အီရတ်တွင် ကားဗုံးပေါက်ကွဲမှု ၈ ကြိမ် ဆက်တိုက်ဖြစ်ပွား


 အီရတ်တွင် ကားဗုံးပေါက်ကွဲမှု ၈ ကြိမ် ဆက်တိုက်ဖြစ်ပွား အင်္ဂါနေ့ နံနက်ပိုင်းက အီရတ်မြို့တော် ဘဂ္ဂဒက်မြို့တော်ရှိ ရှီးယိုက်မွတ်ဆလင်မ် အများစုနေထိုင်ရာဒေသတွင် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသော ကား ၈ စီး ဆက်တိုက် ပေါက်ကွဲခဲ့

အီရတ်နိုင်ငံတွင် အင်္ဂါနေ့ နံနက်ပိုင်းက ကားဗုံးများ ဆက်တိုက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး အခြား လူ ၈၀ ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက ပြောကြားသည်။ အင်္ဂါနေ့ နံနက်ပိုင်းက အီရတ်မြို့တော် ဘဂ္ဂဒက်မြို့တော်ရှိ ရှီးယိုက်မွတ်ဆလင်မ် အများစုနေထိုင်ရာဒေသတွင် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသော ကား ၈ စီး ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ​ရှီးယိုက်မွတ်ဆလင်များက တမန်တော် မိုဟာမက်၏ ညီဝမ်းကွဲနှင့် သားမက်တော်စပ်သည့် အိုင်မမ်အလီ၏ မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် ကားဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်မှာ ဧပြီ ၃၀ ရက် ပါလီမန်ရွေးကောက်ပွဲများအပြီး ဘဂ္ဂဒက်တွင် ဖြစ်ပွားခဲ့သည့် ပထမဆုံး ပြင်ထန်သည့် အကြမ်းဖက် တိုက်ခိုက်မှုလည်းဖြစ်ည်။ အီရတ်တာဝန်ရှိသူများ အနေဖြင့် ရွေးကောက်ပွဲ ဆန္ဒမဲများကို စစ်ဆေးရေတွက်နေဆဲဖြစ်သည်။ အီရတ်တွင် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၃,၀၀၀ အထိ သေဆုံးခဲ့ပြီးဖြစ်သည်။ အီရတ်ရွေးကောက်ပွဲများကို အနောက်ပိုင်းပြည်နယ် အန်ဘာ၏ ဒေသ ၃ ပုံ ၁ ပုံတွင် ကျင်းပနိုင်ခဲ့ခြင်း မရှိချေ။ အဆိုပါ ဒေသတွင် ဆွန်နီမျိုးနွယ်စုများ၊ အစွန်းရောက်သူပုန်များ အဓိကနေထိုင်ကြပြီး ၎င်းတို့မှာ အစ္စလာမ်မစ်နိုင်ငံ တည်ထောင်ရေး ဂျီဟတ်လှုပ်ရှားမှုများနှင့် ဆက်နွယ်နေသည်။

အင်္ဂါနေ့ နံနက်ပိုင်း ကားဗုံးပေါက်ကွဲမှုများအနက် ဆဒ်ဒါမြို့ အရှေ့မြောက်ဘက် ဆင်ခြေဖုံးဒေသတွင် ကားဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးကာ အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ရုပ်မြင်သံကြားသတင်းများတွင် ပြသမှုအရ ကြီးမားသည့် မီးခိုးလုံးနှင့် မီးတောက်များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ အလားတူပင် ဘလာဒီရတ်ရှိ ယာဉ်လမ်းကြောင်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရုံးအနီး ကားဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားရာ လူ ၃ ဦးသေဆုံးခဲ့သည်။

ထို့အတူ အရောင်းအဝယ်များဖြင့် စည်းကားသည့် လမ်းမတစ်ခုပေါ်တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုတွင်လည်း လူ ၃ ဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ တစ်ရက်တည်း၌ပင် ဖြစ်ပွားခဲ့သောအခြား ကားဗုံးပေါက်ကွဲတွင်လည်း လူ ၅ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ အင်္ဂါနေ့ (မေလ ၁၃ ရက်) ညပိုင်းအထိ အဆိုပါ ကားဗုံးပေါက်ကွဲမှုများမှာ မည့်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်း မသိရှိရသေးချေ။

Planet Myanmar Network.


အီရတ်တွင် ကားဗုံးပေါက်ကွဲမှု ၈ ကြိမ် ဆက်တိုက်ဖြစ်ပွား   အီရတ်တွင် ကားဗုံးပေါက်ကွဲမှု ၈ ကြိမ် ဆက်တိုက်ဖြစ်ပွား Reviewed by သစ်ထူးလွင် on 04:43 Rating: 5
Powered by Blogger.