနဲ့ လုပ်ခဈေးလည်း မြင့်လာတယ်” ဟု ပြောသည်။

Mya Rice & Paddy Trading Co.,Ltd ၏ ဒါရိုက်တာ ဦးနေလင်းဇင်က “လုပ်သားရှားတော့ ဆန်စက် တွေကို အချိန်ပြည့် မလည်နိုင်ဘူး။ အနည်းဆုံးလုပ်သား ၁၀-၁၂ ယောက်ရှိမှ အလုပ်လုပ်လို့ရတဲ့ စက်တွေ ရှိတယ်။ အဲဒါ လုပ်သားမပြည့်လို့ ၆-၇ ယောက်လောက်ပဲရှိလို့ စက်မလည်နိုင်တဲ့ရက်တွေရှိတယ်” ဟု ပြောသည်။

လယ်ယာစိုက်ပျိုးရေးတွင် လယ်ယာလုပ်သားရှားပါးသည့် ပြဿနာအားဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ MAPCO မှ ယခုနှစ်မိုးစပါးရာသီတွင် လယ်ယာ သုံးစက်ကိရိယာများကို ငှားရမ်းပေးမည့် Agriculture Service Center ကို မြို့နယ် ၁၅ ခုခန့်တွင် စတင် ဆောင်ရွက်နိုင်ရန် စီစဉ်နေလျက်ရှိပြီး ဆန်စက်လုပ်ငန်းများ လည်ပတ်ရာတွင်လည်း လုပ်သားအင်အားသုံး စွဲခြင်းထက် စက်ကိရိယာများကိုပိုမိုသုံးစွဲသည့် နည်းလမ်းများကို စဉ်းစားနေရသည်ဟု လုပ်ငန်းရှင်တို့က ပြောသည်။

ဦးသောင်းဝင်းက “ ဒီအခက်အခဲကို ဖြေရှင်းဖို့က လူနည်းနည်းနဲ့ လုပ်နိုင်မယ့် စက်ပစ္စည်းတွေ၊ လုပ်သားနဲ့ ထမ်းသယ်တာတွေကို ထရပ်ကားတွေ၊ ယာဉ်တွေနဲ့သယ်ယူမယ့်နည်းတွေကို သုံးဖို့ကြိုးစားဆောင်ရွက်ရ မှာပဲ ” ဟု ပြောသည်။

ဆန်စက်များတွင် လုပ်သားသုံးစွဲမှုကို လျှော့ချကာ စက်ပစ္စည်းများဖြင့် အစားထိုးရန်အတွက် ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှု ကြီးမားပြီး ခေတ်မီစက်သစ်ကြီးများတည် ဆောက်ရန်အတွက်လည်း အချိန်ယူရဦး မည်ဟု ဆန်စက်လုပ်ငန်းရှင်များက ဆိုသည်။

ဦးနေလင်းဇင်က “ စက်တွေကို ၂၄ နာရီလည်ချင်ပေမယ့် လုပ်သားမရှိလို့လည် လို့မရခဲ့ဘူး။ ထိုင်းမှာဆို ရင်တော့ အော်တိုမက်တစ်လည်ပတ်တဲ့စက်တွေနဲ့ စပါးကြိတ်ခွဲနေတယ်။ လူက နည်းနည်းပါးပါးပဲလုပ် ပေးရတယ်။ အခုအခြေအနေက ကျွန်တော်တို့လည်း ဒီလိုနည်းလမ်းတွေသုံးဖို့ စဉ်းစားလာရပြီ။ ဒါပေမဲ့ အားလုံးပြောင်းလဲဖို့က ကဏ္ဍတစ်ခုလုံးမှာလည်း ဖြစ်လာမှာ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ဆန်စက်လုပ်ငန်းများ၌ လုပ်သားငှားရမ်းခ စရိတ်တစ်နေ့လျှင် ကျပ် ၅,၀၀၀ ကျပ်ဝန်းကျင် ရှိရာမှာ ယခုနှစ်တွင် ကျပ် ၈,၀၀၀ - ၁၀,၀၀၀ အထိ လုပ်သားငှားရမ်းခဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ် သည်။

ဦးသောင်းဝင်း က “ လယ်ယာစိုက်ပျိုး ထုတ်လုပ်ရေးမှာ လုပ်သားအင်မတန်ရှားလာတာက ရေရှည် အ တွက်တော့ မကောင်းဘူး ” ဟု ပြောသည်။

 Written by  သီဟကိုကို
Mizzima - News in Burmese


လယ်ယာဏ္ဍတွင် လုပ်ကိုင်လိုသူ နည်းပါးလာသောကြောင့် လုပ်သားရှားပါးမှု များပြားလာ  လယ်ယာဏ္ဍတွင် လုပ်ကိုင်လိုသူ နည်းပါးလာသောကြောင့် လုပ်သားရှားပါးမှု များပြားလာ Reviewed by သစ်ထူးလွင် on 04:13 Rating: 5
Powered by Blogger.