ခုဒီစာဖတ်နေသူဟာ ယောင်ခြောက်ဆယ်နိုင်ငံရေးသမားဆို ရင် ဒီစာကိုဆက်ဖတ်သင့်၊ မဖတ် သင့်အရင်စဉ်းစားပါ။ မှန်တာ ပြောခံရရင် အနာပေါ်တုတ်ကျ သလို ဆတ်ဆတ်ထိမခံ နာတတ် သူ၊ ဝေဖန်မခံနိုင်သူဆိုရင်တော့ ဆက်မဖတ်ပါနဲ့။
တစ်လောက ကျွန်တော့်ဇနီး သည်ရဲ့ ဝမ်းကွဲအစ်မတော်စပ်သူ မိသားစု အိမ်ကိုအလည်ရောက် လာတယ်။ မှတ်မှတ်ရရ ဗိုလ်စိန် မှန်အားကစားကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဟောပြောပွဲလုပ်တဲ့ မေလ ၁၇ ရက်ကပေါ့။ နိုင်ငံရေးနယ်ပယ် အသီးသီးက တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူအများအပြား ကွင်းလုံးပြည့် စိတ်ဝင်တစား တက်ရောက်ကြလို့ အားရစရာပွဲတစ်ပွဲ အဖြစ် မြင်တွေ့ခဲ့ရကြောင်း၊ နိုင်ငံရေးလှုပ်ရှားသူတချို့ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ပုံတွေကို ပြန်လည်ဖောက်သည်ချနေတုန်း ဇနီးသည်ရဲ့ အစ်မဝမ်းကွဲတော်စပ်သူက သူ့မောင်တစ်ယောက် အကြောင်းပြောလာတယ်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေတဲ့အကြောင်းပေါ့။ ကြားကြားချင်းဝမ်းသာပီတိဖြစ်မိတာအမှန်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုလူငယ်မျိုးတွေ များများရှိသင့်တယ်လေ။ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးခဲ့တာ၊ ရသင့်ရထိုက်တဲ့ခံစားခွင့် မရတာတွေဖြစ်နေတော့ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားတွေ ဖွဲ့တယ်။ ဆန္ဒထုတ်ဖော်တောင်းဆိုကြတယ်။ တောင်းဆိုတာ တချို့အောင်မြင်တယ်။ တချို့ အလုပ်ရုံ၊ စက်ရုံတွေမှာတော့ ဆန္ဒပြတောင်းဆိုရာမှာ ဦးစီးဦးဆောင်ပြုသူကို အလုပ်ထုတ်တာတွေလည်း အမြောက်အမြားရှိနေတယ်။ ဒီလိုအခွင့်အရေးဖိနှိပ်တဲ့စနစ်တွေ တိုက်ဖျက်တဲ့အခါ လူငယ်ပိုင်းတွေ ခုလိုအရပ်ဘက်အဖွဲ့အစည်းထဲမှာ တက်ကြွလှုပ်ရှားနေတာ ဂုဏ်ယူစရာပဲလေ။ ဒါနိုင်ငံ့အရေးပဲ။ ဒါနိုင်ငံရေးပရဟိတပဲ။ လူတိုင်း လုပ်နိုင်ခဲတဲ့အရာမို့ လုပ်နိုင်သူတွေကို ဂုဏ်ယူမိတာအမှန်။
ဒါပေမဲ့ သူဆက်ပြောတဲ့ စကားကြားရတော့မှ စိတ်ထဲခိုး လိုးခုလုဖြစ်ရတော့တယ်။ အလုပ် သမားအခွင့်အရေးလှုပ်ရှားနေတဲ့ သူ့မောင်ကိုယ်တိုင်က အလုပ် လက်မဲ့ပါတဲ့။ မိုးလင်းတာနဲ့ အိမ် မှာရှိတာ လှန်လှောစား၊ ပြီးရင် အပြင်ထွက်၊ စားချိန်ပြန်လာ၊ စား ပြီးပြန်ထွက်၊ ညနေ အရက်နံ့လေး တထောင်းထောင်းနဲ့ အိမ်ပြန် ရောက်လာ၊ တစ်ခါရှိတာလေး လှန်လှောစားပြီးထိုးအိပ်။ ဟိုနေ ရာဆန္ဒပြလည်းသူပါ၊ ဒီနေရာ ဆန္ဒပြလည်းသူပါ။ တစ်ခါတစ်ရံ အမေအိုဆီက အသုံးစရိတ် တောင်း။ မိဘကလည်းချမ်းသာ ကြွယ်ဝနေသူမဟုတ်။ အိမ်အကာ ဝါးထရံက ဆွေးမြည့်ပြတ်ကျနေ လို့ မိုးကာစနဲ့ကာရံထားရတဲ့ အဆင့်။ မိခင်က ဟိုကချေးချက်၊ ဒီကငှားချက်၊ စားရတစ်လှည့်၊ မစားရတစ်လှည့်၊ ရှိတဲ့အိမ်ခြံ လေးတောင် တစ်ပါးသူထံပေါင် နှံထားရတဲ့အဖြစ်။ အစ်ကိုဖြစ်သူ သာ အဲဒီလိုနေနေတာ ညီဖြစ်သူ ကတော့ ဝင်ငွေနည်းပေမယ့် ပုံမှန်အလုပ်လုပ်နေသူတဲ့။ ဣနြေ္ဒ မရတဲ့မိသားစုစားဝတ်နေရေးပြန် လှည့်မကြည့်တဲ့သူမို့ ပတ်ဝန်း ကျင်က သူ့ကိုယောင်ခြောက် ဆယ်နိုင်ငံရေးသမားလို့တောင် ရှုတ်ချကြသတဲ့။
အစ်မဖြစ်သူက ‘‘အပြင်က သတင်းထောက်ဖုန်းဆိုလား၊ ဘာ ဖုန်းဆိုလား လာရင်တော့ဆရာ ကြီးစတိုင်။ ကိုယ်ကဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ လေကြီးလေ ကျယ်ကပြောသေး၊ တကယ့်ကို ပညာရှင်လေသံမျိုးနဲ့၊ ဒီလိုလူမျိုး က အလုပ်မလုပ်ဘဲနဲ့ မျက်နှာ ပြောင်တိုက်ပြီး ထိုင်စားနေတာ။ မိအိုဘအိုတွေအပေါ် မသိတတ် တာအံ့ဩတယ်’’လို့ ရှုံ့မဲ့ညည်း တွားပြောဆိုပုံက မောင်ဖြစ်သူ ရဲ့ ရပ်တည်မှုကိုတော်တော်လေး စိတ်ပျက်နေဟန်။ ကိုယ်တိုင် အလုပ်လုပ်နေသူမဟုတ်ဘဲ အလုပ်သမားအခွင့်အရေး တောင်းဆိုရမလားဆိုပြီး ပတ်ဝန်းကျင်ကလည်းပြက်ရယ်ပြု ကြသတဲ့။ မိဘ၊အစ်မနဲ့ ညီဖြစ်သူတွေကလည်း မကြည်ဖြူတော့။ မိဘ ချက်ထားတဲ့ အိုးထဲကထမင်း ဘယ်ကရတယ်ဆိုတာကိုတောင် စိတ်မဝင်စားသူက အလုပ်သမား အခွင့်အရေးလှုပ်ရှားနေတယ်ဆိုတာ ကိုယ်ကျိုးစွန့်တဲ့နိုင်ငံရေး ပရဟိတဖြစ်နိုင်မလားတဲ့။ ကျွန်တော့်ကိုမေးတယ်။
ဟုတ်တယ်၊ မေးသင့်ပါ တယ်။ သူပြောတဲ့ပုံစံမျိုးတွေ မြန်မာနိုင်ငံမှာ အမြောက်အမြား ရှိနေနိုင်ပါတယ်။ မိသားစုတာဝန် နှင့်ပတ်သက်ရင် အိမ်မှာရေတစ် ပုံးခပ်မပေးဖူးသူက တိုင်းပြည်နဲ့ လူမျိုး ကောင်းစားရေးလို့အော် နေတာ ပေါ်ပြူလာနိုင်ငံရေးပဲလို့ ယူဆမိတယ်။ လူတိုင်းလိုလိုမှာ နိုင်ငံရေး အသိအမြင်ရှိရမယ်။ နိုင်ငံ့အရေးကို လူတိုင်းလိုလို စိတ် ဝင်စားသင့်တယ်ဆိုတာ မှန်ပေ မယ့် မိသားစုစားဝတ်နေရေးကို ဥပေက္ခာပြုပြီး မိသားစုဝင်တစ် ယောက်ရဲ့ တာဝန်ကိုမထမ်း ဆောင်နိုင်ဘဲ နိုင်ငံကောင်းစားရေးလို့အော်နေတာ စစ်မှန်တဲ့ နိုင်ငံရေးပရဟိတဖြစ်နိုင်မယ်မထင်ပါဘူး။ ပြန်ဆန်းစစ်ကြည့်ပါ။
‘‘ငါ.. မိသားစုတာဝန်ဘယ် လောက်ကျေပွန်ခဲ့ပြီးပြီလဲ’’ဆို တာ။ ကိုယ့်မိသားစုဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ကိုယ့်ရဲ့ရပ်တည်မှုကို လည်း ပြန်သုံးသပ်ဖို့လိုပါတယ်။ အတ္တပြီးမှ ပရလုပ်ရမယ်ဆိုတဲ့ ဆိုရိုးလည်းရှိနေတော့ အဲဒီဝေါ ဟာရအတိုင်း မဖြစ်ခဲ့ရင်တောင် မိသားစုအတွက် အထောက်အကူ ရတဲ့နိုင်ငံရေးသမားတော့ ဖြစ် သင့်တာပေါ့။ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး နိုင်ငံရေးသမား တော့မဖြစ်သင့်ဘူးလေ။ မြင်သာ အောင်ပြောရရင် လုပ်ငန်းခွင် တစ်ခုမှာ အလုပ်သမားတွေတစ် နေ့ ရှစ်နာရီထက် ပိုလုပ်ရတယ်။ လုပ်ခလစာကျတော့ နည်းတယ်။ ဖိနှိပ်တာတွေ များတယ်ဆိုတာ တွေက ကိုယ်တိုင်လုပ်ဖူးမှ ကိုယ် တွေ့ခံစားဖူးမှာဖြစ်သလို ရသင့် တဲ့အခွင့်အရေးကိုလည်း ကိုယ် တွေ့နဲ့ယှဉ်တောင်းမှ စစ်မှန်တဲ့ တောင်းဆိုမှုဖြစ်မှာပါ။ ဒီလိုပါပဲ။ မိသားစုစားဝတ်နေရေးဆိုတဲ့ အိမ်တွင်းရေးကို မျက်ကွယ်ပြုပြီး တစ်ပါးသူကောင်းစားရေး လုပ်နေပါတယ်ဆိုရင်လည်း စစ်မှန်တဲ့ နိုင်ငံ့အရေးမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးပွဲဆူနေတဲ့ကာလမှာ ထင်ပေါ် ကျော်ကြားလိုစိတ်နဲ့ နိုင်ငံရေးပေါ် ပြူလာလုပ်နေတာမျိုးမဖြစ်သင့် ပါဘူး။
အိမ်တွင်းရေးဆိုပြန်တော့ လည်း အိမ်တွင်းရေးအတ္တကို ရှေ့ တန်းတင်ထားတဲ့ နိုင်ငံရေးလုပ် စားသူတချို့လည်းရှိနေပြန်ပါ သေးတယ်။ အာဏာရှင်အစိုးရက နေ ဒီမိုကရေစီအစိုးရအဖြစ် အသွင်ကူးပြောင်းလာတဲ့ကာလမှာ နိုင်ငံရေးလှုပ်ရှားသူ၊ လယ်သမားနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေ ပေါများလာတာဟာ နိုင်ငံနဲ့ နိုင်ငံသားတို့လွတ်မြောက်ရာ ဒီမိုကရေစီ အင်အားတွေပါပဲ။ ဒါပေမဲ့ နိုင်ငံရေးလုပ်စားသူတချို့ ကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေ အမည်ပျက်နေတဲ့ဖြစ်ရပ်တချို့ လည်း ရှိနေပြန်ပါတယ်။ သူတို့ရဲ့ နိုင်ငံရေးဗန်းပြလုပ်စားတဲ့ လုပ် ရပ်ကိုသိသူတချို့က နိုင်ငံရေးပွဲ စား၊ အမှုပွဲစားလို့ခေါ်ကြတယ်။ ရိုးသားပြီး အသိမကြွယ်သူတွေ ဆီက အမြတ်ထုတ်ကြတာပါ။
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ဘက်ကို ရောက်တုန်းက ဒေသခံသုံး၊ လေးဦးနဲ့ တွေ့ဆုံစကားပြောဖြစ်တော့ လုပ်စားသမားတစ်ယောက်အကြောင်းသိခဲ့ရတယ်။ သူ့အမည် ကိုတော့မပြောတော့ဘူး။ သိမ်းဆည်းခံလယ်ယာမြေအပေါ် အခြေတည်တာပါပဲ။ ဧရာရွှေဝါကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို တိုင်းဒေသကြီး အစိုးရကိုပြန်အပ်ပြီးနောက်ပိုင်း မူလပိုင်ရှင်တွေ လယ်ယာမြေပြန်မရတော့ စောစောကပြောတဲ့လုပ် စားသူကကယ်တင်ရှင်အဖြစ် ရောက်လာတယ်ဆိုပါတော့။ သက်ဆိုင်ရာအာဏာပိုင်တွေကို ချက်ကျကျရဲရဲတင်းတင်း ပြောရဲဆိုရဲသူဆိုတော့ ရေနစ်နေတဲ့ဒေသခံတွေက ကောက်ရိုးတစ်မျှင်ကို အားကိုးတော့တာပေါ့။ လယ်မြေတွေပြန်ရအောင် လုပ်ပေးမယ်ဆိုပြီး လယ်သမားငါးဦးဆီက တစ်ဦးသုံးသိန်းနှုန်းတောင်းတယ်။ ဘာလုပ်ဖို့၊ ညာလုပ်ဖို့ပေါ့လေ။ လယ်သမားတွေခမျာရှိ တန်ဆာ၊ မရှိဝမ်းစာဆိုပြီး သိမ်းထားတဲ့လက်စွပ်လေး၊ နားကပ် လေးတွေပေါင်နှံရောင်းချပေးလိုက်ကြသတဲ့။ အဲဒီအထဲကတစ်ဦးဆိုရင် ကျန်တဲ့လယ်လေးသုံးဧကကို အရပ်ထဲမှာ တစ်ဆယ်တိုးနဲ့ပေါင်ပြီး ပေးလိုက်ရတာ။ ခုထိ အတိုးပေးနေရတုန်းဆိုပဲ။ ငွေပေးပြီးကတည်းက တစ်ရက်လာနိုး လာနိုးနဲ့ မျှော်နေကြတာ ခုဆိုရင် ရွာကိုသူရောက်မလာတာတစ်နှစ် ကျော်ပြီတဲ့။ ရန်ကုန်မှာနေသလို လို၊ ပုသိမ်မှာနေသလိုလိုဆိုတာ လောက်ကလွဲရင် သူဘယ်မှာနေ တယ်ဆိုတာကို ဒေသခံတွေအတိ အကျမသိ။ မြန်မာ့နိုင်ငံရေး ပြု ပြင်ပြောင်းလဲဖို့ ဂုဏ်သိက္ခာရှိရှိနဲ့ တည်တည်ငြိမ်ငြိမ်တိုက်ပွဲဝင်နေ တဲ့ နိုင်ငံရေးလှုပ်ရှားသူတချို့ဟာ အဲဒီလိုလုပ်စားနေသူတွေကြောင့် ရောပြီးအမည်ပျက်နေရတဲ့အဖြစ် ပါ။ ငရုတ်သီးနဲ့ပေါင်းမှ ကြက်သွန် လည်းအထောင်းခံရတော့တယ် ဆိုတဲ့ စကားပုံလိုဖြစ်နေတာ။ အဲ ဒီလို လူမျိုးတစ်ဦးကို ခရမ်းမြို့ နယ်ဘက်မှာ မြို့နယ်တာဝန်ရှိသူ တွေလိုက်လံဖမ်းဆီးခဲ့ဖူးတဲ့ ဖြစ် စဉ်တစ်ခုလည်း မြို့နယ်အုပ်ချုပ် ရေးမှူးပြောပြလို့ သိခဲ့ရဖူးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ များစွာရှိနေ မှာပါ။
နောက်တစ်ခုက ပါတီသပ် လျှိုတဲ့ကိစ္စ။ ဒီကိစ္စပြောဖို့၊ မပြော ဖို့ ကျွန်တော်အကြိမ်ကြိမ်စဉ်းစား ပါသေးတယ်။ နောက်ဆုံးတော့ ပြောဖို့ လိုအပ်တယ်လို့ ဆုံးဖြတ် လိုက်တာပါ။ ပါတီအမည်တွေ တော့ မပြောတော့ဘူး။ လှိုင်သာ ယာ၊ကျန်စစ်သားအိမ်ရာမှာကြား ခဲ့ရတဲ့ မသမာမှုလို့ပဲဆိုရမယ်။ တိုက်ပုံအင်္ကျီဝတ်ထားတဲ့ အသက် (၅၀)ကျော်ကျော်၊ ဂင်တိုတို၊ အသားညိုညိုလူက ဆိုက်ကား သမားကို ရယ်ကျဲကျဲနဲ့ လှမ်းမေးလိုက်တယ်’’ ညကတော်တော်မှ ပွဲဆူခဲ့ရဲ့လား’’တဲ့။ ဟိုလူကလည်း ချက်ချင်းဆိုသလို ဆိုက်ကားပေါ်ကဖျတ်ခနဲခုန်ဆင်းပြီး အာပေါင်အာရင်းသန်သန်နဲ့ ‘‘သဏ္ဌာန်လုပ် သရုပ်တူရမယ်ဆို။ ဘယ်ရမလဲ ပါတီအင်္ကျီ၊ ပါတီတံဆိပ်တွေဝတ် ပြီး အဲဒီရပ်ကွက်ထဲကကောင်တွေ နဲ့ ရန်ဖြစ်ပေးလိုက်တယ်။ ငါတို့ ကို ဘာမှတ်နေလဲ။ ၂၀၁၅ မှာ အာဏာရပါတီဖြစ်တော့မှာလို့ လည်း ဝိုင်းပြောပေးလိုက်တယ်။ ပြီးတာနဲ့ ကျွန်တော်တို့ဆက်မနေ တော့ဘဲ ချက်ချင်းပြန်လာခဲ့ တယ်’’လို့ ပြန်ပြောတော့ ဂင်တို တိုလူက ‘‘အေး.. အေး.. သတိ လည်းထားဦး’’လို့ ပြန်ပြောလိုက် တယ်။ မှတ်မှတ်ရရအဲဒီညက အင်းစိန်၊ ပေါက်တောဝမှာ ဘုရား ပွဲရှိတယ်။ ပါတီတစ်ခုက တခြား ပါတီဝင်ပုံစံနဲ့ ပါတီအမည်ပျက် အောင် သပ်လျှိုတဲ့လုပ်ရပ်။ ‘‘ငါ.. ဘယ်ပါတီကကွ’’ဆိုပြီး ဟိုနေရာမိုက်ကြေးခွဲ၊ ဒီနေရာရန်ဖြစ်နေတဲ့သတင်းတွေလည်း မကြာခဏကြားဖူးနေပါတယ်။
နိုင်ငံရေးခြေရာများသို့ တစေ့တစောင်းဆိုတဲ့ ဒီစာကို အနှစ်ချုပ်ရရင် ပါတီနိုင်ငံရေးမှာလည်း ရိုးသားစွာ ယှဉ်ပြိုင်ပြီး အနိုင်ယူတာမဟုတ်ဘဲ တစ်ဖက် အတိုက်အခံပါတီနာမည်ပျက်အောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အယောင်ဆောင်အမည် ဖျက်ပြီးမှရတဲ့ အောင်မြင်မှုဟာ စစ်မှန်တဲ့အောင်မြင်မှုမဖြစ်နိုင်ပါဘူး။ တကယ်ဆိုရင် ရိုးသားစွာ ရှုံးနိမ့်ခြင်းက ဂုဏ်ယူထိုက်ပါတယ်။ ဒီလိုပါပဲ ပရဟိတယောင်ယောင်၊ ဘာယောင်ယောင်နဲ့ အသိမကြွယ်သူ၊ အားနည်းနေသူ၊ ဆုံးရှုံးနေသူကို မက်လုံးပေး လိမ်ညာပြီး မိမိစားဝတ်နေရေးကို ဖြေရှင်းတဲ့နိုင်ငံရေးဗန်းပြလုပ်စားသူထက် ကနဦးပြောခဲ့တဲ့ အလုပ်သမားရေး လှုပ်ရှားသူ အလုပ်လက်မဲ့က သိက္ခာရှိဦးမှာပါ။ နှစ်မျိုးနှိုင်းယှဉ်လို့သာ ကိုယ်ကသိက္ခာ ရှိသယောင်ဖြစ်နေတာ တကယ်တော့ ဂဃနဏစဉ်းစားရင် ကိုယ်တိုင်အလုပ်မလုပ်ဘဲ အလုပ် သမားအခွင့်အရေးတောင်းဆိုနေတယ်ဆိုတာ ကြားရသူအဖို့တော့ ရယ်စရာ။ တစ်ဖက်ဝင်ငွေရမယ့် အလုပ်တစ်ခုခုလုပ်ရင်း နိုင်ငံ့အရေးလုပ်တာ ပိုပြီးဂုဏ်သိက္ခာ ရှိပါတယ်။ ကိုယ့်ရပ်တည်မှုဟာ တစ်ပါးသူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်ဆိုရင် အချိန်မီပြုပြင်သင့်ကြောင်းပါ။ ။
Author: ကိုကြီးဇွဲ
7Day Daily

နိုင်ငံရေးခြေရာများသို့ တစေ့တစောင်း
Reviewed by သစ်ထူးလွင်
on
08:39
Rating: