လူတွေဟာ တံတွေးကို နှမြောတွန့်တိုခြင်း မရှိဘဲ ထွေးထုတ် တတ်ကြပါတယ်။ တံတွေး ထုတ်လိုက်ရလို့ ဘယ်သူကမှ နှမြောတသ မဖြစ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တံတွေးကို တပ်မက်ခြင်း မရှိလို့ပါ။ ထို့နည်းတူစွာ ပစ္စည်းဥစ္စာတို့ကို ပေးကမ်းစွန့်ကြဲ လှူဒါန်းရာမှာလည်း ထိုပစ္စည်းဥစ္စာကို တပ်မက်စိတ် မရှိလို့သာ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းတော်များ အလှူခံရရှိတဲ့ ပစ္စည်းဥစ္စာတွေ ဆိုတာလည်း ဒကာဒကာမတွေရဲ့ တံတွေးပေါက်တွေပါပဲ။ တံတွေးပေါက်နဲ့တူတဲ့ ပစ္စည်းဥစ္စာ လာဘ်လာဘများကို ရရှိဖို့အတွက် တန်ခိုးပြပြီး အဇာတသတ် မင်းသားလေးကို စည်းရုံးသိမ်းသွင်းကာ အဇာတသတ် မင်းသားလေး ပေးလှူနေတဲ့ ဆွမ်းများကို အရှင်ဒေဝဒတ် စားသောက်နေတာကြောင့် “တံတွေးစားသူ” လို့ ဘုရားရှင်က ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ အရှင်ဒေဝဒတ်ဟာ မင်းနှင့်တကွသော ပရိသတ်အလယ်မှာ သူ့ကို ဘုရားရှင်က “ခေဠာသက-တံတွေးစားသူ” လို့ ပြောဆို ခံလိုက်ရတာကြောင့် ဘုရားရှင်အပေါ်ကို စိတ်အနာကြီးနာပြီး ဘုရားရှင်ရှေ့က ထွက်ခွာသွားပါတယ်။ ဒါဟာ ဘုရားရှင်အပေါ်ကို ပထမဆုံးအကြိမ် ရန်ငြိုးဖွဲ့လိုက်ခြင်းရဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
သိပ်မကြာခင်မှာဘဲ ဘုရားရှင်က အရှင်ဒေဝဒတ်ကို ပကာသနီယကံ (သံဃာ့ဘောင်မှ ကြဉ်ဖယ်ထားခြင်း) ပြုပါတယ်။ ပကာသနီယကံ ပြုခံလိုက်ရတဲ့ အရှင်ဒေဝဒတ်ဟာ ယခုအခါ ရဟန်းဂေါတမသည် ငါ့ကို ပယ်စွန့်အပ်ပြီ။ ငါသည် ရဟန်းဂေါတမ၏ အကျိုးစီးပွားမဲ့ကို ပြုကျင့်တော့အံ့လို့ ကြံစည်စဉ်းစားပြီး အဇာတသတ် မင်းသားထံသို့ ချဉ်းကပ်ကာ “မင်းသား၊ ရှေးအခါ၌ လူတို့သည် အသက်အလွန် ရှည်ကြကုန်၏။ ယခုအခါ၌မူကား အသက် တိုတောင်းကြကုန်၏။ သင်မင်းသားသည် ဘုရင်မဖြစ်မီ ကာလ၌ပင် သေဆုံးသွားနိုင်၏။ ထို့ကြောင့် သင်မင်းသားသည် ခမည်းတော်မင်းကြီးကို သတ်၍ ဘုရင်လုပ်လော့။ ငါသည်လည်း ဘုရားရှင်ကိုသတ်၍ ဘုရား ပြုလုပ်ပေတော့အံ့” လို့ ပြောဆိုပါတယ်။ အဇာတသတ် မင်းသားလေး ဘုရင်ဖြစ်တဲ့ အခါမှာ အရှင်ဒေဝဒတ်ဟာ အဇာတသတ် ဘုရင်ထံမှ လေးသည်ကျော်တို့ကို တောင်းယူ၍ ဘုရားရှင်ကို လေးဖြင့် ချောင်းပစ်ခတ် လုပ်ကြံခြင်း၊ ကိုယ်တိုင် ကျောက်မောင်းဆင်၍ လုပ်ကြံခြင်းတို့ဖြင့် ဘုရားရှင်သေအောင် အားထုတ်ပါတယ်။
လေးသည်ကျော်များ စေလွှတ်၍ လုပ်ကြံခြင်းနဲ့ ကျောက်မောင်းဆင်၍ လုပ်ကြံခြင်းကို ပြည်သူလူထုက မသိရှိကြပါဘူး။ တတိယ အကြိမ်မြောက်အဖြစ် နာဠာဂီရိ ဆင်ကြမ်းကြီးကို စေလွှတ်ပြီး လုပ်ကြံမှ ပြည်သူလူထုက အရှင်ဒေဝဒတ် ဘုရားရှင်ကို လုပ်ကြံ သတ်ဖြတ်နေတာကို သိရှိသွားပြီးတော့ “ဤမျှလောက် ယုတ်မာသောသူကို ငါတို့၏ မင်းကြီးသည် ကိုးကွယ် ဆည်းကပ်နေပါတကား” လို့ အုန်းအုန်းကျွက်ကျွက် ပြောဆိုကြပါတယ်။ ပြည်သူလူထုရဲ့ စကားသံကို ကြားသိလိုက်ရတာကြောင့် အဇာတသတ် မင်းကြီးဟာ အရှင်ဒေဝဒတ်ထံ နေ့စဉ်နေ့တိုင်း ပို့လှူနေကျ ဆွမ်းအုပ်ငါးရာကို မပို့လှူဘဲ ရပ်ထားလိုက်ပြီးတော့ အရှင်ဒေဝဒတ် အထံလည်း သွားရောက် ဆည်းကပ် ဖူးမြင်ခြင်းလည်း မပြုတော့ပါဘူး။ အရှင်ဒေဝဒတ်ဟာ အဇာတသတ် မင်းကြီးက ဆွမ်းအုပ်မပို့ တော့တာကြောင့် ဆွမ်းခံစားပေမယ့် ပြည်သူလူထုက ဆွမ်းမလောင်း ကြတာကြောင့် အသက်မွေးဖို့ ခက်ခဲလာပါတယ်။ ဒါနဲ့ တစ်မျိုးလှည့်ကြံ ပြန်ပါတယ်။
အရှင်ဒေဝဒတ်ဟာ မသွားရောက်တာ ကာလအတော် ကြာနေပြီ ဖြစ်တဲ့ ဘုရားရှင်ဆီကို သွားရောက်ပြီးတော့ ၁။ ရဟန်းတို့သည် အသက်ထက်ဆုံး တောရကျောင်းမှာသာ နေကြရန်။ ၂။ ရဟန်းတို့သည် အသက်ထက်ဆုံး ပင့်ဖိတ်ဆက်ကပ် လှူဒါန်းအပ်သော ဆွမ်းကိုမစားဘဲ (ဆွမ်းစားမလိုက်ဘဲ) ဆွမ်းခံ၍သာ စားသောက်ရန်။ ၃။ ရဟန်းတို့သည် အသက်ထက်ဆုံး ဒကာ ဒကာမတို့ ဆက်ကပ် လှူဒါန်းအပ်သော သင်္ကန်းကို မဝတ်ရုံ မသုံးဆောင်ကြဘဲ လမ်းဘေး အမှိုက်ပုံတို့၌ လူတို့ စွန့်ပစ်ထားအပ်သော အဝတ်ပိုင်း အဝတ်စတို့ကို ကောက်ယူချုပ်စပ် ထားအပ်သော ပံ့သကူသင်္ကန်းကိုသာ ဝတ်ရုံသုံးစွဲကြရန်။ ၄။ ရဟန်းတို့သည် အသက်ထက်ဆုံး ကျောင်းအဆောက်အအုံဖြင့် မနေထိုင်ဘဲ သစ်ပင်ရင်း၌သာ နေထိုင်ကြရန်။ ၅။ ရဟန်းတို့သည် အသက်ထက်ဆုံး သက်သတ်လွတ် စားသုံးကြရန်ဟူသော စည်းကမ်းငါးချက် သတ်မှတ်ပေးဖို့ ဘုရားရှင်ကို တောင်းဆိုပါတယ်။
ဘုရားရှင်က “ကျင့်သုံးလိုသော ရဟန်းတို့ ကျင့်သုံးပါစေ။ မကျင့်သုံးဘဲ နေလိုက မကျင့်သုံးဘဲ နေကြပါစေ” လို့ မိန့်ကြားတော်မူပြီး အရှင်ဒေဝဒတ်ရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ပါတယ်။ အရှင်ဒေဝဒတ်ဟာ အလွန်အင်မတန်မှကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီးတော့ “သံသရာ ဝဋ်ဆင်းရဲ ထွက်မြောက်လိုသူများ ငါ့နောက်သို့ လိုက်ခဲ့ကြကုန်လော့” ဟု ပြောဆိုကာ ဘုရားထံပါးမှ ဖယ်ခွာခဲ့ပါတယ်။ အရှင်ဒေဝဒတ်ရဲ့စည်းကမ်းငါးချက်ကို ကြားသိကြရတဲ့ ရဟန်းဖြစ်ခါစ မလိမ်မိုးမလိမ္မာ ရဟန်းငယ်ငါးရာက အရှင်ဒေဝဒတ်နောက်သို့ လိုက်သွားကြပါတယ်။
ရုပ်ရည်အဆင်းကို ကြည်ညိုသူ သုံးပုံလျှင် နှစ်ပုံရှိ၏။ ထင်ပေါ်ကျော်ကြားမှုကို ကြည်ညိုသူ ငါးပုံလျှင်လေးပုံ ရှိ၏။ ခေါင်းပါးသော အကျင့်ကို ကြည်ညိုသူ ဆယ်ပုံလျှင် ကိုးပုံရှိ၏။ အကျင့်သိက္ခာကို ကြည်ညိုသူ တစ်သိန်းလျှင် တစ်ယောက်မျှသာ ရှိ၏ဆိုတဲ့ အချက်ကို အရှင်ဒေဝဒတ်က အသုံးပြုလိုက်တဲ့ သဘောပါပဲ။ သိပ်မကြာခင်မှာဘဲ အဂ္ဂသာဝကများ ဖြစ်တော်မူကြတဲ့ အရှင်သာရိပုတ္တရာ မထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်တို့က တရားဟောကြား ပေးတာကြောင့် အရှင်ဒေဝဒတ်နောက်သို့ လိုက်သွားတဲ့ ရဟန်းငယ်ငါးရာဟာ သောတာပန် ဖြစ်ပြီးတော့ အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ပိုင်းခြား သွားနိုင်ပြီး အရှင်ဒေဝဒတ်ကို စွန့်ပစ်ခဲ့ကာ ဘုရားရှင်ထံသို့ ပြန်လာခဲ့ကြပါတယ်။ အလိုလောဘ ကြီးမားလွန်းတဲ့ အရှင်ဒေဝဒတ်ဟာ “ငါ့မှာ ဘာမှမရှိတော့ဘူး” ဆိုတဲ့စိတ်နဲ့ သွေးပွက်ပွက်အန်ကာ နောက်ဆုံးမှာ မြေမျိုပြီးတော့ အဝီစိငရဲသို့ ကျရောက်သွားခဲ့ပါတယ်။ လောဘကို အတောမသတ်နိုင်ခြင်းရဲ့ ရလဒ်တွေပါပဲ။
ဘုရားရှင် လက်ထက်တော်က ဘုန်းကြီးခရိုနီပဲ ဖြစ်ဖြစ်၊ ယနေ့ခေတ် ဘုန်းကြီးခရိုနီပဲ ဖြစ်ဖြစ် တူညီတဲ့အချက်တွေ ရှိပါတယ်။ သူတို့တွေဟာ သူတို့တွေရဲ့ အလိုလောဘ အတွက်ဆိုရင် ဘုရားရှင်ကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင် ဘာကိုမဆို ပြုလုပ်ဝံ့ကြပါတယ်။ ဘုရားရှင် ထောင်ထားခဲ့တဲ့ သာသနာတော်ကြီးကိုလည်း သူတို့ကိုယ်ပိုင် ပစ္စည်းသဖွယ် သွန်လိုသွန် မှောက်လိုမှောက် ပြုလုပ်ဖို့ ဝန်မလေးကြပါဘူး။ ကျေးဇူးရှင်တွေ၊ တပည့်တွေကိုလည်း ထိုးကျွေးဖို့ လက်မတွန့်ပါဘူး။
တိုင်းပြည်နဲ့ လူမျိုး ဆင်းရဲတွင်းထဲ နက်ချင်သလောက် နက်နေပါစေ အရေးမစိုက်ပါဘူး။ နောက်ဆုံး တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေရင်တောင်မှ မျက်တောင်တစ်ချက် မခတ်ဘဲ ထိုင်ကြည့်နေကြမယ့် လူစားတွေပါ။ ဒါဟာ ခေတ်ပြောင်းပေမယ့် စိတ်နေသဘော ထားမပြောင်းဘဲ တူညီနေမယ့် ဘုန်းကြီးခရိုနီတွေရဲ့ စိတ်နေ သဘောထားတွေပါပဲ။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးများ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းကြောင့် ဗုဒ္ဓဘာသာအပေါ်ကို လုံးဝကြီး အန္တရာယ် မဖြစ်စေဘူးလို့တော့ မငြင်းပါဘူး။ သူ့အတိုင်းအတာနဲ့သူတော့ အန္တရာယ် ဖြစ်စေပါတယ်။ ဒါပေမဲ့ သာသနာ့ဝန်စီး ရဟန်းဆိုး ရဟန်းယုတ်ဖြစ်တဲ့ ဘုန်းကြီးခရိုနီတွေ သာသနာ့ဘောင် အတွင်းမှာ များပြားလာခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ အန္တရာယ်နဲ့ ယှဉ်လိုက်ရင်တော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းကြောင့် ဗုဒ္ဓဘာသာအပေါ် သက်ရောက်စေတဲ့ အန္တရာယ်က ပမွှားလေးသာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ နိဒါနဝဂ္ဂသံယုတ် ပါဠိတော် သဒ္ဓမ္မပဋိရူပက သုတ်တော်မှာ “သာသနာတော်ကြီးဟာ သာသနာ့ဝန်စီး ရဟန်းဆိုး ရဟန်းယုတ်တွေကြောင့်သာ ပျောက်ကွယ်သွားရမယ်” လို့ ဘုရားရှင်က အတိအလင်း ဟောကြားထား ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ယနေ့အချိန်အခါမှာ ဗုဒ္ဓသာသနာတော်ကြီးကို သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ်နဲ့ အသက်ရှည်စေချင်တဲ့သူတိုင်း မဖြစ်မနေ လုပ်ဆောင်ရမယ့် အလုပ်ကတော့ သာသနာ့ဝန်စီး ဖြစ်တဲ့ ဘုန်းကြီးခရိုနီများ၊ စီးပွားရေး ဘုန်းကြီးများ၊ မွေးမြူရေး ဘုန်းကြီးများကို သုတ်သင် သန့်ရှင်းခြင်း အလုပ်သာ ဖြစ်ပါတယ်။ ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို တက်ရောက်ခွင့် ရှိတော်မူကြတဲ့ ဂိုဏ်းခေါင်းဆောင် ဆရာတော် ဘုရားကြီးများအနေနဲ့ သာသနာ့ အန္တရာယ်ဖြစ်တဲ့၊ သာသနာတော်ကြီးကို အသက်တိုအောင် လုပ်နေတဲ့ ဘုန်းကြီးခရိုနီများ၊ စီးပွားရေး ဘုန်းကြီးများ၊ မွေးမြူရေး ဘုန်းကြီးများကို သုတ်သင် သန့်ရှင်းနိုင်စေရန် အတွက် အစည်းအဝေးကြီး ကျင်းပတဲ့အခါမှာ အဆိုတင်သွင်း၍ ဆွေးနွေးပေးတော်မူကြပါလို့ အလေးအနက် တိုက်တွန်း တောင်းပန် မေတ္တာရပ်ခံအပ်ပါသည် ဘုရား။
Written by မိုးသု (မန္တလေး)
The Voice Weekly
ဘုန်းကြီးခရိုနီ (၁) ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဘုန်းကြီးခရိုနီ (၃)
Reviewed by သစ်ထူးလွင်
on
19:32
Rating: