ရန်ကုန်၊ ဧပြီ ၃၀
သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းမှာ ယခင်က မြို့ပြတွင်သာ အဖြစ်များခဲ့သော်လည်း ၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ ကျေးလက်ဒေသများ၌ ရာသီဥတု ပြောင်းလဲလာခြင်းနှင့် မြို့ပြဆန်လာခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှုနှုန်းမှာ မြင့်မားလာကာ မြို့ပြနှင့် တန်းတူဖြစ်လာကြောင်း ဧပြီလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဒေါက်တာမာလာစိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
၂၀၀၄ ခုနှစ်က မြို့ပြနှင့် ကျေးလက်ဒေသ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအချိုးမှာ ၆၀-၄၀ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင်မူ မြို့ပြ၌ ၅၄ ရာခိုင်နှုန်းသာ ရှိတော့ပြီး ကျေးလက်ဒေသများတွင်မူ ၄၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သွေးလွန်တုပ်ကွေး ဖြစ်ပွား မှုနှုန်း မြင့်မားသည့် ဒေသများမှာ ရခိုင်၊ ကချင်၊ ချင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာမူ ဖြစ်ပွားမှုနှုန်း နည်းသော်လည်း လူသေဆုံးရမှု များပြားသည့် ဒေသလည်း ဖြစ်သည်။
““အခုက မြို့ပြကော ကျေးလက်ကော အဖြစ်များလာတယ်။ ကျေးလက်တွေက မြို့ပြ ဆန်လာတာပေါ့နော်။ မြို့ပြ ဆန်လာတော့ ရေသိုလှောင်မှုတွေ များလာတယ်။ မြို့ပြနဲ့ လူမှုဆက်ဆံရေးတွေ များလာတယ်။ နောက်တစ်ခုက ရာသီဥတု ပူနွေးတာတွေလည်း ပါတာပေါ့။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ အေဒီးစ်ခြင်က အိမ်တွင်းမှာ ဖြစ်တဲ့ရောဂါလေ။ အိမ်ထဲမှာရှိတဲ့ ရေကြည် ရေသန့် သိုလှောင်ကန်တွေမှာ ဖြစ်တဲ့ ခြင်က ပေါက်ဖွားမှုက အဲဒီမှာ များတဲ့အတွက်ကြောင့် မြို့ပြမှာ ဖြစ်နေတာ။ မြို့မှာဆို လူနေထူထပ်မှုတွေ များတယ်။ အဲဒါကြောင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကလည်း များတယ်””ဟု ဒေါက်တာမာလာစိုးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။
၂၀၁၃ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၂၀၀၀၀ နီးပါးနှင့် သေဆုံးသူ ၈၀ ကျော်အထိရှိခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းအတွင်း ရောဂါဖြစ်ပွားသူ ၄၅၅၁ ဦးရှိခဲ့ကာ သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့သည်။ ယင်းပမာဏမှာ ၂၀၁၂ ခုနှစ်နှင့် ယှဉ်ပါက သေဆုံးဦးရေ ခြောက်ဆကျော် မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဖြစ်အများဆုံး နေရာများမှာ လှိုင်သာယာ၊ အင်းစိန်၊ သန်လျင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒလ၊ သာကေတနှင့် ရွှေပြည်သာ မြို့နယ်တို့ ဖြစ်ပြီး ဖြစ်ပွားသူပေါင်း ၂၀၀၀ ကျော်အထိ ရှိခဲ့သည်။
ထို့ပြင် သွေးလွန်တုပ်ကွေး ရောဂါမှာ မိုးဦးကျနှင့် မိုးတွင်းကာလများ ဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်များ၌ ဖြစ်ပွားမှုနှုန်းများ အများဆုံး ဖြစ်တတ်သော်လည်း ယခုလက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် အချို့ဒေသများ၌ ရောဂါဖြစ်ပွားမှုများ ရှိနေတတ်သည့်အတွက် သတိပြုရန် လိုကြောင်းလည်း နှိုးဆော်ထား သည်။
သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ပြည်သူများ၏ နေထိုင်မှုပုံစံနှင့် သက်ဆိုင်သည့်အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ အိုးအိမ်၊ ရေပေးဝေရေး စသည့် ဌာနများနှင့်လည်း သက်ဆိုင် သည်။ ရေပေးဝေမှုစနစ်၌ သိုလှောင်ကန် များမှတစ်ဆင့် ပို့လွှတ်ခြင်းထက် တိုက်ရိုက်ပေးပို့သည့် စနစ်များ အသုံးပြုပါက ရောဂါဖြစ်ပွားရန် အခွင့်အလမ်း နည်းပါးနိုင်ကြောင်းလည်း ကျန်းမာရေး ၀န်ထမ်းများက သုံးသပ်လျက်ရှိသည်။
““အဖြစ်များတယ်ဆိုတာ လူတွေက လိုက်လုပ်မှုနည်းလို့ပေါ့။ ဒီခြင်က အိမ်ထဲမှာနေတဲ့ခြင်။ အိမ်ထဲမှာ နေတဲ့ ခြင်ကို လူတွေအားလုံးက ကိုယ့်အိမ်ထဲမှာကိုယ် ခြင်ပေါက်ဖွားမှု နည်းနိုင်သလောက် နည်းအောင်၊ ခြင် မကိုက်အောင် ကာကွယ်နည်း တွေကို သုံးမယ်။ ပတ်ဝန်းကျင်မှာ အိမ် ၁၀၀ မှာ ၉၀ က လုပ်ပြီး ၁၀ အိမ်က ကျန်နေမယ်ဆိုရင် မပပျောက်နိုင်ဘူး။ လုပ်မယ်ဆိုရင် တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံးက တက်ညီလက်ညီ လုပ်မှဖြစ်မှာ။ အဲဒီလို မလုပ်သရွေ့ ရှိနေမှာပဲ”” ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သွေးလွန်တုပ်ကွေးရောဂါ ကြောင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားသူ ၃၆၀၄ ဦးနှင့် သေဆုံးသူ ၃၁ ဦး၊ ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားသူ ၃၃၃၃ နှင့် သေဆုံးသူ ၃၈ ဦး၊ ၂၀၁၀ တွင် ဖြစ်ပွားသူ ၃၁၆၂ နှင့် သေဆုံးသူ ၂၁ ဦး ရှိခဲ့သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားသူ ၅၅၂ ဦးနှင့် သေဆုံးသူ လေးဦး၊ ၂၀၁၂ တွင် ဖြစ်ပွားသူ ၁၁၀၄ ဦး နှင့် သေဆုံးသူ ငါးဦး ရှိခဲ့သည်။
အေးမိုးကိုကို
Myanmartandawsint Newspaper
ကျေးလက်ဒေသ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြို့ပြများနည်းတူ ဖြစ်လာ
Reviewed by သစ်ထူးလွင်
on
12:04
Rating: