ပြောင်းလဲလာသော ပညာရေး (ကွန်ပျူတာကဏ္ဍ)


၁၇-၁၂-၂၀၁၁ ရက်နေ့က ကွန်ပျူတာတက္ကသိုလ်(လားရှိုးတွင်) ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် အဆိုပါတက္ကသိုလ်မှ ကျောင်းအုပ်ကြီးအပါအ၀င် ဆရာ၊ဆရာမများ ၀န်ထမ်းများနှင့် တွေ့ဆုံမှာကြားရာတွင် “ကွန်ပျူတာတက္ကသိုလ်များမှ ဘွဲ့ရများသည် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် မည်မျှဆောင်ရွက်နိုင်စွမ်းရှိသည်၊ မည်မျှဦးဆောင်ဦးရွက်ပြုနိုင်သည် စသည့် အချက်များနှင့်တိုင်းတာလျှင် သက်ဆိုင်ရာပညာရပ်နယ်ပယ်များတွင် ကျွမ်းကျင်ပိုင်နိုင်သူနည်းပါးနေသေးသည်ကို တွေ့မြင်နေရကြောင်း” ဆိုသည့်စကားရပ်ပါဝင်ခဲ့သည်ကို တွေ့ရပေသည်။

အဆိုပါအမှာစကားကြောင့်ပင်ဖြစ်ပေမည်။ ၂၀၁၂ ခုနှစ် ဇူလိုင်၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကွန်ပျူတာတက္ကသိုလ်များ၏ ပညာရည်မြင့်မားရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့ပေသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာကြီး ဆရာမကြီးများက လက်ရှိမြန်မာနိုင်ငံ၏ ကွန်ပျူတာပညာရေးစနစ်၏ အခြေအနေ၊ တွေ့ကြုံနေရသော အခက်အခဲများ၊ လိုအပ်ချက်များနှင့် မြန်မာနိုင်ငံ၏ကွန်ပျူတာပညာရေးစနစ်အား နိုင်ငံတကာအဆင့်သို့ အဆင့်အလိုက် မြှင့်တင်ဆောင်ရွက်သွားနိုင်ရေးအတွက် ဆောင်ရွက်သွားသင့်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို ဆွေးနွေးအကြံပြုခဲ့ကြပေသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဦးနှင့် ကွန်ပျူတာ ပညာရှင်ကြီးများက နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေသော ကွန်ပျူတာပညာရေးစနစ်နှင့် မြန်မာနိုင်ငံ၏ လက်ရှိကွန်ပျူတာပညာရေးစနစ်တို့ကို ချိန်ထိုးနှိုင်းယှဉ်၍ မြန်မာနိုင်ငံ၏ ကွန်ပျူတာပညာရေးစနစ်အား အာဆီယံ အဆင့်မှ နိုင်ငံတကာအဆင့်သို့ အဆင့်အလိုက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဉ်များကို မိမိတို့၏ အတွေ့အကြုံများနှင့်ယှဉ်၍ တစ်ဦးချင်း ဆွေးနွေးအကြံပြုခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် အဓိကအားဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များကို အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ် (Centre of Excellence)အဖြစ် အဆင့်တိုးမြှင့်နိုင်ရေးအတွက် အဓိကဆွေးနွေးသွားခဲ့ခြင်းဖြစ်ပါသည်။

