တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၈)

ပထမ ဆုံး သတင်းထောက်သင်တန်း

ဘန်ကောက်က ABSDF ရုံးတွေမှာနေပြီး DVB အတွက် သတင်းတွေပို့လို့ကောင်းတုန်း၊ ကျနော့်အထင် ၁၉၉၈ ဖေဖော်ဝါရီလမှာ ပထမ ဆုံးအကြိမ် သတင်းထောက်သင်တန်းတက်ဖို့ အခွင့်ကြုံလာပါတယ်။ အရင် BBC သတင်းဌာန (မြန်မာပိုင်း) မှ အယ်ဒီတာဟောင်း ဦးအောင်မြင့်ထွန်း (သတင်းပို့ပြီးတိုင်း ကျနော် အောင်မြင့်ထွန်းပါလို့ ပြောလေ့ရှိသူ) အပါဝင် ထင်ရှားတဲ့ မြန်မာဆရာတွေ ပို့ချတဲ့သင်တန်း တချို့ကို မာနယ်ပလော၊ ဒေါင်းဂွင်နဲ့ ဗဟိုဘက်က DVB သတင်းထောက်တွေတက်ခဲ့ပြီး ဖြစ်ပေမယ့် ဗဟိုနဲ့ဝေးတဲ့ တောင်ပိုင်းသားကျနော်က တခါမှတက်ခွင့်မကြုံသေးပါ။


(မယ်ဟောင်ဆောင်မှာကျင်းပတဲ့ ရေဒီယိုသတင်းထောက်သင်တန်းကို တက်ခဲ့သူများ)

ဒီတကြိမ် ရေဒီယိုသတင်းထောက် သင်တန်းကျင်းပမယ့်နေရာက မယ်ဟောင်ဆောင်မြို့မှာဖြစ်ပြီး သ တင်း ၂ ပတ်ကြာမယ်လို့ဆိုပါတယ်။ သင်တန်းမှုးက BBC (နိုင်ငံတကာ) ရေဒီယိုမှ အင်္ဂလိပ်တဦး၊ လက်ထောက်ဆရာက ကနေဒါသူ တီဗွီသတင်းထောက်တဦးဖြစ်ပြီး သင်တန်းကို တာဝန်ယူ စီစဉ်ပေး သူက IMMF (Indochina Media Memorial Foundation) မှ ညွှန်မှုးကိုယ်တိုင်ဖြစ်ပါတယ်။ အဲဒီ သင်တန်းကိုတက်ဖို့ ဘန်ကောက်ကနေ ချင်းမိုင်ကို ရထားစီးပြီးသွားတော့ အိန္ဒိယဘက်ကလာတဲ့ သင် တန်းသား ၃ ဦးကိုပါ တွေ့ရပါတယ်။

အဲဒီကာလ DVB ဖွဲ့စည်းပုံကို ပြောရမယ်ဆိုရင် အော်စလိုမှာ ရုံးချုပ်ရှိပြီး အိန္ဒိယမှာ နယူးဒေလီ ဗျုရိုနဲ့ ထိုင်းမှာ ဘန်ကောက်ဗျုရိုတို့ ရှိပါတယ်။ ဒေလီတာဝန်ခံက ဒေါက်တာဇော်ဝင်းအောင်၊ ဘန်ကောက် တာဝန်ခံက ကိုခင်မောင်ဝင်း။ မာနယ်ပလောစခန်း ကျသွားပြီးတဲနောက် နယ်စပ်ကတော်လှန်ရေးအဖွဲ့ တွေရဲ့ DVB အပေါ် သြဇာလွှမ်းနိုင်မှုက အရင်လောက် မရှိတော့ဘူးဆိုပေမဲ့ အတိုင်းတာတခုထိတော့ ရှိနေဆဲပါ။

အိန္ဒိယဘက်က ရောက်လာသူ ၃ ဦးထဲမှာ ဒေါက်တာရိုဒင်း၊ ဆလိုင်းလော်မာနဲ့ ကိုကျော်မိုးတို့ ပါဝင် ပါတယ်။ ဒေါက်တာရိုးဒင်းက ချင်းတိုင်းရင်းသား အစီစဉ်ကိုယ်စားဖြစ်ပြီး ကျန်နှစ်ဦးက NLD ကိုယ်စား လို့ ထင်ပါတယ်။ အဲဒီကာလအထိ DVB သတင်းထောက်တွေ၊ ၀န်ထမ်းတွေဟာ နိုင်ငံရေးအဖွဲ့တွေကို ကိုယ်စားပြုရွေးချယ်ထားတဲ့သဘော ရှိနေဆဲဖြစ်ပါတယ်။

မယ်ဟောင်ဆောင်မှာ ထပ်တွေ့ရတဲ့ သင်တန်းသားတွေကတော့ ABSDF ခွဲတန်းထဲမှ ကိုစိုင်းမြင့်သူ၊ ကိုမောင်မောင်ကြီးနဲ့ ကိုအောင်ဇော်မင်း။ တိုင်းရင်းသားအစီစဉ်ခွဲတန်းထဲမှ (DVB ဟာ ဗမာဘာသာနဲ့ ၄၅ မိနစ်သတင်းလွှင့်တာအပြင် တိုင်းရင်းသာဘာ ၇ ခုနဲ့လည်း ၁၅ မိနစ်စီ နေ့စဉ်လွှင့်ပါတယ်) ကယန်း ဘာသာကိုယ်စား ခွန်ဘိုဘို၊ ရှမ်းဘာသာမှ ကိုရှမ်းကြီးနဲ့ ကိုရှမ်းလေး၊ ကရင်နီမှ ကိုအောင်ဆန်းမြင့်တို့ ၄ ဦးဖြစ်ပါတယ်။ တသီးပုဂ္ဂလအနေနဲ့ ပါလာသူတဦးသာရှိပြီး အဲဒီပုဂ္ဂိုလ်ကတော့ အဲဒီအချိန်ကတည်း က The Nation, Bangkok Post တို့မှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးရေးနေသူ နာမည်ကြီး RFA သတင်းထောက်၊ ဧရာဝတီအယ်ဒီတာချုပ် ကိုအောင်ဇော် ဖြစ်ပါတယ်။

သတင်းစာပညာနဲ့ ပတ်သက်ပြီး တခြားလူတွေ ဘယ်လိုအတွေ့အကြုံ ရှိခဲ့သလဲဆိုတာကို ကျနော်မမေး ဖြစ်ခဲ့ပေမယ့် ကျနော်ကိုယ်တိုင် ဘာမှအတွေ့အကြုံ မရှိသေးတာကတော့ သေချာပါတယ်။ မြန်မာ နိုင်ငံမှာ ကျောင်းတက်တုန်းက စာတိုပေစရေးတာကို စိတ်ဝင်စားတဲ့အတွက် မြန်မာစာ မေဂျာကိုယူခဲ့ပါ တယ်။ ဒီလိုပြောလိုက်လို့ ဆေးတက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ်ကို အမှတ်မီရဲ့နဲ့ မြန်မာစာကို ရွေးယူ တယ်လို့ မထင်စေလိုပါ။ ၀ိဇ္ဇာတွဲလောက်သာမီတဲ့အမှတ်ထဲကနေ သမိုင်းနဲ့ ပထ၀ီကိုမယူဘဲ မြန်မာစာ ကို ရွေးယူလိုက်တဲ့သဘောပါ။ 

မြန်မာ့အလင်းသတင်းစာ၊ ရေဒီယိုနဲ့ ရုပ်-သံ အားလုံးကို အစိုးရကပိုင်တဲ့အတွက် အဲဒီအလုပ်တွေနဲ့ ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ထင်ထားခဲ့သူ။ တချိန်ချိန်မှာသတင်းထောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်း ကမှ ထင်မထားခဲ့သူပါ။ မြန်မာစာယူသူ အများစုဟာလည်း ကဗျာရူး၊ စာရူးတွေဖြစ်တဲ့အတွက် အဖွဲ့အနွဲ့ တွေကိုသာရေးတတ်ပြီး သတင်းအရေးအသားပုံစံကို နားမလည်ခဲ့ပါ။ သတင်းနဲ့ပတ်သက်ပြီး အဲဒီ ကာ လက စိတ်ဝင်စားတာဆိုလို့ ည ၈ နာရီ ပြည်တွင်းသတင်းအပြီးမှာလာလေ့ရှိတဲ့ နိုင်ငံတကာဂြိုဟ်တု သ တင်းတခုသာ ရှိပါတယ်။ မော်လမြိုင်တက္ကသိုလ် မောရဆောင်က တီဗွီအခန်းမှာ ကျောင်းသားတွေ ဒါဇင်နဲ့ချီတိုးဝှေ့ ကြည့်ခဲ့ဖူးတာကို အမှတ်ရနေပါတယ်။

ဒါ့အပြင် အဲဒီကာလဟာ လုံးချင်းအချစ်ဝတ္ထုတွေနဲ့ မဂ္ဂဇင်းတွေခေတ်စားတဲ့အတွက် ကဗျာတချို့ မဂ္ဂ ဇင်းတွေဆီ ပို့ခဲ့ဖူးပါတယ်။ ဒါပေမယ့် တခါမှပုံနှိပ်ဖော်ပြခံရခြင်း မရှိပါဘူး။ မှတ်မှတ်ရရ ထားဝယ် ကော လိပ်တက်နေစဉ်မှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကဗျာစာအုပ် ၂ အုပ်ထုတ်ခဲ့ဖူးတာကလွဲရင် စာပေ အ ရေးသား၊ သတင်းအရေးသားနဲ့ပတ်သက်ပြီး ဘာအတွေ့ အကြုံမှမရှိခဲ့ပါ။

အဓိကဆိုလိုချင်တာက အဲဒီအချိန်က မြန်မာနိုင်ငံမှာ သတင်းစာပညာဘာသာရပ် မရှိသေးပါ။ တကယ် တော့ မရှိသေးတာမဟုတ်ပါဘူး။ ရပ်နားထားတဲ့ကာလလို့ ပြောရမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆို ရင် ကျနော်တို့အရင်ခေတ်က သတင်းစာဆရာတွေဟာ မဆလ ခေတ်ဦးပိုင်းအထိ ရှိခဲ့ဖူးတဲ့ လူထု ဆက်သွယ်ရေးဘာသာရပ်ကို တက္ကသိုလ်တွေမှာသင်ခဲ့ရတယ်လို့ သိရပါတယ်။ တခါ ကျနော်တို့ ခေတ် လွန် အခု ဦးသိန်းစိန်အစိုးရ မတက်ခင်လေးမှာလည်း သတင်းစာပညာကို တက္ကသိုလ်မှာပြန်သင်နေ ပြီလို့ သိရပါတယ်။

အခု ၂၀၁၄ မှာဆိုရင် နိုင်ငံခြားအလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ နိုင်ငံတကာအဆင့်မီ Myanmar Journalism School ကိုတောင် ရန်ကုန်မှာဖွင့်ဖို့ပြင်နေပြီလို့သိရပါတယ်။ ဒါပေမယ့် သေချာတာက တော့ ကျနော်တို့ခေတ်မှာ သတင်းစာပညာနဲ့ ကြုံခွင့်မရလိုက်ပါဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာ ဆို တာကိုလည်း ဘာမှန်းမသိခဲ့ပါဘူး။

မယ်ဟောင်ဆောင်၊ ခွန်ဆာအိမ်နဲ့ ခွန်ဆာရွာများဆီသို့

သတင်းနှစ်ပတ်ကြာတဲ့ သင်တန်းအတွင်း ဘာတွေပို့ချခဲ့သလဲဆိုတာကို ကျနော်အတိအကျ မမှတ်မိ တော့ပါ။ ဒါပေမယ့် ထူးထူးခြားခြားမှတ်မိနေတာတခုကတော့ ၀ါဒဖြန့်ချီရေးနဲ့ သတင်းမတူတဲ့ အကြောင်း သင်တန်းဆရာတွေနဲ့ ကျနော်တို့သင်တန်းသားတွေကြား အငြင်းပွားမှုပါ။ ရှေ့မှာပြောခဲ့တဲ့ အတိုင်း ကိုအောင်ဇော်ကလွဲရင် ကျန်လူအားလုံးဟာ တော်လှန်ရေးအဖွဲ့စည်း၊ နိုင်ငံရေးအဖွဲ့စည်းတွေ ကို ကိုယ်စားပြုပြီး ရောက်လာကြသူတွေဖြစ်တဲ့အတွက် သတင်းလုပ်ငန်းကို စစ်အာဏာရှင်တိုက်ဖျက် ရေးမှာ လက်နက်တခုအဖြစ်အနေနဲ့ အသုံးချချင်သူတွေက များနေပါတယ်။

(ထိုင်း-မြန်မာနယ်စပ်ရှိ လက်ဖက်ရည်ဆိုင်စားပွဲပေါ် အလှတင်ထားတဲ့ ဘိန်းပန်း)

န၀တ ဘက်က လွှင့်နေတဲ့သတင်းတွေနဲ့ ကျနော်တို့ DVB က လွှင့်နေတဲ့သတင်းတွေ ဘာကွာသလဲ။ ဘ ၆ လုံးစံချိန်နဲ့ကိုက်ရဲ့လား။ အတည်ပြုချက်ယူတာ၊ သမာသမတ်ရှိတာ၊ ဘက်မလိုက်ပဲ တင်ပြတာ ရှိ ရဲ့လားဆိုပြီး ငြင်းကြခုန်ကြတာပါ။ အမှန်အတိုင်းဝန်ခံရရင် အဲဒီကာလအထိ ကျနော်ဟာ ABSDF ဗဟို ကော်မတီဝင်တပိုင်းဖြစ်တဲ့အပြင် န၀တ ကိုလည်း ရန်သူအဖြစ်သတ်မှတ်ထားဆဲ၊ ရန်သူအဖြစ် ခေါ်ဝေါ် နေဆဲဖြစ်ပါတယ်။

လက်နက်ကိုင်သူပုန်တာဝန်ကနေ မိုင်ကလိုဖုန်းကိုင်တဲ့ သတင်းထောက်အဖြစ် ပြောင်းလိုက်ပေမယ့် ဒါဟာ အသုံးပြုတဲ့လက်နက်နဲ့ နည်းနာပြောင်းလိုက်ခြင်းသာဖြစ်ပြီး မဟာဗျုဟာက မပြောင်းသေး။ အဓိ ကတာဝန်က န၀တကို ရတဲ့နည်းနဲ့ဆက်တိုက်ရေးအဖြစ် ခံယူထားဆဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ သတင်းတခုရပြီဆိုရင် သတင်းသမားပီသစွာ သမာသမတ်ကျကျတင်ပြဖို့ထက် န၀တ ရဲ့ အားနည်းချက်၊ မှားယွင်းချက်မှန်သမျှကို ဖွင့်ချတိုက်ခိုက်ဖို့သာ စိတ်ကအားသန်နေခဲ့ပါတယ်။

ဒီသင်တန်းဆရာတွေနဲ့ အကြိတ်အနယ်ငြင်းခုံမှုအပြီးမှာတော့ သတင်းသမားတဦးရဲ့ ကျင့်ဝတ်နဲ့ တာဝန် တွေကို အတော်နားလည်လာခဲ့ပါတယ်။ ဒါဟာ ကျနော့်ရဲ့သတင်းသမားဘ၀မှာ သိပ်အရေးပါပြီး တာ ၀န်ကြီးလှတဲ့ သတင်းသမားအဖြစ် ဆက်လုပ်မလား၊ လက်နက်ပြန်ကိုင်ပြီး နိုင်ငံရေးဆက်လုပ်မလား ဆိုတာကို ရွေးချယ်ရတဲ့ ကာလတခုလည်း ဖြစ်ခဲ့ပါတယ်။

သတင်းသမားတဦးရဲ့ ကျင့်ဝတ်ဟာ ဆရာဝန်တဦးရဲ့ ကျင့်ဝတ်ထက်ပိုအရေးကြီးကြောင်း၊ ဆရာဝန် ဆေးကုမှားရင် လူနာတဦးပဲသေမှာဖြစ်ပြီး သတင်းသမား သတင်းမှားရင်တော့ နိုင်ငံနဲ့ချီပြီး၊ လူမျိုးနဲ့ ချီပြီး စစ်ဖြစ်သွားနိုင်တာ။ လူတွေရာနဲ့ချီ သေသွားနိုင်တယ်ဆိုတာတွေကို ကျနော်လေ့လာခွင့် ရခဲ့ပါ တယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီသင်တန်းဟာ ကျနော့်ကို ၀ါဒဖြန့်ချီရေးသမားကနေ သတင်း သမားစစ်စစ်အဖြစ် ပြောင်းလဲပေးလိုက်တယ်လို့ ဆိုချင်ပါတယ်။

သဘောတရားဘက်ကနေ အခင်းအကျင်းဘက်ကို နည်းနည်းကြည့်လိုက်မယ်ဆိုရင်တော့ ကျနော်တို့ သင်တန်းကျင်းပရာ တိုက်အိမ်ကြီးဟာ မယ်ဟောင်ဆောင် လေယဉ်ကွင်းနဲ့ မနီးမဝေးမှာရှိပြီး ကိုယ်ပိုင် ခြံနဲ့ဝင်းနဲ့ဖြစ်ပါတယ်။ အပြင်ကနေကြည့်လိုက်ရင် တထပ်တိုက်လို့ ထင်ရပေမယ့် အထဲမှာ အခန်းဖွဲ့ စည်းထားပုံက ထူးခြားပါတယ်။ အိမ်ဘေးမှာ လူ ၅၀ လောက်ထိုင်နိုင်တဲ့ ဟောခန်းတခုပါပြီး မြေ အောက်ထပ်တခုလည်း ပါ ပါသေးတယ်။ အပေါ်ထပ်မှာစာသင်ပြီး အသံဖမ်းတာ၊ အသံသွင်းတဲ့ လေ့ ကျင့်ခန်းတွေကို မြေအောက်ထပ်မှာလုပ်ပါတယ်။ အဲဒီမြေအောက်ထပ်ဟာ DVB အတွက် ABSDF အဖွဲ့သားတွေရဲ့ ဇာတ်လမ်းအသံသွင်းရာ စတူဒီယိုလည်းဖြစ်တဲ့အတွက် စက်ပစ္စည်း အတော်အစုံ အ လင်ရှိပါတယ်။

ပြီးတော့ ဒီရုံးကို တာဝန်ခံငှားထားသူက ကျနော်တို့ မင်းသမီးစခန်းမှ ကိုကျော်ကျော် ဖြစ်ပါတယ်။ သူ ဟာ လက်ရှိ ABSDF ဗဟိုခေါင်းဆောင်တဦးဖြစ်ပြီး PDC လို့ လူသိများတဲ့ နိုင်ငံရေးအန်တုမှု လုပ်ငန်း တွေကို ဦးစီးဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒီလောက်ကောင်းတဲ့ အိမ်ကြီးဟာ အရင်က ဘိန်းဘုရင် ခွန်ဆာရဲ့ ရုံးခွဲလုပ်ခဲ့ဖူးတဲ့နေရာမှန်း သင်တန်းပြီးခါနီးမှ သိရပါတယ်။

မယ်ဟောင်ဆောင်ဟာ ခွန်ဆာကြီးစိုးခဲ့တဲ့ မောင်ထိုင်းစစ်တပ်အခြေစိုက်ရာ မြန်မာဘက်နယ်စပ်နဲ့ အနီး ဆုံးမြို့ဖြစ်တဲ့အတွက် ခွန်ဆာရဲ့ ခြေရာလက်ရာ အတော်များများကို ဒီမြို့ထဲမှာ တွေ့ရပါတယ်။ သင်တန်း ပြီးတဲ့ တရက်လား၊ သင်တန်းနားတဲ့ စနေ၊ တနင်္ဂနွေမှာလား မသိပါ။ ဒေသလေ့လာရေးခရီးအဖြစ် သွားရင်းနဲ့ မယ်ဟောင်ဆောင်နဲ့ ၃ နာရီလောက်ဝေးတဲ့ နယ်စပ်က မယ်အိုင်းရွာဆီ ကျနော်တို့သတင်း ထောက်ပေါက်စ အုပ်စုကြီးရောက်သွားပါတယ်။

ထိုင်းရွာဆိုပေမယ့် တရုတ်စာတန်းတွေ၊ တရုတ်ဒီဇိုင်း အုတ်စီအိမ်တွေကိုတွေ့ရတဲ့အတွက် အမြင်မှာ ထူးဆန်းနေပါတယ်။ ''ဟိုးမှာမြင်နေရတဲ့တောင်တန်းပေါ်မှာ ''၀'' စစ်သားတွေရှိတယ်လေ။ အရင်က တော့ ခွန်ဆာရဲ့နေရာတွေပေါ့'' လို့ ရွာသားတဦးက ပြောပါတယ်။ ၀ ဆိုတာ UWSA ၀ မဟုတ်ပဲ အဲဒီ ကာလက ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ မဟာဆန်း ဦးဆောင်တဲ့ ၀ ကို ဆိုလိုတာဖြစ်ပါတယ်။ လက် ဖက်ရည်ဆိုင်မှာထိုင်တော့ သိပ်လှတဲ့ နှင်းဆီနီတပွင့်ကို စားပွဲပေါ်က ပန်းအိုးထဲမှာ တွေ့ရပါတယ်။ ဒါနဲ့ ဓာတ်ပုံရိုက်ဖို့ပြင်တုန်း ''လှတာမက်ရင် ညစာခက်သွားမှာပေါ့။ အဲဒါ နှင်းဆီမဟုတ်ဘူးဆရာ။ ဘိန်းပန်း၊ ဘိန်းပန်း'' လို့ ဒီဒေသကို ရောက်ဖူးတဲ့ သင်တန်းသားတဦးက ၀င်ပြောပါတယ်။

ကျနော်အတော်အံသြသွားပါတယ်။ ဘိန်းပန်းက ဒီလောက်လှရသတဲ့လား။ ဒါဟာ ကျနော့်ဘ၀မှာ ပထ မ ဆုံးအကြိမ် ဘိန်းပန်းကို မြင်ဖူးခြင်းပါပဲ။ ကျနော်တို့က အလည်သဘောသက်သက်နဲ့ လျှောက်ငေး နေပေမယ့် FRA သတင်းထောက် ကိုအောင်ဇော်ကတော့ ရီကော်ဒါတလုံးနဲ့ အင်တာဗျုးတွေလုပ်နေ ပါတယ်။ ပြီးတော့ သင်တန်းတက်နေစဉ်မှာကို ခွန်ဆာရွာနဲ့ မယ်ဟောင်ဆောင်အကြောင်းကို သူ စတို ရီလုပ်နိုင်ခဲ့၊ FRA နဲ့ ဧရာဝတီအတွက် ရေးသားနိုင်ခဲ့တာကို ကျနော်မှတ်မိနေပါတယ်။

အခု နှစ် ၂၀ နီးပါးကြာပြီးတဲ့အချိန် ပြန်ကြည့်တဲ့အခါမှာတော့ သင်တန်းသား ၁၂ ဦးထဲက ကိုအောင် ဇော်တယောက်ပဲ ဧရာဝတီမှာ အယ်တီတာချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းနေတာတွေ့ရပြီး ကျန် လူတွေကတော့ အသွင်အမျိုးမျိုးပြောင်းကုန်ကြပြီ ဖြစ်ပါတယ်။ ကျနော်ဆိုရင် ၂၀၁၁ ခုနှစ်မှာ DVB က နေ အလုပ်ထုတ်ခံခဲ့ရပါတယ်။ အခုချိန်ထိ သတင်းသမားတဦးအဖြစ် ခက်ခဲစွာရပ်တည်နေဆဲဖြစ် ပေ မယ့် ဘယ်လောက်အထိကြာကြာရပ်နိုင်မလဲ မသေချာသေးပါ။ ကျန်သင်တန်းသားအားလုံးကတော့ သတင်းလောကနဲ့ဝေးရာ တခြားလုပ်ငန်းခွင်တွေဆီ ရောက်သွားကြပါပြီ။ သင်တန်းသားတဦးဖြစ်တဲ့ ကို မောင်မောင်ကြီးကတော့ ၂၀၁၃ ခုနှစ်ထဲမှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။    ။

ထက်အောင်ကျော်

http://www.htetaungkyaw.net/

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၈) တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၈) Reviewed by သစ်ထူးလွင် on 03:15 Rating: 5
Powered by Blogger.