ဟင်းတစ်တုံး ပေါ်လစီနှင့် လူညှက်မျိုးဆက်


ဂျပန်ငပုဟု မြန်မာတို့က နှိမ့်ချလှောင်ပြောင် ခေါ်ဝေါ်ခဲ့ကြသည့် ဂျပန်လူမျိုးတို့ကို ယခုအခါ ငပုဟု ခေါ်၍ မရတော့ပေ။ ဂျပန်လူမျိုးတို့သည် ငပုဘ၀မှနေ    လူကောင်ကြီးထွားသည့် လူမျိုးအဖြစ် မျိုးဆက်သစ်တို့ကို စနစ်တကျ မွေးထုတ်လာခဲ့ပြီး သူတို့ကို လှောင်ပြောင်ခဲ့ဖူးသည့် မြန်မာလူမျိုးတို့မှာ လူကောင်ညှက်သည့် လူညှက်မျိုးဆက်များ ဖြစ်လာခဲ့သည်။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အာဟာရချို့တဲ့မှုနှင့် အစားအသောက်ပုံစံ စနစ်မကျမှုတို့ကြောင့်ဖြစ်သည်။ မိဘတို့က မိမိရင်သွေးကို အာဟာရပြည့်အောင် ကျွေးမွေးသည့်ပုံစံ မှားယွင်းခဲ့ခြင်း၊ အာဟာရဖြစ်အောင် မကျွေးမွေးနိုင်ခဲ့ကြခြင်းတို့ကြောင့် မျိုးဆက်အသီးသီးအလိုက် လူကောင်ညှက်သည့် လူမျိုးအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ခြင်းကလည်း အဓိကအကြောင်းတစ်ရပ်ပင်။

မြန်မာနိုင်ငံတွင် ကလေးငယ် အယောက်တစ်ရာလျှင် ၃၅ ယောက်က အာဟာရချို့တဲ့သည့်ဒဏ်ကို ခံစားနေကြရပါသည်။ ထိုအရေအတွက်တွင် ရှစ်ရာခိုင်နှုန်းသော ကလေးများက အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ မြန်မာနိုင်ငံလူမျိုးများသည် အာဟာရချို့တဲ့မှုကြောင့် လူကောင်သေးညှက်လာကြပြီး အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယား၊ တီမောပြီးလျှင် မြန်မာက တတိယနေရာသို့ ရောက်နေသည်။

တစ်နှစ်လျှင် ကလေးငယ်သေဆုံးမှုနှုန်းအားလုံး၏ ၁၅ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့၍ဖြစ်သည်။

ထို့အပြင် အာဟာရမပြည့်ဝခြင်းကြောင့် မြန်မာလူမျိုးတို့တွင် ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျမှုများ ဖြစ်ပေါ်နေပြီး နိုင်ငံ၏ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတို့ ထိခိုက်နိုင်မည်ဟု ပညာရှင်များက ကိန်းဂဏန်းများဖြင့် ခန့်မှန်းထားသည်။ အာဟာရပြည့်ဝစွာစားသုံးမှု ၁၀ ရာခိုင်နှုန်း မြင့်တက်လာပါက အခြေခံပညာအဆင့်ပြီးဆုံးမှု ၁၀ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ပြီး မူလတန်းအဆင့်ပြီးဆုံးမှု ၇၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်သည်။

‘‘အာဟာရမပြည့်ဝမှုကြောင့် ရောဂါထူပြောတဲ့ ကလေးငယ်တွေ၊ ဉာဏ်ရည်ဉာဏ်သွေးမမီတဲ့ သားသမီးတွေကို မိဘတွေအနေနဲ့ မလိုချင်သလို တိုင်းပြည်အတွက်လည်း ၀န်ထုပ်ဝန်ပိုး ဖြစ်လာမှာကို မလိုလားဘူး’’ ဟု ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားအာဟာရနှင့် သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းက ပြောသည်။

မြန်မာနိုင်ငံမှ မိခင်တို့သည် ရင်သွေးကို ခြောက်လမပြည့်မီ မိခင်နို့တိုက်ကျွေးရန် ပျက်ကွက်လေ့ရှိကြသည်။ မွေးစမှ ခြောက်လအရွယ်အထိ မိခင်နို့တိုက်ကျွေးခြင်းကို ကလေးငယ်လေးဦးလျှင် တစ်ဦးသာ အပြည့်အ၀ရရှိကြသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလတွင်လည်း အစားရှောင်သည့်ဓလေ့ကြောင့် မိခင်တို့မှာ သွေးအားနည်းရောဂါကို ခံစားကြရသည်။ အစားရှောင်သည့် ရိုးရာဓလေ့ထုံးစံတချို့ကြောင့် အာဟာရမပြည့်ဝသည့် ကလေးငယ်များ မွေးဖွားလာရသည်ဟု အာဟာရပညာရှင် ဒေါက်တာကျော်ဝင်းစိန်က ဆိုသည်။

မွေးဖွားလာသည့် ကလေးငယ်များကိုလည်း အာဟာရပြည့်ဝအောင် စနစ်တကျကျွေးမွေးရန်လည်း လိုအပ်လာပါသည်။

‘‘မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေ ဆွံ့အနားမကြားတွေ မလိုချင်ဘူး။ ဉာဏ်ရည်နိမ့်တဲ့ကလေးတွေ မလိုချင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့အာဟာရပြည့်အောင် ကျွေးတဲ့ပုံစံက မှားနေတယ်။ အာဟာရပြည့်ဖို့ဆိုတာက ဇိကုပ်ပြီး နတ်ပြည်တင်လိုက်တာမျိုးမရဘူး။ နိစ္စဓူဝ လိုအပ်ချက်တွေ ဖြစ်တဲ့အတွက် နေ့တိုင်းလုပ်ရမယ်။ အစားအသောက်ပုံစံ ပြောင်းရမယ်’’ ဟု UNICEF မှ အာဟာရပညာရှင် ဒေါက်တာကျော်ဝင်းစိန်က ပြောသည်။

မြန်မာနိုင်ငံတွင် ထမင်းအဓိက ဟင်းတစ်တုံးပေါ်လစီဖြင့် ကြီးပြင်းလာခဲ့ရသည့် မျိုးဆက်များက လူကောင်သေးပြီး ပိန်ညှက်သည့် လူမျိုးများအဖြစ်သို့ လျော့ဆင်းလာစေခဲ့သည်။ ကလေးကို စည်းကမ်းရှိစေရန်ဟု အကြောင်းပြချက်ဖြင့် ဟင်းတစ်တုံးပေါ်လစီကို ချမှတ်ခဲ့ကြသည်။ မတတ်နိုင်သည့် မိသားစုက ကလေးကို ဟင်းတစ်တုံးအနိုင်နိုင်မကျွေးနိုင်သည့် မိသားစုများစွာ ရှိနေချိန်မှာပင် တတ်နိုင်သည့် မိသားစုကလည်း စည်းကမ်းအရ ဟင်းတစ်တုံးသာ ကျွေးမွေးလေ့ရှိသည်။

ဟင်းများများစားသည့် ကလေးငယ်ကို အစားကြီးသည့်ကလေး၊ မိဘက စည်းကမ်းတကျ မသွန်သင်ထားသည့်ကလေးအဖြစ် သတ်မှတ်လေ့ရှိခဲ့သည်။ ‘‘အိမ်က ကလေးတွေကို စည်းကမ်းလုပ်ထားတယ်။ ဟင်းနဲ့ထမင်း တစ်ခါတည်း ပုံပေးလိုက်တယ်။ ထမင်းလိုရင် ထပ်ထည့်ပေးမယ်။ ဟင်းတော့ ထပ်မရဘူး။ ဟင်းကိုလည်း အများဆုံးနှစ်တုံးပဲ’’ ဟု မအူပင်မြို့နယ်မှ ကလေးလေးဦးမိခင် ဒေါ်ကြင်က ဆိုသည်။

လူကောင်ခပ်သေးသေးနှင့် အသက်(၂၁)နှစ်အရွယ် မောင်စိုးမြင့်ကလည်း ‘‘ငယ်ငယ်တုန်းက မှတ်မိသေးတယ်။ ဒါအပြီးပဲ ထပ်တောင်းလို့မရဘူးဆိုပြီး ထမင်းနဲ့ဟင်းကို တစ်ခါတည်း ထည့်ပေးလိုက်တာ။ တစ်ခါတစ်ခါ စားကောင်းလို့ ထမင်းထပ်စားချင်ပေမယ့် ဟင်းထပ်မရတော့လို့ ရပ်လိုက်ရတာရှိတယ်။ ခုလို လူကောင်သေးနေတာကလည်း အဲဒီတုန်းက စားချင်သလို မစားခဲ့ရလို့ ထင်တာပဲ။ အဘွားတို့က ထမင်းတစ်မျိုးအဓိကသမားတွေလေ’’ဟု ပြောသည်။

