ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးသီးနှံ ချေးငွေအတွက် အတိုးနှုန်း လျှော့ချပေးမည်

              ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂၀၁၄ ခုနှစ် မိုးသီးနှံ ချေးငွေ အတိုးနှုန်းကို ယမန်နှစ်ကထက် တစ်ရာခိုင်နှုန်း လျှော့ချ ပေးသွားမည် ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း က ပြောသည်။

               ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မိုးသီးနှံ ချေးငွေ ကျပ်သိန် (၂၆၇၄၈ ဒသမ ၈၃) ကို ကျေးလက်နေ ပြည်သူများနှင့် အခြေခံ ပြည်သူများ အတွက် ထုတ်ချေးသွား မည်ဖြစ်သည်။

            ““ယခင် ချေးငွေတွေ အတွက်တော့ အတိုးနှုန်းက ယခင် အတိုးနှုန်းပဲ ဆောင်ရွက် မှာပါ။ အဲဒီအတိုးနှုန်း တွေကိုလည်း လျှော့ချနိုင်ဖို့ ညှိနှိုင်း ဆောင်ရွက်ပေး သွားမှာပါ””ဟု ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းက ပြော သည်။ လက်ရှိတွင် အတိုးနှုန်းကို (၂ ဒသမ ၅) ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ကျပ် (၅၀၀၀၀)၊ ကျပ် (၁၀၀၀၀၀) နှုန်းကို ၀ိုင်းကြီးချုပ် စနစ်ဖြင့် ထုတ်ချေး နေကြောင်း သိရသည်။

            ထို့အပြင် ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ လယ်ယာသုံး ပစ္စည်း စက်ကိရိ ယာပေါင်း (၆၃၁) စီးနှင့် ကျပ်သိန်း ပေါင်း (၇၀၀၀) ကျော် တန်ဖိုးရှိ လုပ်ငန်းသုံး ပစ္စည်း များဖြစ်သည့် အပ်ချုပ်စက်၊ သုံးဘီးဆိုင်ကယ် အပါအ၀င် ကိရိယာပေါင်း (၂၀၄၄) ကို သုံးနှစ် အရစ်ကျ စနစ်ဖြင့် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

            စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်း လုပ်ငန်း အတွက် အသေးစား အရင်းအနှီး ချေးငွေ ထုတ်ပေးခြင်း၊ လယ်ယာနှင့် အခြား လုပ်ငန်းသုံး ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း၊ သမ၀ါယမ အသင်းများကို အဆင့်မြှင့်တင် ခြင်းသည် ဒုတိယအကြိမ် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ ပြည်သူများ အနေဖြင့် ငွေချေးစရာ မလိုဘဲ ရပ်တည် နိုင်ရန်၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

            ““အစိုးရကလည်း တစ်ဧကကို တစ်သိန်း ချေးပေးတယ်။ သမကလည်း ချေးပေးတော့ အဆင်ပြေတယ်။ အတိုးနှုန်းလည်း နည်းတယ်လေ။ ဒါပေမဲ့ တစ်သီးစား ဆိုတော့ ချေးလိုက်၊ ဆပ်လိုက်၊ ရောင်းလိုက်၊ စားလိုက်နဲ့ပဲ စုမိတာတော့ မရှိဘူး။ မနှစ်က အကြွေးက အခုထိ ဆပ်လို့မပြီးသေးဘူး”” ဟု မှော်ဘီမြို့နယ် ရေကျော်ရှိ လယ်ဆယ်ဧကပိုင် တောင်သူ ဦးစိန်ထွန်းက ပြောသည်။ ယမန်နှစ်များက မှော်ဘီမြို့နယ်၌ တစ်နှစ်လျှင် နှစ်သီးစား စိုက်ပျိုး၍ ရသော်လည်း တာတမံများ တည်ဆောက်မှုကြောင့် တာတမံ အောက်ဘက်ရှိ ကျေးရွာများသည် ရေနစ်မြုပ်ပြီး၊ နွေစပါးသာ စိုက်ပျိုး၍ ရကြောင်း ၎င်းက ပြောသည်။

            ““လယ်သမားတွေက ၀မ်းစာ အတွက်၊ ကောက်စိုက်စရိတ် အတွက်၊ လူနေမှုစရိတ် အတွက်  စပါးမထွက်ခင်က ကြိုချေးထားကြတယ်။ အဲဒီအတွက် စပါးထွက်တော့ ဈေးနှိမ်မှုတွေ ရှိတယ်။ သဘာဝ ဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်ရရော အာမခံချက်မရှိတဲ့ အတွက် ဒီအကြွေးနွံမှာပဲ ဘယ်လောက်ချေးချေး နစ်နေမှာပဲ””ဟု စီးပွားရေးနှင့် ဥပဒေ လမ်းညွှန် ဦးတင်သန်းဦး က ပြောသည်။

            လက်ရှိတွင် တောင်သူလ ယ်သမားများ အနေဖြင့် ပုဂ္ဂလိက ချေးငွေများ ရယူပါက ကျပ် (၁၀၀၀၀) လျှင် တစ်လအတိုး (၂၅) ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငွေကျပ် တစ်သိန်းလျှင် အတိုးနှုန်း ကျပ် (၁၅၀၀၀) နှုန်းဖြင့် လည်းကောင်း ချေးယူပြီး၊ ရွှေပေါင် ထားရှိပါက အတိုး သုံးကျပ်နှုန်း ရှိကြောင်း ညောင်တုန်း မြို့ရှိ တောင်သူလယ်သမား အချို့က ပြောသည်။ အချို့ရွာများတွင်မူ စပါးဝယ်ရောင်း ကုမ္ပဏီများက အတိုးနှုန်း ရှစ်ကျပ်၊ (၁၀) ကျပ်ဖြင့် ချေးပြီး စပါး ပြန်ဆပ်ခြင်းဖြင့် ကြွေးနှိမ်မှုများ ရှိကြောင်း သိရသည်။

            အရှေ့ပိုင်း ခရိုင်တွင် စိုက်ဧက (၅၆၀) အတွက် ကျပ်သန်းပေါင်း(၂၇၁ ဒသမ ၅၅) ၊ အနောက်ပိုင်း ခရိုင်အတွက် ကျပ်သန်းပေါင်း (၁၅၄ ဒသမ ၄၅)၊ တောင်ပိုင်း ခရိုင်တွင် စိုက် ဧက (၈၈၄၈၃) အတွက် ကျပ်သန်းပေါင်း (၁၄၉၂ ဒသမ ၅၀)၊ မြောက်ပိုင်း ခရိုင်တွင် စိုက်ဧက (၄၀၃၆၅) အတွက် ကျပ်သန်းပေါင်း (၁၂၅၈ ဒသမ ၄၀) ကို ထုတ်ချေးပေးသွား မည် ဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ချေးငွေကျပ် သိန်းပေါင်း(၂၃၃၆၆) ကိုထုတ်ချေး ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကျပ်သိန်းပေါင်း (၂၆၇၄၉) ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

Messenger News Journal



ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးသီးနှံ ချေးငွေအတွက် အတိုးနှုန်း လျှော့ချပေးမည်   ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုးသီးနှံ ချေးငွေအတွက် အတိုးနှုန်း လျှော့ချပေးမည် Reviewed by သစ်ထူးလွင် on 18:48 Rating: 5
Powered by Blogger.