DVB အော်စလိုရုံးချုပ်မှ ၀န်ထမ်းများ
၁၉၉၉ ခုနှစ် မေလ၊ ကျနော် အော်စလိုရုံးချုပ်ကိုရောက်တဲ့အချိန်မှာ ၀န်ထမ်းအင်အား ၇ ဦးသာရှိပေမယ့် တကယ်တော့ ထိုင်း-မြန်မာနယ်စပ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ယူလုပ်ပေးနေတဲ့အင်အားက မနည်းလှပါ။ အိန္ဒိ ယဘက်ရှိ နယူးဒေလီဗျုရိုဘက်ကနေ ဇာတ်လမ်းတွေ အဓိကထုတ်ပေးနေပြီး ကိုဇော်ဝင်းအောင်နဲ့ ဦး ညွန့်လှတို့ရဲ့ ဘုရင်ကြီးဇာတ်လမ်းဟာ အဲဒီအချိန်က အတော်လူသိများပါတယ်။ တခါ ထိုင်းဘက်ရှိ ဘန်ကောက်ဗျုရိုနဲ့ နယ်စပ်ရှိ တော်လှန်ရေးအဖွဲ့အသီးသီးကလည်း ဇာတ်လမ်းတွေ၊ ဆောင်းပါးတွေ၊ သတင်းတွေ မျိုးစုံပို့ပေးနေကြပါတယ်။
(DVB ၀န်ထမ်းဟောင်းတဦးဖြစ်သူ ငြိမ်းချမ်းရေးတေးသံရှင် ကိုမွန်းအောင်မှ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားကို ၁၉၉၆ ခုနှစ်က အင်တာဗျုးလုပ်နေစဉ်)
DVB ရေဒီယို ပေါ်ပေါက်လာပုံကို ပြန်ပြောရမယ်ဆိုရင်တော့ အခန်း ၂ မှာ တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရပြီးတဲ့နောက် ၁၉၉၂ ဇူလိုင်လ ၁၉ ရက်မှာ ဒီရေဒီယို ကို စတင်အသံလွှင့်ခဲ့တာပါ။ အဲဒီကာလဟာ တောခိုကျောင်းသားတွေ ခေတ်ကောင်းဆုံးအချိန်မို့ ဒီ ရေဒီယို ကိုလည်း ကျောင်းသားရေဒီယိုလို့ အလွယ်ခေါ်ကြပါတယ်။
ဒါပေမယ့် တကယ်တမ်း တာဝန်ခံဆောင်ရွက်တဲ့အဖွဲ့ကတော့ ABSDF မဟုတ်ပဲ အမျိုးသားညွန့် ပေါင်းအစိုးရ NCGUB ဖြစ်ပါတယ်။ ဒါကြောင့် DVB ရဲ့ တရားဝင်အမည်က ''အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွင့်ဌာန၊ ဒီမိုကရက်တစ်မြန်မာ့အသံ'' ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ် DVB စတင်အသံလွှင့်စဉ် ပထမဆုံး တာဝန်ပေးခံရတဲ့ ၀န်ထမ်းတွေကတော့ မာနယ် ပုလောကနေရောက်လာတဲ့ ABSDF ကိုယ်စားလှယ် ကိုခင်မောင်ဝင်း၊ ဆွီဒင်နိုင်ငံကတဆင့်ရောက် လာတဲ့ ကိုအေးချမ်းနိုင်နဲ့ မသီတာ၊ အော်စလိုမှာရောက်နေတဲ့ ကိုမောင်မောင်မြင့်တို့ ၄ ဦး ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၃ အစောပိုင်းမှာတော့ ABSDF တပ်ဖွဲ့ဝင် နာမည်ကြီးတေးသံရှင် ကိုမွန်းအောင်ဟာ မာနယ်ပုလောဌာနချုပ်ကနေ အော်စလိုရုံးချုပ်ဆီ ရောက်လာပါတယ်။ နောက်ပိုင်းမှာတော့ ABSDF မှ ကိုသိန်းထိုက်ဦးနဲ့ ကဗျာဆရာကိုငြိမ်းဝေတို့လည်း မာနယ်ပုလောကနေ အော်စလိုဆီ ရောက်လာကြပါ တယ်။
နောက်တခါ တခြားအစီစဉ်တခုနဲ့ နော်ဝေးမှာ သင်တန်းလာတက်နေတဲ့ ကျောင်းသားလူငယ်တွေထဲက ကိုထွန်းထွန်း၊ ကိုကျော်ကျော်နဲ့ စောနယ်ဆင်ကူးတို့ဟာလည်း DVB ရဲ့ ကမ်းလှမ်းချက်အရ သင် တန်းပြီးတာနဲ့ DVB မှာ တာဝန်ဝင်ထမ်းခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအချိန်ထိ ရေဒီယိုအတွေ့အကြုံမရှိတဲ့ ကျောင်းသားလူငယ်တွေချည်း တာဝန်ယူဆောင်ရွက်နေပြီး ၁၉၉၆ ရောက်မှ ၀ါရင့်သတင်းသမားဖြစ်သူ ဒေါက်တာအောင်ခင်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ ညွှန်ကြားရေးမှူးက ဒေါ်ခင်ပြုံးဖြစ်ပြီး မန်နေဂျာကတော့ ဒေါ်ဥဥခင် ဖြစ်တယ်လို့ မှတ်တန်းတွေမှာ တွေ့ရပါတယ်။
ကျနော်ရောက်လာတဲ့အချိန်မှာတော့ ညွှန်ကြားရေးမှူးက ဦးဟန်ညောင်ဝေဖြစ်ပြီး အရင်ညွှန်မှူးတွေ၊ အယ်ဒီတာချုပ်တွေ၊ ၀န်ထမ်းတွေ မရှိတော့ပါ။ အခန်း ၁၀ မှာ ဖော်ပြခဲ့တဲ့အတိုင်း ၀န်ထမ်းဟောင်း ၃ ဦးနဲ့ ၀န်ထမ်းသစ် ၃ ဦးကိုသာ တွေ့ရပါတယ်။ ကျနော်ရောက်နေစဉ် ကျနော်တို့လိုပဲ Interim အဖြစ် အိန္ဒိယဘက်ကနေ ရောက်လာသူတဦးကတော့ မခင်နှင်းထက်ဖြစ်ပါတယ်။
နယ်သတင်းထောက်နဲ့ စတူဒီယိုမှာ သတင်းဖတ်သူ ဘာကွာသလဲ
အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန်ထိ ရုံးချုပ်ကလူတွေကို အထင်မကြီးပါ။ သတင်းထောက်မလုပ်ဖူးဘဲ အယ်ဒီတာဖြစ်နေသူတွေ၊ သူများတွေက ရှေ့တန်းစစ်မျက်နှာအပါဝင် အသက်အန္တရာယ်ရှိတဲ့နေရာ တွေကနေ သတင်းပို့နေချိန်မှာ ဒီလူတွေက စတူဒီယိုခန်းထဲမှာထိုင်ပြီး သူများပို့သမျှ ထိုင်ဖတ်နေ သူ တွေအဖြစ် တဖက်သတ်အမြင် ကျနော်မှာရှိနေပါတယ်။
(DVB ရေဒီယို စတူဒီယိုအတွင်း ၀န်ထမ်းတဦး သတင်းဖတ်နေစဉ်)
ဒါပေမယ့် တကယ်တမ်း ရုံးချုပ်ဆီရောက်လာပြီး သတင်းတွေကို ဘာသာပြန်ရ၊ သတင်းလိုက်ရ၊ သ တင်းရေးရ၊ သတင်းထောက်တွေရဲ့ အသံတွေကိုပြန်ဖြတ်၊ ပြန်ပြင်ရတဲ့အလုပ်ကလည်း သိပ်မလွယ်ပါ။ ပြီးတော့ Live အသံလွှင့်ရတဲ့ကိစ္စက အဆိုးဆုံး။ နယ်စပ်နဲ့ ဘန်ကောက်မှာနေတုန်းက တနေ့တပုဒ်နှုန်း ပို့ပြီးရင် ကိစ္စပြီးပြီ။ တကယ်လို့ မအားရင်လည်း ဆင်ခြေတခုခုပေးပြီး မပို့ပဲနေလိုက်ရုံပါပဲ။
ဒါပေမယ့် ရုံးချုပ်မှာတော့ အဲဒီလိုနေလို့မရ။ ည ၇ နာရီခွဲ အသံလွှင့်ချိန်ရောက်ရင် ၄၅ မိနစ်စာအသံ အပြည့်ရှိနေဖို့လိုပါတယ်။ (အဲဒီအချိန်က ညပိုင်းမှာ ၂ ကြိမ်ခွဲလွှင့်ပြီး ပထမ အချိန်က ၇-နာရီကနေ ၇- ၄၅ အထိလို့ထင်ပါတယ်။ ဒုတိယ တကြိမ် ကတော့ ည ၉ နာရီဖြစ်ပါတယ်)။ အဲဒီ ၄၅ မိနစ်စာ သတင်း နဲ့ ဆောင်းပါးတွေရဖို့အတွက် ရုံးချုပ်အယ်ဒီတာက တနေကုန်ပြင်ဆင်နေရပါတယ်။ ဒီနေ့ သတင်းမရှိ ဘူး၊ ၀န်ထမ်းတွေ မအားဘူးဆိုပြီး အသံမလွှင့်ဘဲ နေလို့မရ။
နောက် အသံလွှင့်မီဒီယာရဲ့ ပိုထူးခြားချက်က ပုံနှိပ်မီဒီယာ သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေလို တန င်္ဂနွေပိတ်တယ်၊ သင်္ကြန်ရက်ပိတ်တယ်ဆိုပြီး အသံမလွှင့်ပဲ နေလို့မရတဲ့အချက်ပါ။ အားကစား စကားနဲ့ ပြောရရင်တော့ နယ်သတင်းထောက်က တကိုယ်တော် မာရသွန်ပြေးနေရတဲ့သဘောဆန်ပြီး ရုံးချုပ်က တော့ ဘော်လုံးအသင်းတသင်းနဲ့ပိုတူတယ်လို့ထင်ပါတယ်။ ကစားသမားတဦးဦးနာနေရင်၊ တယောက် ယောက်အားနည်းနေရင်၊ အရင်နေ့တွေက အသောက်အစားမှားပြီး တဦးဦးအသံပျက်နေရင်၊ တဦးဦး ရုံးမလာနိုင်ရင် အတော်ကသိကအောင်ဖြစ်လောက်အောင် တဦးနဲ့တဦးအပြန်အလှန်လေးစား ရိုင်းပင်း ကူညီတဲ့ Team Work အရမ်းလိုတယ်လို့ ကျနော် မြင်မိပါတယ်။
ဒီတော့ အော်စလိုရုံးမှာ ဘန်ကောက်မှာနေတုန်းကလို သတင်းတပုဒ်လောက် တာဝန်ကျေပို့ပြီး သွား ချင်ရာ ထွက်သွားလို့မရ။ ရုံးချိန်အပြည့် တနေ့ ၈ နာရီကျော် ရုံးတက်ရပါတယ်။ မြန်မာအကြောင်းပါတဲ့ အင်္ဂလိပ်သတင်းတွေကို ဘာသာပြန်ရပါတယ်။ ကိုယ်ရေးတဲ့သတင်းကို ဘယ်သူမဆို စတူဒီယိုထဲမှာ အဆင်သင့်ဖတ်နိုင်ဖို့အတွက် ဘောပင်လ်နဲ့မရေးပဲ ကွန်ပျူတာနဲ့ရိုက်ရပါတယ်။ အဲဒါမှ ပြဿနာ။ နယ် စပ်နဲ့ ထိုင်းကနေပို့သမျှ သတင်းအားလုံးဟာ လက်ရေးနဲ့စာရွက်ပေါ်ချရေးပြီး အဆင်ပြေသလိုဖတ်-ပို့လိုက်တာဆိုတော့ အော်စလိုရုံးရောက်တဲ့အထိ ကျနော်ကွန်ပျူတာ မရိုက်တတ်သေးပါ။
မတတ်လို့မရ။ အားလုံးတပြေးညီဖြစ်အောင် ကွန်ပျူတာနဲ့ရိုက်ရမယ်ဆိုတော့ စာရိုက်တာကို မဖြစ်မနေ စသင်ရပါတယ်။ အရင်က လက်ညှိုတချောင်းစီနဲ့ ဖြစ်သလို ရိုက်ခဲ့ဖူးတာတွေကို မေ့ထားလိုက်ပြီး လက်ကွက်အမှန်နဲ့ စနစ်တကျ ရိုက်ကျင့်ရပါတယ်။ တခါမှမရိုက်ဖူးတော့ တနာရီလောက်ကြာတဲ့အထိ စာတမျက်နှာမပြီးပါ။ အဲဒီအတွက် အချိန်အတော်ပေးခဲ့ရပါတယ်။
နောက်ထပ်အချိန်ပေးခဲ့ရတဲ့ အလုပ်တခုကတော့ အသံတွေကို ကွန်ပျူတာပေါ်မှာ ဖြတ်တောက်ခြင်း၊ အက်ဒစ်လုပ်ခြင်းပါ။ အဲဒီအချိန်ထိ DVB မှာ ကိုယ်ပိုင် အသံ Soft wear မရှိသေးပါ။ အခမဲ့ရတဲ့ Cool Edit ပရိုဂရမ်ကို သုံးနေဆဲလို့ထင်ပါတယ်။ (နောက်ပိုင်းမှာတော့ ဈေးသိပ်ကြီးပြီး အသုံးဝင်လှတဲ့ Dalet Sound Card စနစ်ကိုသုံးပါတယ်)။ နယ်ကလာတဲ့သတင်းထောက် ကျနော်က ကွန်ပျူတာလဲမရှိ၊ အသံ ကိုလည်း ကွန်ပျူတာထဲ တခါမှ အက်ဒစ်မလုပ်ဖူးတော့ အသံဖြတ်တဲ့ကိစ္စကလည်း အချိန်အတော်စား ခဲ့ပါတယ်။
အဲဒီ အချိန်စားတဲ့ကိစ္စနှစ်ခုထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းတာက Live လွှင့်တဲ့အချိန်။ နယ်ကနေ သ တင်းပို့စဉ်က မှားရင် ''ပြန်ဖတ်မယ်'' လို့ ပြောပြီး မှားတဲ့နေရာကို အယ်ဒီတာကပြန်ဖြတ် ပြန်ဆက် လိုက်ရုံ။ အခု က Live ဆိုတော့ မှားလို့ မရ၊ ပြန်အက်ဒစ်လုပ်ဖို့မရ၊ မှားရင်မှားတဲ့အတိုင်း လေလှိုင်းပေါ် တက်သွားမှာဖြစ်ပါတယ်။
မှတ်မှတ်ရရ ပထမ ဆုံး LIVE ၀င်ဖတ်တဲ့နေ့မှာ လူပြောစရာဖြစ်ခဲ့တဲ့ အမှားတခု ကျနော်လုပ်ခဲ့မိပါတယ်။ အဲဒီနေ့က သတင်းဖတ်သူတွေထဲမှာ ကိုလော်မာက ပရီစန်တာ၊ ကိုကျော်မိုး၊ ကိုခင်မောင်လေးနဲ့ ကျ နော်တို့ ၄ ဦး စားပွဲပတ်လည်မှာထိုင်ပြီး တယောက်တပုဒ်ဖတ်ကြတာပါ။ အဲဒီအချိန်က ACTUAL အသံလို့ ခေါ်တဲ့ အင်တာဗျုးလုပ်ပြီး သွင်းထားအသံတွေ၊ နယ်သတင်းထောက်က ပို့တဲ့အသံတွေ သိပ်မရှိ သေးတဲ့အတွက် စာထိုင်ဖတ်တဲ့အသံကိုသာ အဓိက အားထားနေရဆဲပါ။
ကိုကျော်မိုး သတင်းဖတ်တဲ့အလှည့်မှာပါလာတဲ့ သတင်းတပုဒ်က ABSDF က ပို့ထားတဲ့ ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဒေသမှာ န၀တ တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုအကြောင်း။ နတ်အိမ် တောင်အခြေစိုက် ခလရ ၂၇၃ က ဒေသခံတွေအပေါ် ဘယ်လိုအနိုင်ကျင့်နေတယ်ဆိုပြီး ဖတ်လိုက် ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ နတ်အိမ်တောင်ကနေပြန်လာတဲ့ကျနော်က ''အဲဒီမှာ ၂၇၃ မ ဟုတ်ဘူး။ ၂၀၈ တပ်ရင်းရှိနေတယ်''။ ခင်ဗျားပြောတာ မှားနေတယ်ဆိုပြီး LIVE လွှင့်နေစဉ် ၀င်ပြော မိတဲ့အချက်။ ကိုကျော်မိုးက ကျနော်မျက်နှာကို တချက် ကြည့်ပြီး ဘာမှပြင်ဆင်မှုမလုပ်ဘဲ သူရေးထား တဲ့အတိုင်းပဲ ဆက်ဖတ်သွားပါတယ်။
Live အသံလွှင့်မှုလည်းပြီးရော။ ကျနော့်လုပ်ပုံကို အားလုံးက ထောက်ပြပြီး ''ဒီလူကို Live ဖတ်ခိုင်း ရင်တော့ သတိထားဟေ့'' လို့ ၀ိုင်းနောက်ကြပါတယ်။ အဲဒီလိုမှားပြီးနောက်ပိုင်းမှာတော့ ပြင်စရာရှိတာ ကို အပြင်မှာကတည်းက ပြင်နိုင်ရင်ပြင်၊ လေလှိုင်းပေါ်ရောက်ခါနီး မိုက်ကလိုဖုန်းရှေ့ရောက်မှတော့ ဘာမှ ပြင်လို့မရ။ ရေးထားတဲ့အတိုင်းသာ ဖတ်ပေတော့ ဆိုတာကို ကျနော်သဘောပေါက်ခဲ့ပါတယ်။
နေမ၀င် ညများကို ဖြတ်သန်းခြင်း
အော်စလိုကို ကျနော်စရောက်တဲ့အချိန်က မေလ ဒုတိယ ပတ်ဆိုတော့ ရာသီဥတုက အတော်သာယာ နေပါပြီ။ အပူချိန်က ၁၂- ၁၃ စင်တီဂရိတ်လောက်ရှိပြီး သစ်ပင်တွေ ရွက်နုဝေစပေါ့။ ည ၁၀ နာရီ လောက်မှနေ၀င်ပြီး တညလုံးနီးပါးလင်းနေတဲ့အတွက် ပထမ ညမှာ ကျနော်အိပ်လို့မပျော်ခဲ့ပါ။ ပိုဆိုး တာက အဲကွန်းအခန်းထဲမှာသာ နေဖူးပြီး အပူပေးစက်တပ်ထားတဲ့အခန်းထဲမှာ မနေဖူးတဲ့ပြဿနာ။ စ ရောက်တဲ့နေ့က ပါလာတဲ့ပုလင်းကို ကိုအေးချမ်းနိုင်တို့အခန်းမှာ အားလုံးစုသောက်ပြီးတဲ့နောက် ကို ဘိုဒီဇော်မင်း (ဘရာဆဲအခြေစိုက် EU-Burma ရုံးကနေ DVB ငွေစာရင်းကိစ္စ လာရောက်ကူညီပေးနေ သူ) နဲ့အတူ သူတည်းတဲ့အိမ်ဆီ ကျနော်ကို ခေါ်လာပါတယ်။
(မေလ ၁၇ ရောက်တိုင်း နှစ်စဉ်ကျင်းပနေကြ နော်ဝေးနိုင်ငံအမျိုးသားနေ့ မြင်ကွင်းတခု - ဓာတ်ပုံ ထက်အောင်ကျော်)
အော်စလိုမြို့ထဲကနေ ၁၅ မီနစ်လောက် မြေအောက်ရထားစီးရပြီး ရထားမှတ်တိုင်အဆုံးမှာတော့ Sognsvann ဆိုတဲ့ ရေကန်ကြီးတခုရှိပါတယ်။ အဲဒီဂိတ်ဆုံးမရောက်ခင် ၂ မှတ်တိုင်အလိုက ဘူတာမှာ ဆင်းပြီး လုံးချင်းအိမ်ရာတခုရဲ့ အပေါ်ထပ်က အခန်း ၂ ခန်းကို DVB က ငှားထားတယ်လို့သိရပါတယ်။ အဲဒီအခန်းဆီရောက်တော့ ည ၁၁ နာရီလောက်ရှိနေပြီ။ အဲဒီအချိန်ထိ အလင်းရောင်ကရှိနေဆဲ။ ဒါနဲ့ အနက်ရောင်လိုက်ကာကိုချပြီး ကြိုးစားအိပ်လိုက်ပါတယ်။ အိပ်လို့ပျော်ခါနီးမှာ အရမ်းအိုက်လာလို့ အပူ ပေးစက်ကို ပိတ်ဖို့ပြင်တော့ ဘယ်လိုပိတ်ရမှန်းမသိ။ လျှပ်စစ်နဲ့လာတဲ့စက်မဟုတ်ပဲ ရေနွေးငွေ့နဲ့စက် ဆိုတော့ အပူချိန်လျှော့တဲ့ခလုတ်ကို ကျနော်ရှာမတွေ့။ နောက်ဆုံးတော့ ပြူတင်းဖောက်ဖွင့်ပြီး အိပ် လိုက်ရပါတယ်။
တရေးနိုးတော့ အပြင်မှာ အရုဏ်တက်စပြုနေပြီ။ နာရီကိုကြည့်လိုက်တော့ မနက် ၂ နာရီခွဲပဲရှိပါ သေးတယ်။ ဘန်ကောက်အချိန်ကိုများ မပြင်ရသေးတာလားဆိုပြီး သံသယ၀င်မိလို့ အခန်းအပြင်ရှိ နံရံပေါ်က နာရီကို သွားကြည့်တော့လည်း ၂ နာရီခွဲပါပဲ။ အင်း... ည ၁၀ နာရီမှ နေ၀င်ပြီး မနက် ၃ နာရီမထိုးခင် အရုဏ်တက်နေတဲ့အရပ်ဆီ ကိုယ်ရောက်နေပါလားလို့ တွေးမိပါတယ်။ ဗိုက်ဆာလာလို့ တခုခုချက်စားမလားဆိုပြီး မီးဖိုချောင်ထဲဝင်တော့ ဒီနိုင်ငံက လျှပ်စစ်မီးဖိုနဲ့ မိုက်ခရိုဝေ့ အနွေးပေးတဲ့ စက်တွေကို ကျနော်က မသုံးတတ်သေး။
ဒီတော့ ရေနွေးခရားကိုဆူအောင်တည်ပြီး ဘန်ကောက်ကနေပါလာတဲ့ မားမားခေါက်ဆွဲခြောက်ကိုပဲ စားသုံးရင်း မနက် ၆ နာရီအထိ ကြိုးစားပြီးပြန်အိပ်ရပါတယ်။ ဘန်ကောက်က ABSDF ရုံးခန်းတွေမှာ စုပေါင်းနေစဉ်တုန်းကတော့ မနက်လင်းတာနဲ့ တဦးဦးက ဘုရားရှိခိုးတာ၊ ဆွမ်းတော်တင်တာလုပ်နေပြီ။ ဒီမှာတော့ တယောက်တခန်းဆိုတော့ မနက်စောစော ဘာအသံမှမကြားရ။ မနက်စာအတွက် လမ်း ထိပ်ထွက်ပြီးထိုင်ဖို့ လက်ဖက်ရည်ဆိုင်လည်းမရှိ။ စိုင်ထုံ (စားစရာကို ပလတ်စတစ်အိတ်နဲ့သယ်တာကို ထိုင်းအခေါ်) ဆွဲဖို့လည်း ဘာလမ်းဘေး ဆိုင်မှမရှိ။ ဒီလိုနဲ့ မားမားခေါက်ဆွဲခြောက်ကိုပဲ ဒုတိယအကြိမ် ကြိုးစားသောက်ပြီး ရုံးချိန်အမှီ DVB ရုံးဆီ ပြေးလာရပြန်ပါတယ်။ ။
ထက်အောင်ကျော်
http://www.htetaungkyaw.net/

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၁)
Reviewed by သစ်ထူးလွင်
on
13:33
Rating: