ယာယီကျောက်မြောင်းဈေး မြေနေရာကွက်အား ကြံ့ခိုင်ရေးဗဟိုကော်မတီဝင် ရန်ကုန်မြို့တော်ဝန်နှင့် ကြံ့ခိုင်ရေး အတွင်းရေးမှူး ဥပဒေမဲ့ အလွဲသုံးစားလုပ်
ရန်ကုန်၊ ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ ယခင်ကျောက်မြောင်း ယာယီဈေး ဖွင့်ခဲ့ရာ မြေကွက်အား အာဏာရကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် စည်ပင် ကော်မတီဝင်အချို့၊ တာမွေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ တို့ ပူးပေါင်းကာ အခိုင်အမာ ချုပ်ဆိုထားသော စည်ပင်မြေငှားစာချုပ်ပါ အမည်ပေါက် ကာယကံရှင်ကို အကြောင်းကြား၊ အသိပေးခြင်း မရှိဘဲ တာမွေမြို့နယ် ကြံ့ခိုင်ရေးပါတီ ကော်မတီဝင်တစ်ဦး အမည်ပေါက်သို့ ပြောင်းလဲ ခဲ့ခြင်း ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိခဲ့သည်။
တာမွေမြို့နယ်၊ ယခင်ကျောက်မြောင်း ယာယီဈေးနေရာ တာမွေယာယီဈေးအတွင်း အကျယ်အ၀န်း ၄၀ ပေ x ၉၀ ပေ မြေနေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာမွေ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ပြောင်း တင်ပြမှုအပေါ် အမည်ပေါက်ထားသူ ဦးအောင်ကိုကိုအား စာချုပ်ပါအရ အကြောင်းကြား အသိပေးခြင်း မရှိဘဲ မြေငှားရမ်းခြင်းကို ၎င်းတို့သဘောဆန္ဒဖြင့်သာ ပြုလုပ်ခဲ့သည့်အတွက် မူလမြေ အမည်ပေါက်သူသည် နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ယခင်စစ်အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးသည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် အသင်းကြီးမှ ပါတီသို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ အသင်းအဖြစ် ရပ်တည်စဉ် ပြည်ခိုင်ဖြိုးအသင်း ရန်ပုံငွေဆိုင် နေရာများကို သက်ဆိုင်ရာ တာဝန်ခံများက ခွဲဝေငှားရမ်းမှုများ ပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအဖြစ် ပြောင်းလဲရပ်တည်ရာ ပါတီအမည်ခံအဖြစ် ၎င်းမြေနေရာများ လုပ်ကိုင်ခွင့် မရှိသည့်အတွက် ပြည်ခိုင်ဖြိုးပါတီဝင် လူပုဂ္ဂိုလ်များကိုသာ ပြန်လည်ခွဲဝေ၍ ၎င်းတို့၏အမည်ဖြင့် ဆက်လက် လုပ်ကိုင်ခွင့် ပေးခဲ့သည်။
ယခင်ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အဆိုပါ ပါတီဝင် ပုဂ္ဂိုလ်များကို မြေနေရာများ ချထားပေးရာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ရန်ကုန်မြို့၊ အမှတ် ၄၆၊ ၁၆၇ လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်နေ ဦးအောင်ကိုကိုအား မြေအငှားချထားခြင်း သဘောတူ စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။
ယင်းကဲ့သို့ လုပ်ကိုင်ခွင့် ချထားပေးပြီးနောက် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သူ ယခုတာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ပြည့်ဖြိုးအောင် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးဝင်းကို (သရုပ်ဆောင်ဟိန်းဝေယံ၏ ဖခင်) ဖြစ်သူတို့က အမည်ပေါက်သူ ဦးအောင်ကိုကိုအား လက်မှတ်ထိုးစေ၍ အဆိုပါ မြေနေရာကို တစ်နှစ်စာချုပ် ချုပ်ဆိုကာ ထပ်ဆင့်ငှားရမ်းမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ငှားရမ်းသည့် ကိစ္စနှင့် စပ်လျဉ်း၍ ရရှိလာသည့် ငှားရမ်းခများကို ဦးအောင်ကိုကိုအား အသိပေး အကြောင်းကြားခြင်း မရှိဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဦးအောင်ကိုကို အမည်ဖြင့် မြေငှားရမ်းခများ ပေးသွင်းခြင်း၊ ငှားရမ်းရရှိလာသည့် လစဉ်ကြေးများကို ဦးအောင်ကိုကို သိရှိခြင်းမရှိဘဲ ဦးဝင်းကိုကသာ စီမံဆောင်ရွက်ခဲ့ခြင်း၊ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ အဆိုပါ မြေနေရာကို ပါတီကိုယ်စား လက်ရှိ ငှားရမ်းခ ပေးသွင်းနေသည့် ဦးအောင်ကိုကို အမည်အစား လူမှုယဉ်ကျေး တာဝန်ခံ ဦးမင်းလွင် အမည်ဖြင့် ပြောင်းလဲကာ ပေးသွင်းခွင့်ပြုရန် တင်ပြမှုအပေါ် ကာယကံရှင် ဦးအောင်ကိုကို မပါရှိဘဲ လက်ရှိမြို့တော်ဝန်၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနက ဥပဒေ အကြံပေးအဖွဲ့၏ အကြံပြုချက်အရ ဟုဆိုကာ အမည်ပြောင်းလဲခွင့် ပြုပေးခဲ့သည်။
ထိုသို့မြေငှားရမ်းမှုအပေါ် အလွဲသုံးစား ပြုလုပ်ခဲ့ခြင်းသည် ထိခိုက်နစ်နာစေသည်ဟု ကာယကံရှင်ဖြစ်သူ ဦးအောင်ကိုကိုက ““ကျွန်တော့်ကို အမည်ပေါက် ချထားပေးခဲ့တာ မြေကွက်ကနှစ်ခု။ နှစ်ခုစလုံးကို သူတို့ကပဲ လစဉ်ကြေးယူပြီး ကျွန်တော့်ကိုလည်း အသိမပေးဘဲ သူတို့ပဲစည်ပင်မှာ မြေငှားရမ်းခ သွားသွင်းတာ။ အခုက မြေတစ်ခုကို အမည်ပြောင်းတာပေါ့။ အမည်ပြောင်းတဲ့ မြေကွက်ကလည်း မပြောင်းခင်အထိ ကျွန်တော့်နာမည်နဲ့ ငှားရမ်းခ သွင်းထားတုန်းပဲ။ ရလိုမှုနဲ့ ပြောတာ မဟုတ်ပါ ဘူး။ ကျွန်တော်လိုချင်ရင် အစတည်းက ယူမှာပေါ့။ အကျိုးအမြတ်တွေက ဘယ်ရောက်ကုန်လဲ မသိဘူး။ ပါတီဆီကိုလည်း ရောက်မှာ မဟုတ်ဘူး။ အခု တာမွေထဲမှာ ကျွန်တော်က ဒီမြေငှားရမ်းခတွေ ကျွန်တော်ပဲ ရနေတယ် ထင်နေကြတယ်။ ချမ်းသာနေ တယ်ပေါ့။ ကျွန်တော် အကျိုးခံစားခွင့် တစ်ခုမှ မရခဲ့ဘူး။ အခုက လုံးဝ အသိမပေးဘဲ မြေအမည်ပေါက်ပါ ပြောင်းတာလေ။ စည်ပင်ကရော ကာယကံရှင် မပါဘဲ ငွေသွင်း လက်ခံလို့ရလား။ အမည်ပြောင်းလို့ရလား။ သူတို့ပဲ စီမံခဲ့တဲ့ ကိစ္စမှာ ကျွန်တော်က ကြားထဲက အလကား နာမည်ပျက်တယ်””ဟု ပြောသည်။
ဆက်လက်၍ ဦးအောင်ကိုကိုက ““ကျွန်တော်နဲ့ စာချုပ်ချုပ်ဆိုတဲ့ နေ့တည်းက သဘောတူစာချုပ်မှာ စည်းကမ်းချက်တွေ ပါပြီးသား။ ဒါတွေနဲ့ လုံးဝဆန့်ကျင်ပြီး လုပ်နေတာတွေက ဘယ်လိုမှမဖြစ်သင့်ဘူး။ ကျွန်တော် မခံနိုင်လို့ပါ””ဟု ထပ်မံပြော ကြားခဲ့သည်။
မူလမြေအမည်ပေါက်သူ ကာယကံရှင် ဦးအောင်ကိုကိုသည် ယခုကဲ့သို့ အမည်ပျက်ခြင်း၊ နစ်နာခြင်းများ ဖြစ်ပေါ်ခဲ့၍ အဆိုပါ မြေကွက်များကို ဦးအောင်ကိုကို၏ သဘောတူညီမှု မရှိဘဲ အမည်ပြောင်းလဲခြင်း မပြုလုပ်ရန် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် ရက်စွဲဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန၊ ဌာနမှူးသို့ လိပ်မူကာမေတ္တာရပ်ခံ တင်ပြခဲ့ပြီး ဖြစ်သည်။
၎င်းမြေနေရာငှားရမ်းမှု ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်၏ အမည်ပြောင်းခွင့် တင်ပြစာပါ။ ပါတီကိုယ်စား လက်ရှိငှားရမ်းခ ပေးသွင်းနေသူဟူသော ရေးသားချက်သည် ရှင်းလင်းမှုမရှိကြောင်း၊ ဦးအောင်ကိုကို အမည်ဖြင့်သာ မြေအငှား ချထားခဲ့ခြင်းဖြစ်၍ ကာယကံရှင်အား အသိပေးခြင်း မရှိဘဲ၊ သဘောတူညီခြင်း မရှိဘဲ အခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ၏ အမည်ပြောင်းလဲခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း၊ အဆိုပါမြေပေါ်တွင် လုပ်ကိုင် ဖွင့်လှစ်လျှက်ရှိသော (မည်သည့် ဆိုင်မဆို) စားသောက်ဆိုင်မှ ပေးသွင်းသည့် ဆိုင်လုပ်ကိုင်ခွင့် ငှားရမ်းခကို ဦးအောင်ကိုကိုသာ အကျိုးခံစားခွင့် ရှိသည်ဖြစ် ကြောင်း စသည်ဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက ဝေဖန်သုံးသပ်ခဲ့သည်။
““မူလအမည်ပေါက်သူ အမည်နဲ့နောက်အမည် မပြောင်းခင်အထိ ဆိုင်ငှားရမ်းခတွေကို ဈေးများဌာနကို ပေးသွင်း ထားတဲ့ အတွက် အဲဒါက ကာယကံရှင် ခံစားရမှာ။ ဒီလိုမလုပ်ရင် ဒါဥပဒေအရ အလွဲသုံးစားမှု ပြုလုပ်ရာ ရောက်ပါတယ်။ အမည်ပြောင်းတာကလည်း မူလကာယကံရှင်ကို အသိမပေးဘဲ ပြောင်းလို့ရတာက စည်ပင်ဘက်က တစ်ခုခုမှားနေတာပဲ””ဟု ရှေ့နေဦးဇော်လင်းက ပြောသည်။
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်ဖြိုးအောင် ဆောက်လုပ်ရေးပိုင်ရှင် ဦးဝင်းကို တို့သည် တာမွေမြို့နယ်တွင်းရှိ ပြည်ခိုင်ဖြိုးရုံး အပါအ၀င် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးအသင်း ရုံးခန်းများကို နှစ်ပေါင်းများစွာ ပူးပေါင်း ဆောက်လုပ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆောက်လုပ်ခဲ့သည့်အနက် တာမွေမြို့နယ်ရှိ သားဖွား ဆေးရုံအား အသစ်ပြန်လည် ဆောက်လုပ်ခဲ့ရာတွင် တိုက်ခန်း ရောင်းချရငွေများနှင့် ကန်ထရိုက်မှ ပေးသည့် ငွေများကို ဗဟိုမှ သိမ်းယူကာ မူလ လုပ်ကိုင်လျက်ရှိသည့် စေတနာ့ ၀န်ထမ်း သူနာပြုဆရာမများကို နှင်ချ၍ ဗဟိုမှ အဆိုပါ ကန်ထရိုက်တိုက်သစ်ကို သိမ်းယူခဲ့သည့်အတွက် တာမွေမြို့နယ်နေ ကိုယ်ဝန်ဆောင် အမျိုးသမီးအများစု ထိခိုက်နစ်နာမှုများ ရှိခဲ့သည်။
ပြည့်ဖြိုးအောင် ဆောက်လုပ်ရေး ပိုင်ရှင် ဦးဝင်းကို (သရုပ်ဆောင် ဟိန်းဝေယံ၏ဖခင်) သည် အမျိုးသမီးငယ် တစ်ဦးအား သားသမီးချင်း ကိုယ်ချင်းစာနာမှု မရှိစွာ ဖုန်းဖြင့် ရင့်သီး ကြမ်းတမ်းစွာ တုံ့ပြန်ပြောဆိုခဲ့သူ တစ်ဦး အဖြစ်လည်း အင်တာနက် အသုံးပြုသူများနှင့် လူငယ်များအတွင်း နာမည်ကြီးခဲ့သူဖြစ်သည်။
ယခုကဲ့သို့ ကြံ့ခိုင်ရေးအသင်း တာဝန်ရှိသူများအား ဆိုင်ခန်းများ၊ မြေနေရာများ ချထားပေးခြင်းကို ယခင် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်ကတည်းက ကြံ့ခိုင်ရေး အတွင်းရေးမှူးများ အမည်ဖြင့် စော်ဘွားကြီးကုန်း၊ အဝေးပြေးဝင်းနှင့် သီရိမင်္ဂလာ ဈေးသစ်ကြီးတို့တွင် ဆိုင်ခန်းနေရာများ၊ မင်္ဂလာမွန်ဈေးနှင့် ရန်ကုန်မြို့တွင်း လမ်းမကြီးများဘေး နေရာကောင်းများတွင်လည်း ကြံ့ခိုင်ရေး ကော်မတီဝင်အချို့ အမည်များဖြင့် ဆိုင်ခန်းနေရာများ ချထားပေးခဲ့ခြင်းများ ရှိခဲ့ပြီး တော်တော်များများမှာ ပြန်လည်ရောင်းချ၍ အမြတ်အစွန်းများ ရရှိခဲ့ကြသည်။
ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်က ယခုကဲ့သို့ ဆိုင်ခန်းနေရာ/ မြေနေရာများကို ကာယကံရှင်များ အမည်ဖြင့် လုပ်ခွင့် ပေးခဲ့ခြင်းမှတစ်ဆင့် ပါတီသို့ ရန်ပုံငွေရရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း စာချုပ်ပါ ကာယကံရှင်၏ လုပ်ပိုင်ခွင့်ဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကြံ့ခိုင်ရေးပါတီနှင့် ပတ်သက်၍ ဝေဖန်ရေးသားလျက်ရှိသူ ကြံ့ခိုင်ရေးအသင်းတွင် ၁၈ နှစ်ခန့် ကေဒါအဖြစ် ပါဝင်ခဲ့သည့် မောင်ရေစက်က““ကြံ့ခိုင်ရေးမှာ လူကြီးတွေမသိတဲ့ ကိစ္စတွေ ယခုလို အသေးအဖွဲလို့ ယူဆပြီး အမှိုက်ကအစ ပြဿဒ်မီးလောင်နိုင်တဲ့ အရာတွေ အများကြီးရှိ နေတာကို ပါတီထိပ်ပိုင်း ခေါင်းဆောင် တွေက တိုင်းတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်တွေကို ယုံကြည်ပြီး ယခုထိ လှည့်ဖြားခံနေရတာပါ။ ကျွန်တော် ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်နဲ့ တွေ့တုန်းကလည်း သူတာဝန်ပေးခဲ့တဲ့ ဧရာဝတီတိုင်း တာဝန်ခံ ဗိုလ်ချုပ် စိုးနိုင်က သူတို့ကို ဘာမှ မတင်ပြဘဲ လျှောက်လုပ်ခဲ့တာလို့ ပြောတယ်။ ရန်ကုန်တိုင်း တာဝန်ခံ မြို့တော်ဝန်တွေ အတွက်လည်း ပါတီဗဟိုက လူကြီးတွေ ခေါင်းခဲခဲ့ရတယ်။ ကျွန်တော်တို့ မီဒီယာကိုခေါ်ပြီး မေးမြန်း ဖြေရှင်းခဲ့ရ ဖူးတယ်။ ဒါကိုလည်း လူကြီးတွေ ပေါ့ဆနေသေးတာပဲ။ အခုမြို့တော်စည်ပင်က ကြံ့ခိုင်ရေး ပြောတာယုံပြီး ဥပဒေမဲ့ လျှောက်လုပ်ရင် အစည်းအဝေး ဆုံးဖြတ်ချက်ဆိုတဲ့ စကားကြံ့ခိုင်ရေး အလုပ်အမှုဆောင် အဖွဲ့တွေ လက်သုံးစကား တစ်ခုကို ကိုင်ထားရင် ပြည်သူတွေအတွက် ဥပဒေဆိုတာ ဘာမှ အားကိုးစရာ မရှိတော့ဘူး”” ဟု သုံးသပ် ပြောကြားသည်။
အမည်ပြောင်းခြင်းခံရ၍ နစ်နာသူ ဦးအောင်ကိုကိုသည် ကြံ့ခိုင်ရေးအသင်းမှ ပါတီပြောင်းသည်အထိ မြို့နယ် အလုပ်အမှုဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါ ပါတီဝင် မဟုတ်တော့ကြောင်း သိရှိရသည်။
ဝတ်ရည်နွေးနွေး
Myanmartandawsint Newspaper
ဦးအောင်ကိုကိုနှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် |
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဦးအောင်ကိုကိုတို့ အခိုင်အမာချုပ်ဆိုထားသည့် အဌားချစာချုပ်မိတ္တူ |
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဦးအောင်ကိုကိုတို့ အခိုင်အမာချုပ်ဆိုထားသည့် အဌားချစာချုပ်မိတ္တူ |
ယာယီကျောက်မြောင်းဈေး မြေနေရာကွက်အား ကြံ့ခိုင်ရေးဗဟိုကော်မတီဝင် ရန်ကုန်မြို့တော်ဝန်နှင့် ကြံ့ခိုင်ရေး အတွင်းရေးမှူး ဥပဒေမဲ့ အလွဲသုံးစားလုပ်
Reviewed by သစ်ထူးလွင်
on
12:46
Rating: