ထိုင်းတွင် စစ်အာဏာသိမ်းကြေငြာအပြီး ညမထွက်ရအမိန့်ပါထုတ်ပြန်


ထိုင်းနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပြန်ရှိလာစေရန်ဟု ဆိုကာ စစ်တပ်က အာဏာသိမ်း လိုက်ပြီးနောက်၊ ထိုင်းစစ်တပ်သည် ည ၁၀နာရီမှ နံနက် ၅နာရီအတွင်း အပြင်မထွက်ရ (ကာဖျူး) အမိန့်ကို ထုတ်ပြန်လိုက်ပြီး၊ ထိုအမိန့်သည် တစ်နိုင်ငံလုံးသို့ အကျိုးသက်ရောက်မည်ဖြစ်သည်။

မေလ ၂၂ရက် ညနေတွင် ထိုင်းစစ်တပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Winthai Suvaree က ရုပ်မြင်သံကြားမှ တစ်ဆင့် ထိုကာဖျူးအမိန့်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

-----------------------------------------------------------------------------

ထိုင်းအာဏာသိမ်းအဖွဲ့က သတင်းလွတ်လပ်ခွင့်ဖိနှိပ်ဟု SEAPAတာဝန်ရှိသူဝေဖန်

ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာသိမ်း ခေါင်းဆောင်များက သတင်း အချက်အလက် ဖြန့်ဖြူးခြင်းအပေါ် ကန့်သတ် ပိတ်ပင်မှုများ မြင့်မားလွန်းကြောင်း အရှေ့တောင်အာရှ သတင်းစာ ဆရာများ မဟာမိတ်အဖွဲ့ (South East Asia Press Alliance – SEAPA) မှ Exclusive Director ဖြစ်သူ Gayathry Venkiteswaranက မဇ္ဈိမကို ပြောသည်။

“ သူတို့ (အာဏာသိမ်း) အဖွဲ့ အနေနဲ့ ဘာသတင်း အချက်အလက်တွေ ထုတ်ဝေဖို့ ကန့်သတ်တာလဲ ဆိုတာ တိတိကျကျ ကျွန်မတို့ မသိရဘူး၊ အထူးသဖြင့် ဒီနေ့ နာရီပေါင်းများစွာ ကြာအောင် အသံလွှင့်ဌာနတွေက ပုံမှန် ထုတ်လွှင့်ခွင့် မပြုခဲ့ဘူး။ စစ်တပ်က ထုတ်လွှင့်ချက် အချို့ကိုသာ ထုတ်လွှင့်ခွင့် ပြုတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့ အစ ရက်မှာတင် တရားမဝင်နဲ့၊ အစိုးရကို တိုက်ခိုက်တယ်၊ ထောက်ခံတယ် ဆိုတဲ့ သတင်း ရုပ်သံ ဌာန တွေနဲ့၊ ရေဒီယို ထုတ်လွှင့်ရေး စခန်းတွေ ၁၀ခုကျော်ကို ပိတ်သိမ်း လိုက်ပြီး ဖြစ်ပါတယ်"

"ဒါက မီဒီယာ လွတ်လပ်ခွင့်အပေါ် အရမ်းကြီး ပိတ်ပင် တားမြစ်ရာ ရောက်တယ်လို့ ကျွန်မတို့ မြင်တယ်၊ သတင်းဌာန တွေရဲ့ သတင်းခန်း (News Room) တွေအားလုံးမှာ စစ်သား တွေနဲ့ ပြည့်နေတယ်၊ ဒီပိတ်ပင်မှုရဲ့ သက်ရောက်မှုက အရမ်းကို ကြီးပါတယ်။ သတင်း လွတ်လပ်ခွင့်ကို အရမ်း အရမ်းကို ဖိနှိပ် ချုပ်ခြယ်တဲ့ ကန့်သတ်မှု ဖြစ်တယ်လို့ ကျွန်မတို့ မြင်တယ်။ ဆက်လက် ဖြစ်ပေါ်လာမယ့် မီဒီယာ လွတ်လပ်ခွင့် အပေါ် တင်းကျပ်မှု အခြေအနေ တွေကို ကျွန်မတို့လည်း အနီးကပ် ဆက်လက် စောင့်ကြည့် နေပါတယ်"ဟု သူမက ဆိုသည်။

ထိုင်းနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပြန်ရှိလာစေရန်ဟု ဆိုကာ စစ်တပ်က အာဏာသိမ်းကြောင်း ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က မေလ ၂၂ရက် ညနေက ထိုင်းရုပ်သံသတင်းဌာနများမှ ကြေညာခဲ့သည်။

Army Club တွင် ကျင်းပခဲ့သော ခုနစ်ပွင့်ဆိုင် အစည်းအဝေး မအောင်မမြင် ဖြစ်သွားခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယွတ်၊ ရဲတပ်ဖွဲ့အကြီးအကဲ နှင့် အခြား စစ်တပ် အကြီးအကဲများသည် အာဏာသိမ်းကြောင်း ကြေညာရန်အတွက် ရုပ်သံသတင်းဌာန ဆီသို့ သွားရောက်ခဲ့ကြသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် The Nation သတင်းဌာနက ဖော်ပြထားသည်။

မွန်းလွဲ ၄ နာရီ ၁၀ မိနစ်တွင် ဆွေးနွေးပြောဆိုမှုများ မအောင်မမြင် ဖြစ်သွားခဲ့ပြီးနောက်၊ ဗိုလ်ချုပ်ကြီး ပရာယွတ်က အစည်းအဝေး ဖျက်သိမ်းကြောင်း အမိန့်ထုတ်ခဲ့ကာ၊ အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များကို ဗင်ကား ၁၀ စီးကျော်ဖြင့် Army Club အနီးရှိ ပထမခြေလျင်တပ်ရင်းဌာန (FIR) သို့ ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းများက ဆိုကြသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ဦးဆောင်စေ့စပ်ညှိနှိုင်းမှုဖြင့် ကျင်းပခဲ့သော အစည်းအဝေးတွင် ရှပ်နီဝတ်အဖွဲ့၊ ထိုင်းအစိုးရအဖွဲ့၊ Pheu Thai ပါတီ၊ ဒီမိုကရက်၊ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC)၊ အထက်လွှတ်တော် နှင့် ရွေးကောက်ပွဲကော်မရှင်တို့က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု The Nation သတင်းဌာနက ဆိုသည်။

အစည်းအဝေး တက်ရောက်ခဲ့သော ကိုယ်စားလှယ်များအနက်၊ အထက်လွှတ်တော် နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့မှ ကိုယ်စားလှယ်များမှလွဲ၍ အခြား ငါးဖွဲ့မှ ကိုယ်စားလှယ်များကို စစ်ဘက်မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းကြေငြာအပြီးတွင် ည ၁၀နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရ အမိန့်ကိုလည်း ကြေငြာခဲ့သေးသည်။

မဇ္ဈိမသတင်းဌာန


ထိုင်းတွင် စစ်အာဏာသိမ်းကြေငြာအပြီး ညမထွက်ရအမိန့်ပါထုတ်ပြန် ထိုင်းတွင် စစ်အာဏာသိမ်းကြေငြာအပြီး ညမထွက်ရအမိန့်ပါထုတ်ပြန် Reviewed by သစ်ထူးလွင် on 20:13 Rating: 5
Powered by Blogger.