မသမာ အာဇီဝ


ပေးလှူခြင်းနဲ့ပတ်သက်ပြီး ဒါယကာ၊ ဒါယိကာမများ အနေဖြင့် မှန်ကန်တဲ့ အမြင်ရှိသင့်တယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံသား အတော်များများဟာ ဘုရားကျောင်းကန်နဲ့ သာသနာ တော်ဆိုင်ရာမှာသာပိုပြီး ထက်ထက်သန်သန်လှူဒါန်းလိုကြတာ တွေ့ရပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက အနာထပိဏ်သူဌေးစတဲ့ သူဌေးကြီးများဟာ အလှူရုံကြီးတွေဆောက်လုပ်ပြီး လူမျိုးဘာသာ မခွဲခြားဘဲ အယုတ်အလတ် အမြတ်မရွေးရောက်လာသမျှ လူအားလုံးကို ဖြူစင်တဲ့ သဒ္ဓါစေတနာနဲ့ နေ့စဉ်ကျွေးမွေးလှူဒါန်းခဲ့ကြတဲ့ သာဓကတွေရှိပါတယ်။

ယခုခေတ်မှာ ကျန်းမာရေး ပညာရေးစတဲ့ ပရဟိတ လူမှုရေး လုပ်ငန်းများ  အလွန်ပင်ကျယ် ပြန့်လာတဲ့အတွက် ဝမ်းသာကြည် နူးစရာဖြစ်ပါတယ်။ ပရဟိတ လူမှုရေးလုပ်ငန်းများရဲ့ ရှေ့ဆောင်ဦးရွက် ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ သီတဂူဆရာတော်ကြီးက ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးမှာ လျှောက်ထားချက်တစ်စောင် တင်ပြလျှောက်ထားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ လျှောက်ထား ချက်ထဲမှာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကို ပြင်ဆင်မွမ်းမံတိုးချဲ့ရာမှာ လူမှုရေးဌာနတစ်ခုကိုထည့်သွင်းဖွဲ့စည်းဖို့ရန် လျှောက်ထားချက်တစ်ချက်လည်းပါဝင်တာ တွေ့ရပါတယ်။ တချို့သော ဒါယကာ၊ ဒါယိကာမများဟာ ဗုဒ္ဓသာသနာဆိုင်ရာမှာ အလှူဒါနလက်နဲ့မကွာကြသော်လည်း လူလူချင်း ရိုင်းပင်းကူညီရမယ့်ကိစ္စတွေကျတော့ စိတ်အား ထက်သန်မှုနည်းနေတယ်လို့ ထင်မိပါတယ်။

ယခုအခါ တိုးပွားများပြား လာနေတဲ့ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်နေကြတဲ့ အလုပ် သမားများရဲ့ ဆန္ဒပြတောင်းဆိုသံ များကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားနေရပါတယ်။ ယနေ့ခေတ် ကျပ်တစ်သိန်းဆိုတဲ့ ငွေပမာဏ ဟာ လက်ရှိကုန်ဈေးနှုန်းနဲ့ နှိုင်း ယှဉ်လိုက်ရင် ဘယ်လောက်မှ အသုံးခံတာမဟုတ်ပါဘူး။ အလုပ်သမားများဟာ သူတို့ရသင့်ရထိုက်

တဲ့ လစာခံစားခွင့်ထက် လောဘတကြီး ပိုပိုလွန်လွန်ရချင်လို့ ဆန္ဒပြတောင်းဆိုနေကြတာ မဟုတ်

ဘူးလို့ ထင်ပါတယ်။

လုပ်ငန်းရှင်သူဌေးများဘက် မှကြည့်ရင်လည်း အကျိုးအမြတ် မရှိပါက  လုပ်ငန်းပြိုလဲပျက်စီး သွားနိုင်ပါတယ်။  လုပ်ငန်းပျက် သွားရင်  အလုပ်လက်မဲ့ဖြစ်သွား ကြရမယ့် အလုပ်သမားများကို ထိခိုက်နစ်နာစေပြန်ပါတယ်။ တကယ်တော့ အလုပ်ရှင်အလုပ် သမားဆိုတာ အပြန်အလှန်မှီခို နေကြရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပါ။ အလုပ်ရှင်၊ အလုပ်သမားနှစ် ဦးနှစ်ဖက်  မျှတပြေလည်ပါမှ လုပ်ငန်းတစ်ခုအောင်မြင်နိုင်မှာ ပါ။ လုပ်ငန်းအောင်မြင်ပါမှ နိုင်ငံ ရဲ့စီးပွားရေးတိုးတက်အောင်မြင် ပြီး နိုင်ငံသားများရဲ့ လူနေမှု ဘဝသာယာနိုင်မှာပါ။ လုပ်ငန်းတစ်ခုရေရှည်ရပ်တည်နိုင်ရေးမှာ အစိုးရရဲ့ ပံ့ပိုးကူညီထိန်းကျောင်းမှုဟာမရှိမဖြစ်  လိုအပ်မယ်ထင်ပါတယ်။

 ပွင့်လင်းစ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းအပါ အဝင် ဘေးအန္တရာယ်ကြားမှာ အလုပ်လုပ်နေကြရတဲ့  အလုပ်သမားများရဲ့  ထိခိုက်နစ်နာမှုအတွက်  လျော်ကြေးကိစ္စနဲ့  အသက်အန္တရာယ်ဘေးကင်းလုံခြုံရေး စတဲ့ကိစ္စတွေမှာ ဖွံ့ဖြိုးတိုး တက်ပြီးနိုင်ငံများနဲ့ နှိုင်းယှဉ်လိုက် ရင် ကွာဟမှုက အလွန်ပင်ကြီး မားလှပါတယ်။ ဗုဒ္ဓသာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လူ လူချင်းထားသင့်တဲ့  ကိုယ်ချင်းစာနာ မေတ္တာတရားတွေခေါင်းပါးလွန်းတယ်လို့ မြင်မိပါတယ်။

လူလူချင်း ရိုင်းပင်းကူညီတဲ့ စိတ်ဓာတ်ဟာ သူတစ်ပါးအကျိုး ကိုလိုလားတဲ့ မေတ္တာမှာ အခြေခံ တဲ့၊ မွန်မြတ်တဲ့စိတ်ဓာတ်ပါ။ မေတ္တသုတ်မှာ မြတ်စွာဘုရားဟောထားတော်မူတဲ့ ဂါထာတစ်ပုဒ်ကို ထုတ်နုတ်ပြလိုပါတယ်။

မာတာ ယထာ နိယံပုတ္တမာ ယုသာ ဧကပုတ္တမနုရက္ခေ၊ ဧဝမ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ။

 မိခင်ဖြစ်သူဟာ ချစ်ရတဲ့ မိမိရဲ့  တစ်ဦးတည်းသော သား ငယ်ကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်သလို သတ္တဝါအား လုံးအပေါ်မှာ ခွဲခြားတဲ့စိတ်မထား ဘဲ ဒေါသကင်းစင် မေတ္တာယှဉ် လျက် ကြည်လင်သော ကုသိုလ် စိတ်ကို မွေးမြူကြပါလို့ ရှင်တော် မြတ်ဘုရားက ဩဝါဒစကားမိန့် မှာထားခဲ့ပါတယ်။ အမှန်က မေတ္တ သုတ်အပါအဝင်ပရိတ်တရား တော်များဟာ ရွတ်ဖတ်ရုံနဲ့ ပြည့်စုံ လုံလောက်တဲ့ တရားတော်များ မဟုတ်ကြပါဘူး။ ပရိတ်တရား တော်မှာပါဝင်တဲ့ တရားတော်ရဲ့ အဓိပ္ပာယ်ဆိုလိုရင်းကို နားလည် သဘောပေါက်ပြီး ထိုတရားတော် အတိုင်း လက်တွေ့ဘဝမှာ လိုက် နာကျင့်သုံးခြင်းကသာ ပိုပြီးဘုရား အလိုတော်ကျတာပါ။ မေတ္တာဆို တာ သူတစ်ပါးရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခကိုလိုလားတဲ့ ကုသိုလ်စိတ်ပါ။  မေတ္တာယှဉ်တဲ့ ကြည်လင်မွန်မြတ်တဲ့စိတ်နဲ့ ပြု လုပ်မှုကာယကံ၊ ပြောဆိုမှု ဝစီကံ တိုင်းဟာ ကုသိုလ်ပါ။ မေတ္တာ သဘောကို မိမိတို့ရဲ့ နေ့စဉ်ဘဝ မှာ လက်တွေ့ကျင့်သုံးဖို့ မေ့ လျော့နေတတ်ကြတဲ့ ဗုဒ္ဓဘာသာ ဝင် တိုင်းရင်းသားပြည်သူပြည် သားများရဲ့ အရေအတွက်ဟာ များစွာရှိနေမယ်ထင်ပါတယ်။ အထက်က ဆွေးနွေးပြခဲ့တဲ့ စက် ရုံ၊ အလုပ်ရုံများနဲ့ စီးပွားရေးလုပ် ငန်းများမှာ လုပ်ငန်းရှင်များဘက် မှ အလုပ်သမားများအပေါ်ထား သင့်တဲ့ လူလူချင်း ငဲ့ညှာသနားမှု နဲ့ ရိုင်းပင်းကူညီမှုဆိုတဲ့ မေတ္တာ စိတ်ဟာ ရှိသင့်သလောက်ရှိပါရဲ့ လားဆိုတာ ဆင်ခြင်တွေးတော စရာပါ။

ဘုရားကျောင်းသိမ်များမှာ သိန်းရာထောင်ချီလှူဒါန်းနိုင်ကြ သော်လည်း မိမိတို့ရဲ့ အလုပ် သမားများအပေါ်မှာ ငဲ့ညှာစာနာ မှု ကင်းမဲ့နေမယ်၊ ခေါင်းပုံဖြတ် အမြတ်ထုတ်နေမယ်ဆိုရင် မိမိ တို့ရဲ့လုပ်ရပ်ဟာ မိမိတို့နေ့စဉ်  ရိုသေမြတ်နိုး ရှိခိုးဦးချနေကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ အလိုတော် နဲ့ လွဲချော်နေမှာ အမှန်ပါပဲ။ လွန် ခဲ့တဲ့ ရက်အနည်းငယ်က သတင်း ဖတ်ရင်း အွန်လိုင်းမှာ နာမည်ကြီး နေတဲ့  မြန်မာဗီဒီယိုဇာတ်ကားဆိုတာတွေ့လို့ ကြည့်လိုက်မိပါ တယ်။ ဇာတ်ကားနာမည်က ‘‘နှစ် ရွာကြားက ပလပ်မြေ’’ပါ။ အဲဒီ ဇာတ်ကားမှာ မင်းသား ခန့်စည် သူ ပြောလိုက်တဲ့ မသမာအာဇီဝ ဆိုတဲ့စကားကိုကြားတော့ တစ် ပါးတည်းပြုံးခဲ့မိတယ်။ ပြုံးရယ် စရာ စကားဆိုပေမယ့် လေးလေး နက်နက် ဆင်ခြင်တွေးတောသင့် တဲ့ စကားပါ။

ဗုဒ္ဓသာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ မသမာအာဇီဝ တွေ ပြန့်ပွားနေတာ အမှန်ပါပဲ။ ကွေးသောလက် မဆန့်မီ ဆန့် သောလက် မကွေးမီဆိုသလို တပ်အပ်သေချာမသိနိုင်တဲ့ လူ့ဘဝသက်တမ်းတစ်ခုဆိုတာ သက်တမ်းပြည့်နေခွင့်ရလျှင်ပင် ကြလှတာမဟုတ်ပါဘူး။

 ဘယ်လောက်ပင်ကောင်း ပေ့၊ အရသာရှိပေ့ဆိုတဲ့ အစား အသောက်ပင်  ဖြစ်သော်ငြား လည်း ကိုယ့်အစာအိမ်ဝင်ဆံ့ သလောက်သာ စားသောက်နိုင် တာပါ။  ဘယ်လောက်ပင် ခမ်း နားကြီးကျယ်ကောင်းမွန်တဲ့ အိမ် ကြီး၊ တိုက်ကြီးပေါ်က ဘယ် လောက်ပင် နူးညံ့ချောအိတဲ့ ဆို ဖာခုတင်မွေ့ရာပေါ်မှာ ထိုင်နိုင် အိပ်နိုင်စေကာမူ လူတစ်ကိုယ်စာ ကျောတစ်ခင်းစာပဲ ထိုင်နိုင်အိပ် နိုင်တာပါ။

ဒီအချက်ကို ပြန်လည်စဉ်း စားကြည့်လိုက်ရင် မသမာအာဇီ ဝနဲ့ ရှာဖွေစုဆောင်းထားခဲ့သမျှ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ဥစ္စာစည်းစိမ်တွေဟာ ကိုယ့်တစ် သက်တာ သုံးခဲ့ရတာနဲ့နှိုင်းယှဉ် လိုက်လျှင်ပင်တန်ပါရဲ့လား။ သာမာန်အသိဉာဏ်နဲ့ မမြင်နိုင်တဲ့ မသမာအာဇီဝနဲ့ အနာဂတ် အကျိုးဆက်ကိုဆက်ပြီး ဆင်ခြင် လိုက်ရင် အမြတ်မထွက်ဘဲ အရှုံး ပင်ပေါ်နေပါလားဆိုတာဆင်ခြင် တွေးဆနိုင်ကြတဲ့ လူတွေများလာ မယ်ဆိုရင်တော့ လူများအသက် ရှင်နေထိုင်ရာ ဤလောကလူ့ရွာ ဟာ ဒီထက်မက ငြိမ်းချမ်းသာ ယာတဲ့ နေပျော်ဖွယ်လောကလူ့ ရွာဖြစ်လာမှာ ဧကန်ပါ။

Author: အရှင်စန္ဒိမာ (မွန်စိန်တောရ)

7Day Daily


မသမာ အာဇီဝ မသမာ အာဇီဝ Reviewed by သစ်ထူးလွင် on 19:05 Rating: 5
Powered by Blogger.