တစ်ရွာတည်းနေ ညီအစ်ကိုနှစ်ဦး အရက်အတူသောက်ရင်း စကားများရာ ညီဖြစ်သူက လက်သီးဖြင့် ထိုးသည်ကို မကျေနပ်သဖြင့် ဖခင်နေအိမ်ပေါ်သို့တက်၍ ညီဖြစ်သူကို ၀ါးလုံးပိုင်းဖြင့် ရိုက်သတ်မှုတစ်ခု မေလ ၆ ရက်၊ နံနက် ၆ နာရီခွဲ ၀န်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ထန်းတပင်မြို့နယ် ၀ါးတရာကျေးရွာတွင်နေသည့် ကိုစန်းမောင်(၄၀)နှစ်နှင့် ကိုဝင်းရွှေ(၃၅)နှစ် ညီအစ်ကို နှစ်ဦးသည် မေလ ၅ ရက်၊ ည ၁၀ နာရီခန့်က အရက်မူး၍ စကားများရန်ဖြစ်ကြရာ ကိုဝင်းရွှေက အစ်ကို ဖြစ်သူကို လက်သီးဖြင့် ထိုးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် အစ်ကိုဖြစ်သူက မကျေနပ်သဖြင့် မေလ ၆ ရက်၊ နံနက်ပိုင်းတွင် ဖခင်ဖြစ်သူ နေအိမ်၌နေသော ညီဖြစ်သူကို ကိုစန်းမောင်က ၀ါးလုံးပိုင်းဖြင့်တက်ရောက် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
ရိုက်နှက်မှုကြောင့် ကိုဝင်းရွှေ၏ ၀ဲဘက်ရင်အုံတွင် ဖူးရောင်ညိုမဲဒဏ်ရာရရှိကာ သတိလစ်လဲကျသွား သဖြင့် ဇနီးဖြစ်သူနှင့် မိသားစုများက ၀ိုင်းဝန်းပြုစုပေးခဲ့သော်လည်း သတိပြန်မရတော့ဘဲ သေဆုံးသွားခဲ့ ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ကိုစန်းမောင်(၄၀)နှစ်ကို အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးကျော်ငွေ(၇၂)နှစ် ၏ တရားလိုပြု တိုင်တန်းမှုကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းက (ပ)၇၀/၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ တရားခံကို ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။
ဖြိုးဝေလင်း၊ ကျော်စိုးမိုး
Mizzima - News in Burmese
လက်သီးဖြင့်ထိုးသည်ကို မကျေနပ်၍ ညီအစ်ကိုချင်း ၀ါးလုံးပိုင်းဖြင့် ရိုက်သတ်
Reviewed by သစ်ထူးလွင်
on
17:42
Rating: