စစ်သွေးကြွများက ရာနှင့်ချီသော ကျောင်းသူလေးများကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် စပ်လျဉ်းပြီး အစိုးရက ထိရောက်စွာ အရေးယူပေးရန်အတွက် နိုက်ဂျီးရီးယား၌ လူအများ စုရုံးချီတက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြသူများသည် လွန်ခဲ့သည့် (၂)ပတ်က အဖမ်းခံလိုက်ရသည့် မိန်းကလေးများ လွတ်မြောက်ရေးအတွက် မြို့တော် အဘူဂျာထိ ချီတက်သွားမည်ဟု ဆိုသည်။ အဓိကအားဖြင့် အစိုးရက ယခုဖြစ်ရပ်တွင် လုံလုံလောက်လောက် စွမ်းဆောင်မှုမျိုး လုံးဝမရှိသည်ကို ဆန္ဒပြသူများက ရှုတ်ချခဲ့ကြသည်။ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသည့် အစ္စလာမ်မစ် ပြောက်ကျားတပ်ဖွဲ့ ဘိုကိုဟာရမ်တို့က ချီဘော့ခ်ရှိ ကျောင်းတစ်ခုမှ မိန်းကလေး (၁၉၀)မှ (၂၃၀)ကြားမျှ ပမာဏကို ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်။
ဘော်နိုပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အဆိုပါ အကြမ်းဖက်မှုတွင် ဖမ်းဆီးခံ အမျိုးသမီးလေးများသည် လိင်ကျေးကျွန်အဖြစ် ခိုင်းစေခံခဲ့ရကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ဘိုကိုဟာရမ်တို့ကမူ အဆိုပါ စွဲချက်များကို တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးချေ။ အဆိုပါ အဖွဲ့သည် အနောက်နိုင်ငံများ၏ ပညာရေးကို ပိတ်ပင်ကြောင်း ကြွေးကြော်မှုဖြင့် ကျောင်းများကို တိုက်ခိုက်လေ့ရှိသည်။ ဘိုကိုဟာရမ်တို့၏ အကြမ်းဖက်မှုများကြောင့် ယခုနှစ် တစ်နှစ်တည်းတွင်ပင် လူပေါင်း(၁၅၀၀)ကျော် သေဆုံးပြီး ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင်မူ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုအတွက် အမျိုးသမီးများဆိုသည့် အဖွဲ့အစည်းက ယင်းဖြစ်ရပ်တွင် အစိုးရက ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို ဆန္ဒပြရန် အမျိုးသမီး တစ်သန်းပြည့်အောင် စုပေါင်းချီတက်ကြရန် နှိုးဆော်ခဲ့သည်။ အင်္ဂါနေ့က ထွက်ပေါ်လာသော သတင်းများအရ ဘိုကိုဟာရမ်တို့သည် အဆိုပါ မိန်းကလေးငယ်များကို စစ်သွေးကြွ မွတ်ဆလင် စစ်သားများနှင့် အဓမ္မပေါင်းသင်းစေရန် ဖိအားပေး စေခိုင်းခဲ့ကြောင်း သိရှိရသည်။ ယင်းတို့အနက် အနည်းဆုံး မိန်းကလေး (၄၆)ဦးမျှမှာမူ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network.
ပြန်ပေးဆွဲခံ ကျောင်းသူလေးများ လွတ်မြောက်ရေး နိုက်ဂျီးရီးယား ပြည်သူများ ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
06:58
Rating: