ရဟန်းသံဃာနှင့် ပါတီနိုင်ငံရေး မဲပေးခြင်း (၂)

 ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းစကား လျှောက်ကြားရာတွင် ... "သံဃာတော် အရှင်မြတ်တို့ဗရား ... ငါးပါးသီလကို မြန်မာဘာသာဖြင့် ပေးလို့ဖြစ်က လူများနားလည်အောင် ပေးစေချင် ပါသည်။ သင်္ဂြိုဟ်ကိုလည်း မြန်မာဘာသာဖြင့် သင်ပေးလို့ဖြစ်က သင်ပေးစေလိုပါသည်။"
ဤသို့ ရှေးဦးစွာလျှောက်ထား၍ အရှင်ဗရားတို့ ....
"ဘုန်းကြီးက ဘုန်းကြီးအလုပ်ကိုသာ လုပ်တော်မူကြ၍ လူ့အလုပ် ကို မလုပ်စေချင်ပါ၊ လူကလည်း လူ့အလုပ်သာ လုပ်၍ ဘုန်းကြီးအလုပ်ကို မလုပ်စေချင်ပါ" စသည်အားဖြင့် မှတ်သားဖွယ်ကောင်းသော စကားများကို လျှောက်ထားပြောသွားသည်ကို ကိုယ်တိုင် ကြားသိလိုက်ရပေသည်
လို့ဖော်ပြထားပါတယ်။ (သတ်ပုံစာပိုဒ်ခွဲ ထားတာကအစ ကျမ်းစာအုပ် ထဲက အတိုင်းဖော်ပြပေးလိုက်ပါတယ်။)

အထက်ပါအချက်အလက် များကို သေသေချာချာ သုံးသပ်ကြည့် လိုက်မယ်ဆိုရင် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ ပါတီနိုင်ငံရေး ကိစ္စဖြစ်တဲ့ မဲပေးခြင်းကိစ္စကို ဘာကြောင့်မပြုလုပ်သင့်ဘူးလဲ။ သူတော် ကောင်းပညာရှိ သာသနာတော်စောင့် မထေရ်မြတ်ကြီးများက မဲပေးခြင်း ကိစ္စကို ဘာကြောင့် သဘောမတူခဲ့ဘူးလဲ ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို ကွင်းကွင်းကွက်ကွက်ကြီး သိရှိနိုင်ပါတယ်။

နောက်တစ်ခုက ထေရဝါဒ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ မဲပေးခြင်းကိစ္စဟာ သမ္မတရဲ့သဘောဆန္ဒ၊ လွှတ်တော်ရဲ့ဆုံးဖြတ်ချက် တို့နဲ့တင် လုပ်လို့မရပါဘူး။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ရဲ့ သဘောတူညီချက်လည်း လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ညွှန်ကြားလွှာအမှတ် (၈၃) ကို ယခုထက်ထိ တိုင်အောင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က မပယ်ဖျက်သေးလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းကာလတုန်းက ညွှန်ကြားလွှာ အမှတ် (၈၃) ကို မိတ္တူစောင်ရေ သောင်းနဲ့ချီကူးကာ အစိုးရက တစ်နိုင်ငံလုံးကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကလည်း နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ (ဘုန်းကြီးအောက် လွှတ်တော်) ရဲ့ သဘောတူညီချက် မရရှိဘဲ ထိုညွှန်ကြားလွှာကို မပယ်ဖျက်နိုင်ပါဘူး။ သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်က ဘုန်းကြီးတွေကို မဲပေးခွင့် ပြုခဲ့ရင်တောင်မှ ညွှန်ကြားလွှာအမှတ် (၈၃)ကို မပယ်ဖျက် ရသေးရင် ပြည်ထဲရေးဝန်ကြီးဌာနက မဲပေးတဲ့ ရဟန်းသာမဏေတွေကို အရေးယူနိုင်ပါတယ်။

အကယ်၍များ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့တို့က တညီတညွတ်တည်း ဆုံးဖြတ်ချက်ချကာ ရဟန်းသာမဏေများကို မဲပေးခွင့်ပြုလိုက်မယ် ဆိုရင် သာသနာတော်ကြီးရဲ့ရှေ့ရေးဟာ အလွန် အင်မတန်မှကို ရင်လေးဖွယ်ရာကြီးပါ။

မိမိတို့ကိုရင်ဘဝ စစ်ကိုင်းမှာ စာသင်နေစဉ်တုန်းက ဆွမ်းခံထွက်ရင် တချို့သော ဒကာဒကာမများက ရွှေကျင်ဂိုဏ်းက ရဟန်းသာမဏေ မဟုတ်ရင် ဆွမ်းမလောင်းပါဘူး။ ရွှေကျင်ဂိုဏ်းက ဆွမ်းခံထွက်ရင် အတန်းလိုက်ကြီး စီတန်းပြီး ကြွပါတယ်။ သူတို့အတန်း နောက်ဆုံးကနေ မယောင်မလည်နဲ့ ကပ်လိုက်တာတောင်မှ အရောင်အသွေးက ကွာခြားနေတော့ ဆွမ်းလောင်းသူက ရွှေကျင်မဟုတ်မှန်း သိတာကြောင့် မလောင်းလှူဘဲ ကန်တော့ဆွမ်း ပြောလွှတ်လိုက်တာ များပါတယ်။

ထို့အတူပဲ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများသာ မဲပေးခွင့် ရှိခဲ့မယ်ဆိုရင် NLD ကိုထောက်ခံတဲ့ ရဟန်းသာမဏေ မဟုတ်ရင်၊ ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့ ရဟန်းသာမဏေ မဟုတ်ရင်၊ တစညကို ထောက်ခံတဲ့ ရဟန်းသာမဏေ မဟုတ်ရင် ဆွမ်းမလောင်းနိုင်ပါဘူးဘုရား ဆိုတာမျိုး တွေတောင် ဖြစ်လာနိုင်ပါတယ်။ ဆွမ်းခံအိမ် သွားဖိတ်ရင်တောင်မှ "ဒကာမကြီးတို့က NLD ပါတီဝင်များလား၊ ပြည်ခိုင်ဖြိုးပါတီ ဝင်များလား" စသဖြင့် အရင်မေးမြန်းပြီးမှ ဆွမ်းခံအိမ် ဖိတ်ရမယ့်ကိန်း ဆိုက်သွားနိုင်ပါတယ်။ ဒကာဒကာမတွေ ကလည်း NLD ထောက်ခံတဲ့ ဘုန်းကြီးမဟုတ်ရင်၊ ပြည်ခိုင်ဖြိုးထောက်ခံတဲ့ ဘုန်းကြီးမဟုတ်ရင်၊ တစညထောက်ခံတဲ့ ဘုန်းကြီးမဟုတ်ရင် ဆွမ်းမလောင်းလှူနိုင်ဘူးရယ်လို့ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် တရားသဖြင့် ဆွမ်းခံရှာဖွေ၍ ရရှိသောဆွမ်းကိုသာ ထေရဝါဒ ရဟန်းသာမဏေများ ဘုဉ်းပေးတော်မူ ကြတယ်ဆိုတဲ့ အစဉ်အလာကြီး ပျောက်ပျက်သွားနိုင်ပါတယ်။ ရှင်းရှင်း ပြောရရင် တရားသဖြင့်ရသော ဆွမ်းကို စားနေရာကနေ မတရားသဖြင့် ရသောဆွမ်းကို စားရမယ့်ဘဝကို ရောက်သွားနိုင်ပါတယ်။

ဝိနည်းရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ တချို့သော ဘုန်းတော်ကြီးများကတော့ ဝိနည်းနဲ့ မညီတဲ့ ပိုက်ဆံကိုတောင် ကိုင်နေကြသေးတာပဲ၊ မဲပေးတာကို ဝိနည်းနဲ့ မညီဘူးလို့ ကွက်ပြောပြီး တားမြစ်နေစရာမလိုပါဘူး၊ အာပတ်သင့်ရင်တောင် ပါစိတ် အာပတ်လောက်ပဲ သင့်မှာပါလို့ သုံးသပ်ပြောကြားတယ်လို့ ကြားသိရပါတယ်။ ယနေ့ခေတ် အခြေအနေအရ “ပိုက်ဆံမကိုင်ရင် ပါရာဇိကအာပတ် သင့်နေနိုင်တဲ့ အနေအထားမျိုးဖြစ်နေပြီ” ဆိုတာကို သတိပြုစေချင်ပါတယ်။ ဥပမာအားဖြင့် ရဟန်းတစ်ပါးဟာ မဖြစ်မနေ ဖြစ်ပေါ်လာသော အကြောင်းကြောင်းကြောင့် ဘတ်စ်ကားစီး၍ ခရီးသွားတယ်ဆိုစို့။ အဲဒီ ရဟန်းဟာ ပိုက်ဆံမကိုင်သော ရဟန်းတစ်ပါး ဆိုပါစို့။ ဘတ်စ်ကားသမားက ကားစီးခပိုက်ဆံ တောင်းတဲ့အခါမှာ ရဟန်းဟာ အကျိုးအကြောင်း ပြောပြပြီး ပိုက်ဆံမပေးဘူး ဆိုပါတော့။ မကောင်းတတ်လို့ ဘတ်စ်ကား ပေါ်က မောင်းမချပေမယ့် စိတ်ထဲက လှူလိုတန်းလိုစိတ် မရှိဘဲ မကျေမနပ်တွေ ဖြစ်နေရင် အဆိုပါရဟန်းဟာ ပါရာဇိကအာပတ် သင့်နိုင်ပါတယ်။

ဗုဒ္ဓဘာသာတွေ ကြီးစိုးထားတဲ့ နိုင်ငံပဲ၊ ဒီလောက်တော့ မရိုင်းနိုင်ဘူးလို့ မတွေးပါနဲ့။ ၂၀၁၂ ခုနှစ် ၁၀ လပိုင်းလောက်က တောင်ဥက္ကလာပ ဘေလီမှတ်တိုင်မှာ မိမိနဲ့အတူ ဒိုင်နာကားပေါ်ကို သင်္ကန်းရုံထားပြီး ဝိနည်းတော်ကို အင်မတန်လေးစားပုံရတဲ့ ရဟန်းနှစ်ပါး တက်ကြပါတယ်။ ဘတ်စ်ကားခ တောင်းတဲ့အခါမှာ မိမိက ထုတ်ပေးလိုက်ပေမယ့် ဟိုရဟန်း နှစ်ပါးကတော့ ပိုက်ဆံမကိုင်တာကြောင့် ထုတ်မပေးနိုင်ပါဘူး။ သူတို့ နှစ်ပါးထဲက တစ်ပါးက ဘတ်စ်ကားသမားကို အကျိုးအကြောင်း ရှင်းပြပေမယ့် ဘတ်စ်ကားစပါယ်ယာက မကျေမနပ်ဖြစ်ကာ ပွစိပွစိနဲ့ ငြူစူ စောင်းမြောင်းတဲ့ စကားတွေ အကြာကြီး ပြောဆိုနေတာကြောင့် မိမိကပဲ သူတို့နှစ်ပါးအတွက် ဘတ်စ်ကားခ ရှင်းပေးလိုက်ရပါတယ်။ ဘတ်စ်ကား စပါယ်ယာဟာ ရုပ်ရည်ဥပဓိအရ ဆိုရင်တော့ ဘာသာခြား မဖြစ်နိုင်ပါဘူး။

မိမိကိုရင်ကြီးဘဝက မိမိသူငယ်ချင်း ကိုရင်ကြီးတချို့ဟာ အလွန် အင်မတန်မှကို ဝိနည်းဓိုရ်ကြပါတယ်။ သူတို့တွေ မဖြစ်မနေ အကြောင်းကြောင်းကြောင့် ဘတ်စ်ကားစီးပြီး တစ်နေရာရာကို သွားရတဲ့အခါမျိုးမှာ ဘတ်စ်ကားခအဖြစ် ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ မျက်နှာသုတ်ပဝါ တို့ကို ပေးတတ်ကြပါတယ်။ ယူတဲ့သူက ယူပေမယ့် အချို့က ကျတော့လည်း "ပိုက်ဆံ လိုချင်လို့ ဘတ်စ်ကား ပြေးစားနေတာ" လို့ မချေမငံပြောပြီး ဆပ်ပြာမှုန့် စသည်ကို မယူဘဲ နေကြပါတယ်။ ပြောချင်တာက ပိုက်ဆံနဲ့ ပတ်သက်ပြီး ဝိနည်းဓိုရ်ချင်တာတောင် ဓိုရ်မရတဲ့ခေတ် ဖြစ်နေတာကိုပါ။ ပိုက်ဆံကိုင်ရင် ပါစိတ်အာပတ်သင့်ပြီး ပိုက်ဆံမကိုင်ရင် ပါရာဇိအာပတ် သင့်နိုင်ပါ တယ်။ ဒီတော့ ခေတ်အခြေအနေအရ ရဟန်းတစ်ပါးအနေနဲ့ ပါစိတ်နဲ့ ပါရာဇိက ဘာကိုရွေးချယ်မှာပါလဲ။ ပါစိတ်ကိုပဲ ရွေးချယ်ရမှာပါ။ ဒီလောက် ဆိုရင် ယနေ့ခေတ်ဟာ ပိုက်ဆံမကိုင်ရင် ပါရာဇိက အာပတ် သင့်သွားနိုင်တယ်ဆိုတဲ့ စကားကို နားလည်လောက်ပြီလို့ ယူဆပါတယ်။

မဲပေးခြင်းကိစ္စကတော့ ဒီလိုမဟုတ်ပါဘူး။ ရဟန်းသာမဏေတွေ အနေနဲ့ မဲမပေးရလို့လည်း ဘာမှမဖြစ်ပါဘူး။ ဝိနည်းနဲ့ ငြိစွန်းနေတဲ့ မဲပေးခြင်း ကိစ္စဟာ ရဟန်းသာမဏေများ မဖြစ်မနေ ရွေးချယ်ရမယ့် အကြောင်းကိစ္စလည်း ဘာတစ်ခုမှမရှိပါဘူး။ မဲမပေးရလို့လည်း ရဟန်းသာမဏေ တွေရဲ့ဘဝဟာ ဘာမှနစ်နာသွားစရာ အကြောင်း မရှိပါဘူး။ ရဟန်း သာမဏများ မဲပေးလိုက်ခြင်းကြောင့်သာ လေးအသေင်္ချနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး အပင်ပန်း အဆင်းရဲခံပြီး ဗုဒ္ဓမြတ်စွာ တည်ထောင်တော်မူခဲ့တဲ့ သာသနာတော်ကြီး သံဃာ့အစည်းအရုံကြီးကို ထိခိုက်နစ်နာ သွားစေနိုင်ပါတယ်။ နိုင်ငံရေးပါတီ မဲမပေးလို့ ပါရာဇိက မကျပါဘူး။ ဒါကို သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများ မဲခွင့်ရရှိအောင် ဆောင်ရွက်ကြမယ့် ဘုန်းတော်ကြီးများအနေနဲ့ လေးလေး နက်နက် ဆင်ခြင်စဉ်းစားသင့်ပါတယ်။

ရဟန်းသာမဏေများ မဲပေးခွင့်ရရှိလိုခြင်း အကြောင်းတရားကို ဆင်ခြင်စဉ်းစား သုံးသပ်ကြည့်လိုက်မယ် ဆိုရင် ၁။ မိမိတို့ နိုင်ငံတော်ကြီးကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော ခေါင်းဆောင်ကောင်း အုပ်ချုပ်ခွင့်ရရှိရေး၊ ၂။ ရဟန်းသာမဏေများက အတိုင်းအတာတစ်ခုထိ အစိုးရအဖွဲ့အပေါ် သြဇာ လွှမ်းမိုးလိုခြင်း၊ ၃။ ဗုဒ္ဓဘာသာဝင် မဟုတ်သော ဘာသာခြား လူမျိုးခြားများ အစိုးရအဖွဲ့၌ မစိုးမိုးနိုင်ရေး။ ၅။ နိုင်ငံတော်နဲ့ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို အဘက်ဘက်က ဖွံ့ဖြိုး တိုးတက်စေလိုခြင်း။ ၆။ သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများကို သဘောကျခြင်းဟူသော အချက်ခြောက်ချက်ကြောင့် ဖြစ်တယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် တွေ့ရှိရပါတယ်။

နိုင်ငံတော်နဲ့ သာသနာတော်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ အစိုးရ အဖွဲ့ကို သြဇာလွှမ်းမိုးနိုင်စေရန်၊ ဘာသာခြား လူမျိုးခြားများ အစိုးရ အဖွဲ့ကို မလွှမ်းမိုးနိုင်စေရန်အတွက်ဆိုရင်တော့ ရဟန်းသာမဏေများ အနေနဲ့ မဲပေးခြင်းကိစ္စကို မစဉ်းစားဘဲ ပညာရေးကဏ္ဍကို အဓိကဖွံ့ဖြိုး တိုးတက်နိုင်စေရန်အတွက်သာ အဓိကစဉ်းစားသင့် လုပ်ဆောင်သင့် တယ်လို့ မြင်မိပါတယ်။ ဓမ္မာစရိယဘွဲ့ရပြီးနောက် ပညာဆက်လက်သင် ကြားနေခြင်း မပြုသော၊ စာချဘုန်းကြီး၊ ရိပ်သာဘုန်းကြီးအဖြစ် သာသနာ့တာဝန်ကို ထမ်းဆောင်၍မနေသော ဓမ္မာစရိယဘွဲ့ရ ရဟန်း သာမဏေများကို အင်္ဂလိပ်ဘာသာ၊ သင်္ချာဘာသာ၊ ပထဝီဘာသာ၊ ဓာတုဗေဒဘာသာ၊ သမိုင်းဘာသာ၊ ကွန်ပျူတာ စသောပညာရပ်များကို တစ်ပါးလျှင် တစ်ဘာသာစီ တတ်မြောက်ကျွမ်းကျင် သည်အထိ အထူး သင်တန်းကျောင်းများဖြင့် သင်ကြားပေးသင့်ပါတယ်။ သင်တန်းပေးရာ မှာလည်းပဲ တစ်ပါးလျှင် နှစ်သက်ရာတစ်ဘာသာကိုသာ သင်ယူခွင့်ပေး သင့်ပါတယ်။

အထူးသင်တန်းကျောင်းဆင်း ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင် ရဟန်းတော်များဖြင့် တစ်မြို့နယ်လျှင် အခမဲ့ကျူရှင် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများကို သူငယ်တန်းမှစ၍ တက္ကသိုလ် အဆင့်အထိ သင်ကြားပေးသင့်ပါတယ်။ နောက်ပြီးတော့ သင်တန်းဆရာ ရဟန်းတော်များဟာ ဆိုင်ရာဘာသာရပ်ကို သင်ကြားပေးရင်းနဲ့ တစ်နေ့လျှင် ငါးမိနစ် ဆယ်မိနစ်ခန့် ဘာသာရေးဗဟုသုတများ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး များကို ပြောပြသွားမယ် ဆိုရင် မျိုးဆက်သစ်လူငယ် တွေရဲ့ ရင်ထဲနှလုံးသားထဲမှာ ဘာသာသာသနာကို မြတ်နိုးလေးစား ကြည်ညိုစိတ်၊ အမျိုးကိုထိရင် မချိအောင်နာတတ်တဲ့ စိတ်တွေ နည်းမှန်လမ်းမှန်နဲ့ ကိန်းအောင်း အမြစ်တွယ်သွားပြီး ထေရဝါဒ ဘုန်းတော်ကြီးများရဲ့ အလိုဆန္ဒဟာ ဘာအငြိအစွန်းမှ၊ ဘာအမည်းစက်မှ မရှိတော့ဘဲ ပြည့်ဝနိုင်ပါတယ်။ ရှေးသူတော်ကောင်းပညာရှိ ဆရာတော်ဘုရားကြီး များလည်းပဲ ပညာသင်ပေးခြင်းဖြင့်သာ ပြည်သူလူထုနဲ့ အုပ်ချုပ်သူ အစိုးရအဖွဲ့ကို လွှမ်းမိုးသွားကြတာပါ။

အချုပ်အားဖြင့်ဆိုရသော် ထေရဝါဒ ရဟန်းသာမဏေများ အနေနဲ့ နိုင်ငံတော်နဲ့ သာသနာတော်ကြီးကို ဖွံ့ဖြိုးတိုးတက်စေလိုရင် ဘေးထွက် ဆိုးကျိုးတွေ အများအပြားရှိတဲ့ မဲပေးခြင်းကိစ္စကို မပြုလုပ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။

Written by  မိုးသု (မန္တလေး)
The Voice Weekly


ရဟန်းသံဃာနှင့် ပါတီနိုင်ငံရေး မဲပေးခြင်း (၂)  ရဟန်းသံဃာနှင့် ပါတီနိုင်ငံရေး မဲပေးခြင်း (၂) Reviewed by သစ်ထူးလွင် on 18:25 Rating: 5
Powered by Blogger.