ထို့နောက်တွင်မူ ၁၂-၈-၂၀၁၂ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် တို့အား ၂၀၁၂-၂၀၁၃ ခု၊ ပညာသင်နှစ်မှစတင်၍ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(Centre of Excellence) များ အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း ကြော်ငြာများ ထည့်သွင်း လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပေးအပ်မည့်ဘွဲ့များမှာလည်း ယခင် B.C.Sc.နှင့် B.C.Tech.ဘွဲ့ နှစ်မျိုးတည်းမှသည်
(က) B.C.Sc. (Software Engineering)
(ခ) B.C.Sc. (Knowledge Engineering)
(ဂ) B.C.Sc. (Business Information System)
(ဃ) B.C.Sc. (High Performance Computing)
(င) B.C.Tech. (Computer Communication and Network)
(စ) B.C.Tech. (Embedded System)
(ဆ) B.C.Tech. (Computer System)
ဟူ၍ အထူးပြုဘာသာရပ်ခွဲကာ ဘွဲ့ပေးအပ်သွားမည်ဖြစ်ကြောင်းဖော်ပြကြော်ငြာခဲ့ပေသည်။

၂၀၁၂ ဒီဇင်ဘာလတွင် အဆိုပါ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်များကို စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုလျှင် သက်တမ်းအားဖြင့် နှစ် နှစ်နီးပါးရှိလာပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကာလ ၂ နှစ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်လေ့လာဆန်းစစ်မှုများ မည်မျှပြုလုပ်သည်ကတော့ အဆိုပါ တက္ကသိုလ်များ၏ စီမံခန့်ခွဲရေးနှင့်ပညာရေးအဖွဲ့တို့သာ သိမည်ဖြစ်သည်။ ပြင်ပမှ မြင်ရသူတစ်ဦးအနေဖြင့်ကတော့ များစွာ ပြောင်းလဲတိုးတက်မှု မရှိသေးသည်ကို တွေ့မြင်နေရပေသည်။

တက္ကသိုလ်များ၏ သင်ကြားမှုပုံစံများမှာ သမားရိုးကျ အချိန်စာရင်းသေဖြင့်သာ သင်ကြားသည့် အခြေအနေသာ ရှိနေသေးသည်ကို တွေ့နေရသည်ဖြစ်ရာ နိုင်ငံတကာရှိတ္ကသိုလ်များကဲ့သို့ Crdeit Unit အလိုက်သင်ကြားသည့် ပုံစံသို့ ပြောင်းလဲနိုင်ရန် လိုအပ်နေသေးသည်ကို တွေ့မြင်နေရပေသည်။ တက္ကသိုလ်များ၏ အဆောက်အဦး၊ Lab ပစ္စည်းများကို အသုံးချနိုင်မှုမှာလည်း လွန်စွာပင် အားနည်းနေသေးသည်ကို တွေ့မြင်ရပါသည်။ ဥပမာအားဖြင့် သာမာန်ကျောင်းချိန် ၈း၃၀ မှ ၃း၃၀ အထိ (အချို့ ၈း၃၀ မှ ၄း၀၀ အထိ)သာ အသုံးချနိုင်ပြီး ကျန်အချိန်များတွင် အဆိုပါ အဆောက်အဦး၊ Lab ပစ္စည်းများမှာ အလဟဿဖြစ်နေပေသည်။ Utilization Power ကို ပိုမိုမြှင့်တင်ရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန်မှာ လက်ရှိမြန်မာနိုင်ငံ၏ Public Transportation အနေအထားအရ အချိန်နှင့်တပြေးညီပို့ဆောင်မှုများ ပြုလုပ်နိုင်မည်မဟုတ်သေးရာ ပြီးပြည့်စုံသော Campus Structure ရှိမှသာဖြစ်နိုင်မည်ဖြစ်သည်။ ဤသို့ Run Time မြှင့်တင်ခြင်းအားဖြင့် အချိန်ပြည့်အသုံးချနိုင်မှုလည်း ရှိလာမည်ဖြစ်သည်။ (Campus Structure, Camppus Life ကိစ္စကို ကျေနပ်အားရဖွယ်မရှိသဖြင့် သီးခြားထပ်မံရေးသားဦးမည်ဖြစ်ပါသည်။)

ထို့ပြင် ဦးဆောင်စီမံခန့်ခွဲမှုပြုသူများအနေဖြင့်လည်း ထက်မြင်သောအမြင်၊ သစ်လွင်သော အတွေးအခေါ်များ ရှိနေရန်လည်း လိုအပ်ပေသည်။ “ ငါတို့တုန်းက” ဆိုသော အခြေအနေကို ချိန်ထိုးနေခြင်းထက် ယခုလက်ရှိ နိုင်ငံတကာတွင်ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများကို မျက်ခြည်မပြတ်လေ့လာဆန်းသစ်ရန်လည်း လိုအပ်မည် ဖြစ်သည်။ သို့မှသာ နိုင်ငံတကာနှင့်ယဉ်ဘောင်တန်းနိုင်မည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ လက်ရှိဆောင်ရွက်မှုများကို ကြည့်မည်ဆိုပါက စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ တစ်ပွဲတိုးနည်းဖြင့် ဖြေရှင်းနေခြင်းများဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ကျောင်းသားကျောင်းသူများအတွက် အဆောင်ကိစ္စရပ်များဆိုလျှင် ၁၁-၇-၂၀၁၂ ရက်နေ့တွင်ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေးတွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုးက “တက္ကသိုလ်များတွင် အဆင့်မီသော ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း” မေးခွန်းကို မေးမြန်းရာ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဘရွှေ(ယခု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး) က “ယခုအခါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်တိုးတက်လာသည့် ကျောင်းသားဦးရေအရ နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေပေါ် မူတည်၍ စာသင်ဆောင်များကိုသာ ဦးစားပေး ဆောက်လုပ်နေရပါသဖြင့် ကျောင်းဆောင် Hostels များ ဆောက်လုပ်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခက်အခဲရှိသဖြင့် တက္ကသိုလ်အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆောင် Hostels များကို သင့်တော်သည့်ကာလတွင် ပြန်လည်ဖွင့်လှစ် ပေးမည်ဖြစ်ပါကြောင်း”  ဖြေကြားခဲ့ပေသည်။ အဆိုပါဖြေကြားချက်အရပင်လျှင် ယခု ဘဏ္ဍာရေးနှစ်တွင် ပညာရေး ၀န်ကြီးဌာနအောက်ရှိတက္ကသိုလ်အသီးသီးသည် လိုအပ်သော ကျောင်းသား အိပ်ဆောင်များ ဆောက်လုပ်ရန် တင်ဒါခေါ်ယူနေပြီဖြစ်သည်ကို တွေ့မြင်နေရပြီဖြစ်သော်လည်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနအောက်ရှိ တက္ကသိုလ်များမှာမူ ယခုအချိန်အထိ တင်ဒါခေါ်ယူနိုင်ခြင်းမရှိသေးပေ။ ယခုပညာသင်နှစ်မစတင်မီကကျင်းပခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  တာဝန်ရှိသူတစ်ဦး ပြောဆိုခဲ့သော BOT စနစ်ဖြင့်တည်ဆောက်ရန်ဆိုသော ကိစ္စသည်လည်း လေထဲပျောက်သွားပြီလား မသိပါ။ ပညာရေး ၀န်ကြီးဌာနအောက်ရှိတက္ကသိုလ်များကဲ့သို့ ကျောင်းသားများကို အဆောင်ထားရန်ရည်ရွယ်ချက်မရှိ၍ပဲလား မသိပေ။
ထို့ပြင် ကျောင်းသားကျောင်းသူများအား အဆောင်များ ထားရှိခြင်းကိစ္စကို ဆောင်ရွက်ရာတွင် လက်ရှိအနေဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ဗဟန်းနယ်မြေ) တို့တွင်သာ ဆောင်ရွက်ပြီး အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်ဖြစ်သော မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင်ပင် ကျောင်းသားဆောင်ထားရှိပေးခြင်းမရှိသည်ကိုတွေ့ရသည်။ ထို့ပြင် အခြားကျန်တက္ကသိုလ်များအတွက်လည်း မည်ကဲ့သို့ဆောင်ရွက်မည်ဆိုသည်ကို တိကျသည့် မူဝါဒချမှတ်နိုင်မှု အားနည်းနေသေးသည်ကို တွေ့ရပေသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှတ်အစည်းအဝေး (၂၄) ရက်မြောက်နေ့တွင် သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ဦး၏ မေးခွန်းကို ပြည်လည် ဖြေကြားရာတွင် “ယခုအချိန်အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်တွင် သုတေသန အခြေပြု တက္ကသိုလ် (၆)ခု ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါ သုတေသနအခြေပြု တက္ကသိုလ်များအပါအ၀င် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် သုတေသနဌာနများတွင် ရုရှားနိုင်ငံမှ ပါရဂူဘွဲ့ ရရှိသူ (၂၅) ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပါရဂူဘွဲ့ရရှိသူ (၁၉) ဦး၊ စင်ကာပူနိုင်ငံမှ ပါရဂူဘွဲ့ ရရှိသူ (၈) ဦး၊ ဂျပန်နိုင်ငံမှ ပါရဂူဘွဲ့ ရရှိသူ (၇) ဦး၊ အိန္ဒိယနိုင်ငံမှ ပါရဂူဘွဲ့ရရှိသူ (၁) ဦး၊ မလေးရှားနိုင်ငံမှ ပါရဂူဘွဲ့ရရှိသူ (၁) ဦး၊ ဂျာမနီနိုင်ငံမှ ပါရဂူဘွဲ့ ရရှိသူ (၂) ဦး စုစုပေါင်း နိုင်ငံခြားပြန်ပါရဂူဘွဲ့ရ (၆၃) ဦးတို့က ဦးဆောင်၍ ပြည်တွင်းမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရ ဆရာ/ဆရာမများဖြင့် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ အကျိုးပြု သုတေသနလုပ်ငန်းများအား စီမံချက်များ ချမှတ်၍ အဆင့်အလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း” ဖြေကြားခဲ့သည်။ သို့ရာတွင် အဆိုပါ နိုင်ငံခြားပြန်ဘွဲ့ရများ၏ ဘွဲ့အမည်၊ ဘွဲ့ယူခဲ့ရာတက္ကသိုလ်နှင့်ခုနှစ်၊ ဘွဲ့ယူကျမ်းများ၊ ဘွဲ့အတွက် လိုအပ်သည့် စာတမ်းရေးသားမှုများ စသည်တို့ကို သက်ဆိုင်ရာတက္ကသိုလ်များ၏ အင်တာနက် စာမျက်နှာများတွင်လည်းကောင်း၊ ၀န်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင်လည်းကောင်း မတွေ့ရှိရပေ။ (သက်ဆိုင်ရာ စီမံခန့်ခွဲသူတို့ မသိတာလား၊ ဒါတွေကိုတင်လိုက်ရင် သူတို့တွေ ဘယ်လိုအဆင့်တွေနဲ့ ပြီးလာခဲ့တယ်ဆိုတာ သိမှာစိုးလို့ ကာယကံရှင်တွေကိုယ်တိုင်ကပဲ မတင်စေချင်တာလား မသိပါ။)

၉-၁၁-၂၀၁၂ ရက်နေ့က ကျင်းပသော ပထအမကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ငါန်းဇွန်မဲဆန္ဒနယ်မှဒေါက်တာမြဦးက “နိုင်ငံတော်ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်သော ပညာရေးကဏ္ဍ မြင့်မားရေးအတွက် ခိုင်မာသည့် အမျိုးသားပညာရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းရေး” အဆိုကို တင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ် (၃)ဦးကဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဘရွှေက ဝန်ကြီးဌာနအနေဖြင့်အဆိုကို ကြိုဆို ထောက်ခံ ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြီး အဆိုကို အတည်ပြုခဲ့ရာ ယခုဆိုလျှင် အဆိုပါ အမျိုးသားပညာရေးဥပဒေသည် မကြာမီပေါ်ထွက်လာတော့မည်ဖြစ်သည်။ အဆိုပါ အမျိုးသားဥပဒေပေါ်ထွက်လာပါက လိုက်လျောညီထွေရှိစေမည့် ကြိုတင်ပြင်ဆင်မှုများကို ပညာရေးဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်များတွင် ဆောင်ရွက်နေသည်ကိုတွေ့မြင်နေရသော်လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်မှု မရှိသည်ကို တွေ့ရပေသည်။ (Comprehensive University အဖြစ်ပေါင်းစည်းမည့်အထဲတွင် ပါဝင်သွားမည်မို့ ကြိုတင်ပြင်ဆင်စရာ မလိုတော့တာလည်း ဖြစ်နိုင်ပေသည်။ တက္ကသိုလ်များပေါင်းစည်းရေးကိစ္စကိုလည်း သီးခြားရေးပါအုံးမည်။)

နိုင်ငံတကာအဆင့် ပညာရှင်များ မွေးထုတ်ပေးမည့်  အဆင့်မြင့်တက္ကသိုလ်များဆောင်းပါးကို ၁၈-၃-၂၀၁၃ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြရာတွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်နှင့် အင်တာဗျူးအဖြစ် ဖော်ပြထားသည်ကို တွေ့ရှိရပေသည်။ အဆိုပါ အင်တာဗျူးတွင် ညွှန်ကြားရေးမှူးချုပ်၏ ဖြေကြားချက်အရ ၂၀၁၁-၂၀၁၂ဘတ်ဂျက်တွင် အဆင့်မြင့် နည်းပညာ တက္ကသိုလ်နှစ်ခုအတွက် နည်းပညာ ဘာသာရပ်ဆိုင်ရာ စာအုပ်များအတွက် ကျပ်သိန်းပေါင်း ၆၀ဝ ကျော် သုံးစွဲခဲ့ပြီး သင်ထောက်ကူပစ္စည်းများအတွက် ကျပ်သိန်းပေါင်း ၂၃၀ဝ ကျော်သုံးစွဲခဲ့ကြောင်းနှင့် သုတေသနလုပ်ငန်း ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀ဝ ကျော် ကျခံ သုံးစွဲခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။  အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များတွင် သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့်စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူနှစ်ဦးလျှင် ကွန်ပျူတာတစ်လုံးနှုန်းဖြင့် လက်တွေ့စက်ခန်း အသုံးပြုချိန် တစ်ပတ်လျှင် ၁၅ နာရီခန့် လေ့ကျင့်သင်ကြားပေးခြင်း၊ စက်ခန်းနှင့် စာသင်ခန်းများအား နိုင်ငံတကာအဆင့်မီ သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးခြင်း၊ မြန်နှုန်းမြင့် Internet Access ကိုလည်း  Fiber Cable ၊ WiFiစနစ်များဖြင့် ရရှိအောင် စီစဉ်ထားခြင်း၊ Lab ပစ္စည်းများ ဖြည့်ဆည်း၍ လက်တွေ့ သင်ကြားပေးခြင်းနှင့် စာသင်ခန်းများ တွင် 4 SkillsFacilities များ ရရှိစေရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်ကို တွေ့ရှိရသည်။ သို့ရာတွင် မီးပျက်လျှင် မည်ကဲ့သို့ စီစဉ်သည်ကို အမှန်တကယ် ကျောင်းတက်နေသူများသာ သိရှိပေသည်။ Back up Power ပေးနိုင်မှုအခြေအနေမှန်ကို တာဝန်ရှိသူများ စိစစ်ကြီးကြပ်စေလိုပါသည်။

ထို့ပြင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံမှအကူအညီဖြင့် မန္တလေးမြို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထားသော မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကို ယခုထက်တိုင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည်မှာလည်း စီမံခန့်ခွဲမှုအရည်အသွေးကိုဖော်ပြရာရောက်နေပေသည်။ ထို့ပြင် ယခုအခါ ရန်ကုန်မြို့ရှိ တက္ကသိုလ်များလှိုင်နယ်မြေတွင် ဆောက်လုပ်လျက်ရှိသော မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် သည်ယခင် သဘောတူညီထားသော တက္ကသိုလ်ကိုပင် ရန်ကုန်သို့ ရွှေ့ပြောင်း တည်ဆောက်ခြင်းလား နောက်ထပ် ထပ်မံအကူအညီရခြင်းလားလည်း မကွဲပြားသေးပါ။ သို့မဟုတ် ၉-၁၁-၂၀၁၂ ရက်နေ့က ကျင်းပသော ပထအမကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်၏  “အဆင့်မြင့်တက္ကသိုလ်များပြုပြင်ပြောင်းလဲမှု  ပြုလုပ်ရာတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်များ(လှိုင်နယ်မြေ)ကို အကျိုးရှိစွာ အသုံးပြုမည့်အစီအစဉ်များ ဆောင်ရွက် ထားရှိမှု ရှိ/မရှိသိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ခြင်းလည်း ဖြစ်နိုင်ပေသည်။

ကွန်ပျူတာတက္ကသိုလ်များ၏ သင်တန်းကာလကို ၃ နှစ်မှသည် ၄ နှစ် ၄ နှစ်မှသည် ၅ နှစ်သို့ တိုးမြှင့်လိုက်သော်လည်း သင်ရိုးညွှန်းတမ်းများပြင်ဆင်နိုင်မှုမှာ လွန်စွာအားနည်းနေသေးသည်ကို ကြားသိ နေရပါသည်။ ထို့ပြင် သင်ခန်းစာဘာသာရပ်များအား အမှန်တကယ် လက်တွေ့ကျွမ်းကျင်ပိုင်နိုင်စွာ ပို့ချနိုင်သော အရည်အချင်းပြည့် ဆရာ၊ဆရာမများလည်း လွန်စွာပင်ရှားပါးနေသည်ကို ပြန်လည်ကြားသိနေရပါသည်။ ပညာသင်နှစ်တိုးမြှင့်ခြင်းကို ထိရောက်အကျိုးရှိစွာအသုံးချနိုင်မည့် အစီအမံများ ကြိုတင်ပြင်ဆင်နိုင်မှုမှာလွန်စွာ အားနည်းနေပါသည်။ (နည်းပညာကဏ္ဍတွင် နည်းပညာတက္ကသိုလ်ဆိုင်ရာ များစွာသော အားနည်းချက်များကို ရေးပါအုံးမည်။) ထို့ပြင် စိတ်ပျက်ဖွယ်ကောင်းသည့်အချက်မှာ COE အမည်ခံကျောင်းသားကျောင်းသူများပါ ကျူရှင်တက်နေရသည့်ကိစ္စဖြစ်ပါသည်။ အမြန်ပြုပြင်သင့်ပါသည်။ တာဝန်ရှိသူများလည်း ကြီးကြပ်သင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ပညာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ကွန်ပျူတာတက္ကသိုလ်များ၏ အခန်းကဏ္ဍသည် လွန်စွာပင် နှေးကွေးဖင့်လေးနေပြီး တက္ကသိုလ်တစ်ခုနှင့် ထိုက်တန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်မှုမှာလည်း လွန်စွာပင် အားနည်းနေသည်ကို သတိပေးလိုခြင်းဖြစ်ပါသည်။


စံပယ်မ

BY THIT HTOO LWIN


ပြောင်းလဲလာသော ပညာရေး (ကွန်ပျူတာကဏ္ဍ) ပြောင်းလဲလာသော ပညာရေး (ကွန်ပျူတာကဏ္ဍ) Reviewed by သစ်ထူးလွင် on 22:24 Rating: 5
Powered by Blogger.