ကျန်းမာရေးအသိပညာရှိသည့် မိဘများက ကလေးကို ကောင်းမွန်စွာ ကျွေးမွေးပျိုးထောင်ကြသော်လည်း ကျန်းမာရေးအသိနည်းပါးသည့် မိဘများက ကိုယ့်ရင်သွေးကို စိုးရိမ်ပူပန်စိတ်ဖြင့် အစားအသောက်ချုပ်ချယ်လွန်းပါက ကြာလာလျှင် အာဟာရကို ထိခိုက်လာစေနိုင်သည်။

မွေးကင်းစအရွယ်မှ နို့ချိုတိုက်ကျွေးချိန် ခြောက်လကျော်၍ ဖြည့်စွက်စာ စတင်ကျွေးချိန်သည် အရေးကြီးသည့်ကာလဖြစ်သည်။ ထို့အတွက် အသက်အရွယ်အလိုက် အာဟာရပြည့်ဝစွာ စားသောက်သည့်ဓလေ့ ထွန်းကားရန် လိုအပ်ပါသည်။

၂၀၁၃ ခုနှစ်တွင် နောက်ဆုံးတွေ့ရှိချက်များအရ အသက်ငါးနှစ်အောက်ကလေးငယ် သေဆုံးမှုများ၏ ထက်ဝက်မှာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်လာသည်။ ထိုအချက်များတွင် မွေးကင်းစမှ ခြောက်လအတွင်း မိခင်နို့တိုက်ကျွေးရန် ပျက်ကွက်ခြင်း၊ အစားအသောက်ကျွေးသည့်ပုံစံ နည်းလမ်းမကျခြင်းတို့ ပါဝင်ခဲ့သည်။

‘‘ထမင်းအများကြီးစားရင် အားရှိတယ်။ ဒါပေမဲ့ ဟင်းအများကြီးစားရင် အားရှိတယ်လို့ ဘယ်မိဘကမှ မပြောဘူး။ အခုနောက်ပိုင်းမှ သိလာတာက အသားဓာတ်က ကလေးတွေအတွက် ကြီးထွားဖို့ အဓိကဆိုတာ။ ကျွန်တော်တို့ အမေတွေ၊ အဘိုး အဘွားတွေ တလွဲလုပ်ခဲ့တယ်’’ဟု အရပ်ငါးပေသာရှိသည့် အသက်(၂၆)နှစ်အရွယ် ကိုစိုးလင်းကပြောသည်။

ကျန်းမာရေးအသိပညာရှိသော်လည်း မတတ်နိုင်၍ မိမိတို့ကလေးငယ်များကို ကျွေးမွေးချင်စိတ်ရှိပါသော်လည်း အခြေအနေအရ မတတ်နိုင်ကြသူများလည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် အခြေခံလူတန်းစားထဲမှ ပေါက်ဖွားလာသော ကလေးငယ်များက အာဟာရချို့တဲ့မှုဒဏ်ကို ပိုမိုခံစားခဲ့ကြရသည်။

‘‘ကလေးမွေးပြီး ဒေသန္တရဆေးခန်းတွေရောက်တော့ အစာအုပ်စုတွေ ခွဲပြထားတယ်။ အဲဒါတွေကို မျှတအောင် ကျွေးရမယ်ပေါ့။ ဒါပေမဲ့ တစ်ခါမှ အဲဒီလို မကျွေးနိုင်ခဲ့ဘူး။ အသားပါရင် အသီးအရွက်ကမပါဘူး။ တစ်ခါတစ်ခါကျတော့ အသီးအရွက်ကြော်လေး၊ ဟင်းချိုလေးနဲ့ပဲ တစ်မိသားစုလုံး စားကြတာ။ ကလေးတွေလည်း လူကြီးတွေအတိုင်း  စားတာပဲ။ ထွေထွေထူးထူး လုပ်ပေးမနေနိုင်ဘူး’’ဟု ကလေးလေးဦးမိခင် ဒေါ်ဝင်းကြည်ကဆိုသည်။

ကလေးငယ်များကို ထမင်းကျွေးနေရုံမျှဖြင့် အာဟာရချို့တဲ့မှုများ ပပျောက်မသွားနိုင်ပါ။ ကျန်းမာရေးအသိပညာဖြင့် အစာအုပ်စုများ ခွဲပေးထားသည့်အတိုင်း အသား၊ ငါး၊ အသီးအရွက်များကို မျှတအောင် ကျွေးမွေးရန် အဓိကလိုအပ်ပါသည်။ သို့သော် အာဟာရပြည့်ဝစေရန် အစာအုပ်စုများကို စနစ်တကျ ကျွေးမွေးနိုင်ရေးအတွက် မိသားစုစားဝတ်နေရေး အခြေအနေများအရ ကျွေးနိုင်ခြေ ရှိ၊ မရှိမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ပြည်သူလူထုကို အာဟာရပြည့်ဝရေးအတွက် နွားနို့များများသောက်သုံးကြရန် တိုက်တွန်းခဲ့သည်။ ပြည်ပတွင် ကလေးငယ်များအတွက် အသက်အရွယ်၊ လသားအလိုက် ဖြည့်စွက်စာများ ရောင်းချသည်။ မြန်မာနိုင်ငံတွင်လည်း စီးတီးမတ်ကဲ့သို့ ဈေးဝယ်စင်တာများတွင် စတင်ရောင်းချနေပြီဖြစ်သော်လည်း ၀ယ်ကျွေးနိုင်သည့် အနေအထားက လူနည်းစုသာဖြစ်သည်။

‘‘ဒီမှာက ကြက်သားဟင်းချက်ရင်တောင် အာလူးတို့၊ ဘူးသီးတို့ များများရောပြီး ခွဲတမ်းနဲ့ ကျွေးရတဲ့သူတွေများတော့ အာဟာရမဖြစ်ဘူး။ ထမင်းဝရုံပေါ့။ အဓိကက မွေးစကတည်းက မျှတအောင်ကျွေးမှ အရပ်ရှည်တာ၊ သန်မာကြီးထွားတာတွေ ဖြစ်မှာပါ။ အိုဗာတင်းတို့ မိုင်လိုတို့ တိုက်သင့်ပါတယ်။ ဒါမှမဟုတ် သမ္မတကြီးပြောသလို နွားနို့တိုက်သင့်ပါတယ်။ မွေးစကတည်းက ကျွေးရင်တောင် မြန်မာတွေ ပြန်လည်ကြီးထွားဖို့ အနှစ်နှစ်ဆယ်လောက် အချိန်ယူရဦးမှာပါ’’ဟု သမီးတစ်ဦးဖခင်ဖြစ်သည့် ဆုပြည့်စုံထွန်းစာပေမှ ကိုမြင့်ထွန်းကသုံးသပ်သည်။

ခန္ဓာကိုယ်ပိန်ပါးသည့် အသက် ၁၀ နှစ်အရွယ် မောင်မင်းခန့်က ‘‘သားက ထမင်းနဲ့ဟင်းဆို ဟင်းအများကြီးစားချင်တာ။ မေကြီးက ဟင်းနည်းနည်းလေးပဲ ထည့်ပေးတယ်။ ထမင်းကုန်လို့ နောက်တစ်ပန်းကန်စားရင်လည်း ဟင်းနည်းနည်းလေးပဲ ထပ်ထည့်ပေးတယ်’’ဟု သူ၏ခံစားချက်ကို ပြောပြသည်။

ကလေးငယ်တို့အတွက် အစာစားချိန်၊ အိပ်ချိန်တို့ကို စနစ်တကျထားရှိ၍ ပြုစုပျိုးထောင်ခြင်းက ထိရောက်စေမည်ဖြစ်ပြီး အာဟာရမပြည့်သည့် အစားအစာများကို အလွယ်တကူ စားသောက်မှုများ လျော့ပါးစေရန်လည်း သတိပြုသင့်သည်။

အာဟာရမပြည့်ဝသည့်အတွက် ကျန်းမာရေးထိခိုက်လာစေပြီး နေ့စဉ်ဘ၀တွင် မကူးစက်နိုင်သည့် နာတာရှည်ရောဂါများ၊ လူကြီးများတွင်သာမက လူငယ်များမှာပါ ဖြစ်ပွားလာနေသည်ဟု ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကမ္ဘာတစ်ဝန်းတွင် တစ်နှစ်လျှင် ကလေးငယ်ကိုးသိန်းမွေးဖွားပြီး သုံးနှစ်မတိုင်မီမှာပင် ကလေးငယ် ၃၇၀၀ ပြန်လည်ဆုံးပါးသွားသည်ဟု သိရသည်။

‘‘အသက်သုံးနှစ်အထိ ရက်တစ်ထောင် Rule ဆိုတာရှိတယ်။ သုံးနှစ်အတွင်းမှာ အစားအသောက်ကျွေးတဲ့ပုံစံကို ဂရုစိုက်ရမယ်။ နောင်နှစ် ၂၀၊ ၃၀ မှာ ဖြစ်လာမယ့် ပညာရေး၊ ကျန်းမာရေးက အဲဒီသုံးနှစ်နဲ့ပဲဆိုင်တယ်။ ကလေးကို ထမင်းကျွေးနေရုံ၊ အစာကျွေးနေရုံနဲ့ အာဟာရချို့တဲ့မှု ပျောက်မသွားဘူး။ အသားငါးအသီးအရွက်တွေကို မျှတအောင် ကျွေးတတ်ဖို့လိုတယ်’’ ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဖွံ့ဖြိုးရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းက မှတ်ချက်ပေးသည်။

ထမင်းအဓိက၊ ဟင်းတစ်တုံးပေါ်လစီဖြင့် ကလေးငယ်များကို ပြုစုပျိုးထောင်၍ မရတော့ပါ။ အာဟာရပြည့်ဝသည့် အစာအုပ်စုများကို စနစ်တကျကျွေးမွေးပျိုးထောင်ရန် လိုအပ်နေပါပြီ။

ကလေးငယ်ကို ဆီးထုပ်တစ်ရာတန်တစ်ထုပ် ၀ယ်ကျွေးမည့်အစား ကြက်ဥတစ်လုံးဝယ်ကျွေးခြင်းက ပိုမိုအကျိုးရှိစေပါလိမ့်မည်။ မြန်မာတို့ထက် ခေါင်းတစ်လုံးနိမ့်သည့် ဂျပန်ငပုများသည် မြန်မာတို့ထက် ခေါင်းနှစ်လုံးကျော်လွန်သွားပါပြီ။ အယောက်တစ်ရာလျှင် သုံးဆယ့်ငါးယောက်က အာဟာရချို့တဲ့ကာ အရပ်ပုလာသည့် အခြေအနေကို ကျော်လွှား၍ မျိုးဆက်ကို ပြန်လည်မြှင့်တင်ရန် မိဘတိုင်း၏ တာဝန်ဖြစ်ပါသည်။          ။

ကလေးငယ်များအား နည်းစနစ်မှန် အစားအသောက်ကျွေးမွေးခြင်း

-ဆန်၊ ဂျုံ၊ ပဲ၊ အာလူးတို့ဖြင့် ပြုလုပ်ထားသော အစားအသောက်များ

-အသီးအရွက်နှင့် သစ်သီးများ နေ့စဉ်ကျွေးမွေးရန် မမေ့ပါနှင့်။

-ခန္ဓာကိုယ်ကြီးထွားစေသည့် အသား၊ ငါး များများကျွေးပါ။

(မှတ်ချက်။       ။ တစ်ပတ်လျှင် ငါးစားရန် အနည်းဆုံးနှစ်ရက် သတ်မှတ်ထားပါ)

-နွားနို့၊ ဒိန်ချဉ်တို့သောက်ရန် အရေးကြီးပါသည်။

-သကြားဓာတ်၊ ဆားဓာတ်နှင့် အဆီအဆိမ့်ပါသော အစားအစာများလည်း အနည်းငယ်ကျွေးရန် လိုအပ်ပါသည်။

-ရေများများတိုက်ရန် မမေ့ပါနှင့်။

များများစားစေရန် အချက်များ

-ဆာတဲ့အချိန်မှာ ကျွေးပါ။

-သင့်ကလေး ဘာစားချင်လဲမေးပါ။

-စားချင်စဖွယ် ပြင်ဆင်ထားပါ။

-စားသောက်နေလျှင် ရုပ်မြင်သံကြား မဖွင့်ထားပါနှင့်။

-အကျိုးမပြုသည့် သရေစာစားခြင်း နည်းအောင်လုပ်ပါ။

ဥက္ကာကိုကို၊ ရဲနောင်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၉)


ဟင်းတစ်တုံး ပေါ်လစီနှင့် လူညှက်မျိုးဆက် ဟင်းတစ်တုံး ပေါ်လစီနှင့် လူညှက်မျိုးဆက် Reviewed by သစ်ထူးလွင် on 15:32 Rating: 5
Powered by Blogger.