ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ

 အခြေခံပညာ ကျောင်းများတွင် အလယ်တန်းအဆင့် အခမဲ့ပညာရေးစနစ်ကို ယခု ၂၀၁၄-၁၅ ပညာ သင်နှစ်တွင် စတင်မည်ဟု ထုတ်ပြန်ထားသော်လည်း မေလ ၂၅ ရက်ကျောင်းများ စတင်အပ်နှံချိန်တွင်    မိဘအချို့မှာ ကျောင်းအပ်နှံနိုင်ရေး အတွက် ကျပ်သိန်းနှင့်ချီ ကုန်ကျသူများ ရှိနေကြောင်း ကျောင်းသား မိဘအချို့ကပြောသည်။

ထိုသို့ ငွေကြေးတောင်းခံမှု အများဆုံးခံရသော ကျောင်းသား များမှာ မူလတန်းပညာ ပြီးဆုံး၍ မိမိနေသည့်ကျောင်းတွင် အလယ်တန်းမရှိခြင်းနှင့် ကျောင်းပြောင်းလိုသော ကျောင်းသားသစ်များက ၀င်ခွင့်အဖြစ် တောင်းခံနေရကြောင်း ကျောင်းသားမိဘ  အချို့ကဆိုသည်။

‘‘ကျောင်းသွားအပ်တာကို အသစ်ပြောင်းလာတဲ့ ကျောင်းသားမိဘမှန်းလည်းသိရော ဆရာမတွေက   ဆရာကြီးနဲ့တွေ့ပြီးပြီလားဆိုတာပဲ   မေးနေတယ်။ တွေ့ပြီးလို့ သေချာလုပ်ဆောင်ပြီးပြီ (ငွေပေးပြီးပြီ) ဆိုမှပဲ ငြိမ်သွားကြတယ်’’ ဟု ရန်ကုန်မြို့တွင်မြို့နယ်ပြောင်း၍   ပဉ္စမတန်းတန်းကျောင်းသားကို သွားရောက်အပ်နှံခဲ့သော ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါကျောင်းသားမိခင် သည် ကျောင်းသားသစ်အပ်နှံ ခြင်းအတွက် ကျပ်ခြောက်သိန်း ပေးဆောင်ခဲ့ရကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးက ဆို သည်။

‘‘အသစ်အပ်တဲ့သူတွေက တော့ ပေးရတာပဲ။ တချို့တတ် နိုင်တဲ့သူတွေဆို ကလေးနေရာ ရရှိရေးအတွက်ကိုရော စုစုပေါင်း ၁၀ သိန်းလောက်ထိ ပေးခဲ့ရတာတွေလည်း ရှိတယ်’’ ဟု အခြား ကျောင်းသားမိဘတစ်ဦးကဆိုသည်။ သို့သော် ထားသည့်အခန်းတွင် ရယူကာ အပ်နှံသော ကျောင်းသားမိဘများမှာ ကျောင်းအပ်နှံရာတွင် ဘာသာရပ်ဆိုင်ရာ ပုံနှိပ်စာအုပ်များ ရရှိသည့်အပြင် ငွေကြေးပေးဆောင်ရန် မလိုကြောင်း မေလ ၂၅ ရက်က ကျောင်းအပ်နှံခဲ့သော အင်းစိန်မြို့နယ်မှ ကျောင်းသားမိဘများက ဆိုသည်။

Author: သိမ့်သိမ့်စိုး
7Day Daily

ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ   ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ Reviewed by သစ်ထူးလွင် on 19:48 Rating: 5
Powered by Blogger.