အခြေခံဥပဒေ ပြင်ဆင်ရေး ဒိုက်ဦးတွင် ဆန္ဒဖော်ထုတ်


ဒိုက်ဦး၊ မေ ၂၄

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၃၆ နှင့် ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော အခြားပုဒ်မများ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ဖော်ထုတ်ပွဲကို လူအင်အား ၅၀၀ ကျော်ဖြင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

“ကျွန်တော်တို့ ပွဲကို မနက် ၈ နာရီတိတိမှာ မြို့နယ်အဖွဲ့ချုပ် ရှေ့က စတင် လမ်းလျှောက်ပါတယ်။ ဒိုက်ဦးမြို့ မြို့နယ်ရုံး ရှေ့က စပြီး လမ်းလျှောက်ပါတယ်။ ဒိုက်ဦးမြို့ စာတိုက်လမ်း၊ မင်းလမ်း၊ ဒရယ်မီးရပ်ကွက်၊ မြို့ပြင်ကားလမ်း၊ မြို့ဝင်လမ်း၊ ဖအောင်ဝဲလမ်း၊ မြို့ပတ်တာလမ်း၊ ကျောင်းကြီးလမ်း၊ ကုန်သည်လမ်းက တစ်ဆင့် မြို့နယ်ရုံး ရှေ့မှာ ပြန်ပြီး စုရုံးရပါတယ်။ မြို့နယ်ရုံးရှေ့မှာ ဒီဖွဲ့စည်းပုံကို ဘာလို့ ပြင်ဆင်ရမလဲ ဆိုတာ ရှင်းလင်း ဟောပြောပွဲ ပြုလုပ်ပါတယ်” ဟု မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမျိုးမင်းက ပြောကြားသည်။

ရှင်းလင်း ဟောပြောပွဲတွင် မြို့နယ်အဖွဲ့ချုပ် နာယက (၁၉၉၀ ဒိုက်ဦးမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်) ဦးရဲထွဋ်၊ မြို့နယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန်းအောင်နှင့် မြို့နယ်အမှုဆောင် သုံးဦးတို့က ပြင်ဆင် လိုအပ်သည့် အကြောင်းရင်းကို ရှင်းလင်း ဟောပြော ဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆိုသည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတော့ ပေးပါတယ်။ ဒါပေမဲ့ လမ်းရှင်းပေးရုံလောက်ပဲ လုပ်ပေးတယ်။ ကျွန်တော်တို့ လမ်းလျှောက်တဲ့ သူတွေနဲ့အတူ ပါမလာဘူး။ တစ်စုံတစ်ယောက် အနှောင့်အယှက်ပေးရင် သူတို့ ကကာကွယ်ပေးရမှာ။ ခွင့်ပြုမိန့် ကျထားပြီးသား ဖြစ်လို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြသူတွေမှာ ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေရဲ့ ခံစားခွင့် ရသင့်ပါတယ်” ဟု ညောင်လေးပင်မြို့နယ်မှ လာရောက်ပူးပေါင်း ပါဝင်လမ်းလျှောက်ခဲ့သူ ဦးတင်ဇော်ဝင်းက မှတ်ချက်ပြု ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲများကို ပဲခူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် မတ်လ ၁ ရက်နေ့က လူဦးရေ ၅၀၀၀ ခန့်ဖြင့် ပဲခူးမြို့နယ်တွင် လည်းကောင်း၊ ဧပြီ ၂၈ ရက်နေ့က လူဦးရေ ၅၀၀ ခန့်ဖြင့် ညောင်လေးပင်မြို့နယ်တွင် လည်းကောင်း အသီးသီး ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း စုံစမ်း သိရှိရသည်။

(မိုးနေ)

The Voice Weekly


အခြေခံဥပဒေ ပြင်ဆင်ရေး ဒိုက်ဦးတွင် ဆန္ဒဖော်ထုတ်  အခြေခံဥပဒေ ပြင်ဆင်ရေး ဒိုက်ဦးတွင် ဆန္ဒဖော်ထုတ် Reviewed by သစ်ထူးလွင် on 13:51 Rating: 5
Powered by Blogger.