ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး
လူထုဟောပြောပွဲများ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ရန်
တပ်မတော်အပေါ် စိန်ခေါ်တိုက်တွန်းပြုခြင်းကို တပ်မတော်သားများဘက်ကလည်း ပြန်လည်
ချေပပြောဆိုသည်။
"စဉ်းစားကြည့်ပေါ့ဗျာ သတ္တိမရှိဘဲနဲ့တော့ စစ်သား မလုပ်ပါဘူး"ဟု ပြည်သူ့လွှတ်တော်
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ငွေစိုးက ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများသည် နိုင်ငံရေးသမား
တစ်ယောက်အနေဖြင့် ပြောဆိုခြင်းဖြစ်ပြီး မိမိအနေဖြင့် ဝေဖန်ချက် တစ်စုံတစ်ရာ မပေးလိုကြောင်း
၎င်းက ပြောသည်။
"ဒါပေမဲ့ ကျွန်တော်ပြောချင်တာက လွှတ်တော်မှာရှိတဲ့ တပ်မတော်သားတွေဆိုတာ တာဝန်
ထမ်းဆောင်နေတာပါ။ သူပြောသလို (တပ်က ထွက်ပြီး နိုင်ငံရေးလုပ်ရန်)လုပ်သင့်ရင်လည်း
လုပ်ရမှာပဲ။ လက်ရှိ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ထိန်းသိမ်းပေးဖို့ပဲ ကျွန်တော်တို့
လုပ်နေတာ။ လွှတ်တော်မှာလည်း နိုင်ငံရေးအရ စွက်ဖက်တာမျိုးမရှိပါဘူး။ ကောင်းတာတွေ
ဝိုင်းလုပ်တယ်။ ၀ိုင်းဆွေးနွေးတယ်။ ဒါမျိုးလုပ်ပေးဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားတာ။
ကျန်တာ ဘာမှ ကန့်သတ်ချက်မှ မရှိဘူး"ဟု ဒုတိယ ဗိုလ်မှူးကြီး ငွေစိုးက ပြောသည်။
လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တပ်မတော်နှင့် ပြည်သူတို့အကြား
ခွဲခြားထားပြီး မည်သူ့ကိုမျှ အကျိုးမပြုသည့် ဥပဒေဖြစ်ကြောင်း၊ ယင်း ဥပဒေကို ပြင်ဆင်ရန်
အဓိကကျသည့် ပုဒ်မ ၄၃၆ သည် တပ်မတော်သားများအတွက် အထူးအခွင့်အရေး ပေးထားသည့်
အတွက် တပ်မတော်က မိမိတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ပါဝင်
လက်မှတ်ရေးထိုးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၈၈ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း)နှင့် ပူးပေါင်း ဆောင်ရွက်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲ၌
ပြောကြားခဲ့သည်။
ထိုလူထုဟောပြောပွဲကို မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ စတင်ပြုလုပ်ခဲ့ပြီး
မေလ ၁၈ ရက် မန္တလေးမြို့၊ အောင်ပင်လယ် အားကစားကွင်း၌ ထပ်မံပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ တာဝန်သည် တိုင်းပြည်ကာကွယ်ရန်သာ ဖြစ်ပြီး
တိုင်းပြည်အုပ်ချုပ်ရန် မဟုတ်သည့်အတွက် နိုင်ငံရေး လုပ်လိုပါက တပ်မတော်မှ ထွက်ရန်
လိုအပ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကို နမူနာထားကာ ပြောဆိုခဲ့သည်။
တပ်မှထွက်၍ နိုင်ငံရေး လုပ်ခြင်းသည် ပညာရှိခြင်း၊ သတ္တိရှိခြင်း၊ မိမိကိုယ်မိမိ ယုံကြည်ခြင်းနှင့်
ပြည်သူလူထုကို စေတနာထားရာရောက်ကြောင်း ပြောဆိုသည်။
"နိုင်ငံရေး လုပ်ချင်ရင် တပ်ထဲက ထွက်။ ဒါဟာ ပညာကိုလည်း ပြတယ်။ သတ္တိကိုလည်း ပြတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပြည်သူတွေ အပေါ်မှာထားတဲ့ စေတနာကိုလည်း ပြတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အာဏာကိုမှ အားကိုးစရာ
မလိုဘူး"ဟု ၎င်းက ပြောဆိုခဲ့သည်။
"သိက္ခာရှိရှိ ဣနြေ္ဒရရနဲ့ ပြည်သူလူထုရဲ့ ဩဘာကို ခံပြီးတော့ ရုပ်သိမ်းပုံ၊ ရုပ်သိမ်းနည်းကို
မလိုချင်ကြဘူးလားလို့ ကျွန်မက မေးချင်ပါတယ်။ အဲဒီနည်းကတော့ လွှတ်တော်အတွင်းမှာ
ကိုယ်က လိုလိုချင်ချင်နဲ့ နိုင်ငံရဲ့ အနာဂတ်ကို စဉ်းစားပြီးတော့၊ လူထုရဲ့ ဆန္ဒကို အလေးထား
ပြီးတော့ ဆုတ်သင့်တဲ့ အချိန်မှာ သိက္ခာရှိရှိဆုတ်ပါ။ ဘာမှ စိုးရိမ်စရာ မရှိဘူး"ဟု ၎င်းက
ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အင်န်အယ်လ်ဒီ
ပါတီအနေဖြင့် လူထုစည်းရုံးရေးများ ပြုလုပ်ရာတွင် တပ်မတော်အပေါ် စည်းရုံး ပြောဆိုမှုများ
ရှိခဲ့ဖူးသော်လည်း ရာထူး၊ အမည်တပ်ကာ ဝေဖန်ပြောဆိုခဲ့ခြင်း မရှိခဲ့ဖူးပေ။ သို့သော် ယခု
လူထု ဟောပြောပွဲတွင် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စသည်ဖြင့်
အမည်တပ်ကာ ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
အဖွဲ့အစည်း တစ်ခုအနေဖြင့် အာဏာလုပ် ပိုင်ခွင့်များအား ရာစုနစ်နှစ်ဝက်ကျော် ယူထားပြီး
မလုပ်နိုင်ပါက ယင်းလုပ်ပိုင်ခွင့်များနှင့် မတန်ဘဲ တခြားသူများအား လုပ်ပိုင်ခွင့်ပေးရန် ၎င်းက
တိုက်တွန်းခဲ့သည်။
တိုင်းပြည် အနာဂတ်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ယခုနှစ်အတွင်း လွှတ်တော်၌
ပြင်ဆင်နိုင်ရန် အတွက် တပ်မတော်သားများက ၀ိုင်းဝန်းဆောင်ရွက်ရန် မန္တလေးမြို့၌ ၎င်းက
ထပ်မံတိုက်တွန်းခဲ့သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲများတွင် တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများနှင့်
ပတ်သက်၍ ထောက်ခံသူများ ရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုအင်အားသုံးကာ
တပ်မတော်နှင့် ထိပ်တိုက်တွေ့ရန် စိန်ခေါ်လိုက်ခြင်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို
ပိုမိုအလှမ်းဝေးကွာစေကြောင်း ဝေဖန်သူများလည်း ရှိသည်။
"ကျွန်တော် နားထောင် လေ့လာမိသလောက်တော့ သိပ်ပြင်းထန်တဲ့ ဝေဖန်တာမျိုး မဟုတ်ပါဘူး။
အမှန်တွေကို ပြောတယ်လို့ပဲ ယူဆတယ်။ ထိပ်တိုက်ရင်ဆိုင်ရေးကိုတော့ သူလည်း လိုလားမယ်
မထင်ဘူး။ အရင်လို ၈၈ လိုမျိုး ပြန်ဖြစ်နိုင် တယ်လို့ ယူဆသူလည်း ရှိမှာပေါ့ ။ ဒါပေမဲ့ ၈၈ လို
ပုံစံမျိုးဖြစ်ဖို့ မလွယ်ကူပါဘူး"ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုး
က ပြောသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၈၈ နှင့် ပူးပေါင်းကာ
ပြင်ဆင်ရေး လှုပ်ရှားမှုများ၊ ဟောပြောပွဲများ၊ ဆန္ဒလက်မှတ် ရယူခြင်းများသည် လုပ်သင့်
လုပ်ထိုက်သည့် နည်းလမ်းများဖြစ်သော်လည်း လက်တွေ့တွင် တပ်မတော်၏ သဘောထားကို
ပြောင်းလဲရန် မလွယ်ကူကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ဦးဖုန်းမြင့်အောင်က ပြောသည်။
"အရင်တုန်းကလည်း ဒီလို လက်ခုပ်ဩသံတွေ ရခဲ့တာပဲ။ ဒါပေမဲ့ လက်တွေ့မှာ ဘာမှ အရာမထင်
ခဲ့ဘူး။ အခုလည်း လူထုလက်ခုပ်သံတွေ ကတော့ ရမှာပဲ။ တပ်ဘက်က ကရုဏာသက်ရင်လည်း
သက်မှာပေါ့။ ဒါပေမဲ့ အလုပ်တော့ သိပ်မဖြစ်နိုင်ဘူး။ "အခုအချိန်က အထက်စီးကပြောလို့လည်း
သိပ်အဆင်မပြေလောက်ဘူး။ ပုဒ်မ ၄၃၆ ကို လွှတ်တော်က ပြင်ဖို့ဆိုတာ အခြားကိုယ်စားလှယ်
တွေက လက်ခံရင်တောင် တပ်မတော်သား ကိုယ်စားလှယ်ကျတော့ အမိန့်အတိုင်း သွားတာလေ။
မဲခွဲ ဆုံးဖြတ်ရင်တောင် သူတို့က ဘယ်လိုလဲဆိုတာ မသိသေးဘူး"ဟု အမျိုးသား ဒီမိုကရေစီ
အင်အားစုပါတီမှ ဦးဖုန်းမြင့်အောင် က ပြောသည်။
"အာဏာသိမ်းတယ်ဆိုတာတော့ မဆန်းပါဘူး။ အခုလည်း ထိုင်းမှာ ဒီလိုအနေအထားမျိုး
ဖြစ်သွားပြီ။ ဒါပေမဲ့ (မြန်မာပြည်မှာ) ၈၈ လိုတော့ ထပ်အဖြစ်ခံမယ် မထင်ဘူး။ အရင်တုန်းကတော့
တပ်က ဒီအတိုင်းပဲ အာဏာသိမ်းတာပေါ့။ အခုကတော့ ဖြစ်ရင် ဥပဒေနဲ့ကို သိမ်းမှာ။ သိမ်းဖို့
ဥပဒေလည်း ရှိပြီးသားပဲ။ ရန်ကုန်မှာဖြစ်ရင် ရန်ကုန် သိမ်းမယ်။ မန္တလေးဖြစ်ရင် မန္တလေးပဲ။
ဘာဖြစ်မလဲဆိုတာ သေချာတော့ မပြောနိုင်ဘူး။ အခု ပြဿနာက ဒေါ်အောင်ဆန်းစုကြည်က
တပ်မတော်ကို လက်ကမ်းနေပေမယ့် တပ်မတော်က သူကို မယုံလို့ လက်မထုတ်တာဘဲ" ဟု
ဦးဖုန်းမြင့်အောင် ကပြောသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကမူ လက်ရှိ လွှတ်တော်တွင် ပါဝင်နေရခြင်းသည်
မည်သည့် နိုင်ငံရေးပါတီနှင့်မှ ထိပ်တိုက် တွေ့လိုခြင်းမရှိဘဲ နိုင်ငံ၏ လိုအပ်ချက်အရ ပါဝင်နေခြင်း
ဖြစ်ကာ တိုင်းပြည်အခြေအနေပေါ် မူတည်ကာ ဆုတ်ခွာရန် အစီအစဉ်များ ရှိကြောင်း ပြောသည်။
"နိုင်ငံရေး လုပ်တယ်ဆိုတာကတော့ လွှတ်တော်က ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ
လုပ်လို့ရနေတာပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုတာ ပြင်ဖို့ခက်တာလည်း ရှိမယ်။ လွယ်တာလည်း
ရှိမယ်။ အခု ၇၅ ရာခိုင်နှုန်းကျော်ဆိုတာလည်း အခြေအနေအရ အရင်လူတွေက လိုအပ်လို့
လုပ်ခဲ့တာဖြစ်မှာပါ။ တပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်မလား။ မဆိုင်ဘူးလားဆိုတာကတော့
သူ့(ဒေါ်အောင်ဆန်းစုကြည်) အပိုင်းပါပဲ"ဟု ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်
ဗိုလ်မှူးကြီး မြင့်ကိုကိုက ပြောသည်။
အိအိတိုးလွင်
မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်း၌ ယခုလ ၁၇ ရက်နေ့က ကျင်းပခဲ့သည့် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲသို့ တက်ရောက်လာသူ အချို့ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်)
စိန်ခေါ်မှုများနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး
Reviewed by သစ်ထူးလွင်
on
22:14
Rating: